Breaking News

ဇော်ဝင်းလွင် ( ၂၁၂) - မနူးမနပ် တော်လှန်ရေးသမားဘ၀ တပိုင်းတစ -၁-၂

မနူးမနပ် တော်လှန်ရေးသမားဘ၀ တပိုင်းတစ်စ -၁-၂
"အဘတို့တော့ဝပြီ"
ဇော်ဝင်းလွင် ( ၂၁၂)
(မိုးမခ) ဧပြီ ၃၀၊ ၂၀၂၀

၁၉၉၁ ပတ်ဝန်းကျင် KNU တပ်မဟာ ၃ ဒေသ ကျောက်ကြီးဂွင်ဖက်ကို ABSDF တပ်ရင်း ၂၁၂ က တပ်ခွဲတခွဲနဲ့ ရှေ့တန်းဆင်းကြပါတယ်၊၊ တပ်ခွဲမှူးက ကိုငြိမ်း ( မောင်ငြိမ်းလူ- ဟယ်လပင်) ဖြစ်ပြီး ကျနော်က တပ်စုမှူးအဖြစ်လိုက်ပါရပါတယ်။ အဲဒီအချိန်က KNU ကဧရာဝတီတိုင်းအတွင်း ထော်ပိုင်စစ်ဆင်ရေးအတွက် KNU ABSDF DPNS တို့ပူးပေါင်းပြီး ပြည်တွင်းအလုပ်အဖွဲ့တွေဖွဲ့ပြီးလုပ်ဆောင်နေချိန်ပါ။ ကျနော်တို့တပ်စုက တာပလူဈေးကွက်အပေါ်တောင်ကုန်းပေါ်မှာ KNLA ခွဲ ၁ က တပ်စုတစုနဲ့အတူ စခန်းထိုင်ပြီး အောက်ဘက်မှာ ကို‌ဌေးအောင်ဦးဆောင်တဲ့ ABSDF/DPNS အလုပ်အဖွဲ့ကနေပါတယ်။

ကျနော်တို့တပ်တွေ( KNUနဲ့ ABSDF)က သူတို့အလုပ်အဖွဲ့ တွေကိုအကာအကွယ်ပေးထားရပြီး နယ်မြေရှင်းလင်းရေးနဲ့ ရွာတွေကိုလှည့်လည် စည်းရုံးရေးလုပ်ကြပါတယ်။

ဒီလိုနဲ့ တနေ့တော့ ဖိုးခင်အင်းကြီးနားကရွာတရွာကို KNLA တပ်မဟာ၃ ရင်း၉ ခွဲ ၁ က ဒုခွဲမှူးနဲ့ကျနော်တို့တပ်စုရောက်ရှိပြီး ရွာအပြင်အင်းကြီးအနားတောစပ်မှာ စခန်း ချကြပါတယ်။

ထုံးစံအတိုင်းရွာလူကြီး တွေ ကင်းထောက်တွေကလာရောက်တွေ့ဆုံပြီး စကားပြောကြပါတယ်။ အဲဒီကာလက ၈၈ အရေး တော်ပုံကြီးကလည်း မကြာသေး ၁၉၉၀ မှာ NLD ကရွေးကောက်ပွဲမှာ နိုင်ထား တော့ လူထုက အလွန်တက်ကြွနေချိန်လို့ဆိုရမှာပေါ့။ ရွာတွေမှာကလည်း အစိုးရခန့်ကျောင်းဆရာ/မ တွေရှိပါတယ်။ ရွာလူကြီးက ရွာမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအကြောင်း တော်လှန်ရေးအကြောင်း ဟောပြောပေးဖို့ပြောလာပါတယ်။ KNU ဒုခွဲမှူးက သူဗမာစကားကိုလယ်လယ်ဝယ်ဝယ် မပြောတတ်တဲ့အတွက် ကျနော့်ကိုဟောပြောဖို့ အဆိုပြုပါတယ်။ ဒါနဲ့ပဲ စကားပြောဖို့ဖြစ်လာပါတော့တယ်။

နောက်နေ့ကျတော့ ရွာလူကြီးစီစဉ်ပေးတဲ့နေရာမှာ သူတို့ဖိတ်ထားပေးတဲ့ရွာသူ ရွာ သားတွေ ကျောင်းဆရာ/မတွေကို စကား ပြောရပါတော့တယ်။

ထုံးစံအတိုင်း ဒီမိုကရေစီ လူ့အခွင့်အရေး အကြောင်း၊ မဆလတပါတီစနစ် စစ်အာ ဏာရှင်စနစ်အကြောင်းတွေကို အာဘောင်အာရင်းသန်သန်နဲ့ ပြောရပါတော့တယ်။ ပွဲပြီးခါနီးမှာ သတိထားမိတာတခုက ရှေ့ဆုံးနားမှာ အသက် ၅၀ ကျော်အဘိုးကြီးတယောက်ကို တဘက်ကြီးပခုံးပေါ်မှာတင် ကွမ်းတွေ တပျစ်ပျစ်ထွေးပြီး ခေါင်းတညိတ်ညိတ်နဲ့ အင်းကောင်းတယ် ကောင်းတယ်" တချက်တချက်ပြောပြီး တခါတရံ " အဘတို့တော့ဝပြီ" ဆိုတာလည်း တခါတရံပြောသံကြားမိပါတယ်။

ကျနော်လည်း ပွဲပြီးတော့ သူ့ကိုစိတ်ဝင်စားလို့ သွား ရောက်နှုတ်ဆက်ပြီး စကားပြောပါတယ်။ လူတွေကများတော့သေသေချာချာစကားပြောခွင့်မရဘူးပေါ့။ သူကလဲ အများကြီးမပြောဘဲ "တူမောင်တို့လုပ်တာကောင်းတယ် ကောင်းတယ် အဘတို့တော့ ဝပြီတဲ့" ဆိုတဲ့စကားကိုပဲပြောပြီး ထွက်ခွာသွားပါတယ်။

အဲ့ဒီ " အဘတို့တော့ ဝပြီ" ဆိုတဲ့စကားက ကျနော့်နားထဲစွဲနေပါတယ်။ ဒါနဲ့ ရွာလူကြီးကို နောက်မှအေးအးဆေးဆေး သူ့အကြောင်းမေးကြည့်တော့ သူဟာအရင်က အလံနီကွန်မြူနစ်ပါတီဝင် လက်နက်ကိုင်တော်လှန်ရေးသမားဘဝမှာ တပ်စုမှူးတဦးဖြစ်ပြီး သူတို့အဖွဲ့တွေလက်နက်ချချိန်မှ ာမြို့ကိုပြန်မလိုက်သွားပဲ ရွာမှာပဲဇာတ်မြုပ် ကျန်နေသူတဉီးဖြစ်ကြောင်းသိရပါတော့တယ်။ ကိုယ်လည်း တော်တော်မှတ်သွားပါတယ်။

အကြောင်းလေးတွေ တိုက်ဆိုင်တိုင်း အဲ့ဒီ " အဘတို့တော့ ဝပြီ" ဆိုတဲ့စကားလေးနဲ့ဦးကြီးကို ပြန်ပြန်ကြား/ မြင်ယောင်မိနေပါကြောင်း။
....
"ဒီအပူတွေ ဒီအပူတွေ ဒီအပူတွေထွက်သွားမှကောင်းသွားမှာ"
(မနူးမနပ် တော်လှန်ရေးသမားဘဝတပိုင်းတစ်စ- ၂)
မနေ့ကရေးတဲ့ KNU တပ်မဟာ ၃ ရင်း၉ ခွဲ ၁ ကုန်းပေါ်နေစဉ်တုန်းကာလ ပြုံးစရာလေးတခုမှတ်မိလာလို့။ အဲဒီအချိန်က ကျနော်တို့တော်လှန်ရေးတပ်တွေမှာ ရှာလို့ဖွေလို့ရတဲ့ငွေကို စစ်ပစ်စည်းဖြစ်တဲ့ ယူနီဖောင်း စစ်ဖိနပ် အီကွေးမန့် စတာတွေသာ အဓိကထားဝ◌ယ်ရလို့ စားစရာအတွက်ငွေကို ခြိုးခြံချွေတာသုံးကြရပါတယ်။ ရဲဘော်(ခေါင်းဆောင်) တဦးကို ရိကာငွေ တလစာ ထိုင်းဘတ်ငွေ ၅၀ ပဲရပါတယ်။ ဆန်နဲ့ ငါးပိကတော့ ရှေ့တန်းဆင်းရင် မဟာမိတ်တွေကထောက်ပံ့ပြီး ရိက္ခာငွေထဲက ဆီ ဟင်းချိုမှုန့် စတာတွေလည်း ၀ယ်ကြရပါတယ်။ ဒါကြောင့် အသားက တော့ စစ်ဆင်ရေးရှိတဲ့အခါ မဟာမိတ်က တွေကြင်နာတဲ့အခါရယ်၊ ရွာတွေရောက်လို့ အလှူနဲ့ကြုံတဲ့အခါရယ်၊ တခါတလေ ခရစ်ယာန် ချတ်ကျောင်းရှိတဲ့ရွာတွေမှာ တနင်္ဂနွေနေ့ ဘုရားဝင်ရှိခိုးပြီး ထမင်း‌ကျွေးတဲ့အခါ ဝင်ကြိတ်ကြတာမျိုးပါ။ ကြိုက်မရှက် ငိုက်မရှက် ငတ်မရှက်ဆိုတာ အဲ့ဒီတော့မှ ကောင်းကောင်းနားလည်သွားပါတယ်။ ပုံမှန်ကတော့ ညာအူးထိနဲ့ မျှစ်ပေါ့။ အဲဒီခွဲ ၁ ကုန်းမှာနေနေရတုန်းဆိုဟင်းသီးဟင်းရွက်ကလည်းရှားတော့ တောင်ကုန်းတဝိုက်မှာရှိတဲ့ ကင်မလင်းပင်နဲ့ မျှစ်ပါ မျိူးတုန်းမတတ် ဖြစ်သွားပါတယ်။

တောတွေထဲမှာလည်း ကိုယ်ထောင်သူထောင် မိုင်းအကြွင်းအကျန်တွေရှိတတ်လို့ တောလည် ရတာလည်း ခပ်ကြောက်ကြောက်နဲ့ပါ။တခါတလေ မိုင်းထောင်တဲ့သူတိုက်ပွဲကျပြီး မြေပုံမကျန်တော့ ပစ်ရှင်းရှင်းပေမဲ့ အကျန်တွေ ရှိတတ်ပါတယ်။ ဒါကြောင့် ပုံမှန်အစားအစာကတော့မှန်ရောင်ဟင်းချိုနဲ့ ညာအူးထိ (သိုမဟုတ်) သံယောဇဉ်ဟင်းချိုနဲ့ ညာအူးထိပေါ့။

မှန်ရောင်ဟင်းချိုဆိုတာက အိုးကြီးကြီးတလုံးထဲမှာ စုလို့ရသမျှ ပဲလေးလက်တဆုပ်ကို ပစ်ထည့်၊ ဆားလေး အချိုမှုန့်လေးခတ်လိုက်ပေါ့။ ဟင်းချိုက မှန်လို ကြည်လင်နေပြီး ကိုယ့်မျက်နှာကိုယ်ပြန်မြင်နေရလို့ ရဲဘော်တွေက မှန်ရောင်ဟင်းချိုလို့ အမည်ပေးထားတာပါ။ သံယောဇဉ်ဟင်းချိုဆိုတာကတော့ ငှက်ပျောအူကိုအတုံး တုံးလေးတွေတုံးရင် အမျှင်တွေကမပြတ်ပဲ တွဲလောင်းလေးတွေဖြစ်နေလို့ပါ။

ပြောချင်တာက အစားအစာက အာဟာရမပြည့်၀ ငှက်ဖျားကြမ်းတဲ့တောထဲမှာ စခန်းချနေကြရတာဆိုတော့ ခဏခဏ ငှက်ဖျားထိကြပါတယ်။ အထူးသဖြင့် ကိုယ်ခံအားနည်းတဲ့သူတွေ အခံရဆုံးပေါ့။

ကျနော့်တပ်စုမှာ ကိုမြတ်သူ ( ABSDF နေဝန်းနီနီတေးသံရှင်) ပါလာပါတယ်။ သူက ခဏခဏ ဖျားတတ်ပါတယ်။ တခါတော့ သူအပြင်းအထန် ငှက်ဖျားဖျားပါတယ်။ ဒါကြောင့် သူ့ကိုတောင်အောက်က ကို‌ဌေးအောင်တို့နေတဲ့စခန်းကို ပို့ထားလိုက်ရပါတယ်။ ကျနော်တို့နေရာက ရန်သူတက်လာရင် ထိပ်တိုက်တိုးမဲ့နေရာဆိုတော့ သူအတွက် အန္တရာယ်ရှိလို့ပါ။ ဒါကြောင့် ကျနော်တို့တပ်က ဆေးမှူးကိုထွန်းကြိုင် (ခ) မွှေးကြိုင် က တနေ့တခေါက် သွားကြည့် ပြုစုပေးပါတယ်။ ပြောခဲ့တဲ့အတိုင်း အဖျားကလည်းပြင်း အဟာရကလည်းချို့တဲ့တော့ တပတ်လောက်ကြာတော့ သူတော်တော်လေး ပျော့နေပါပြီ။ လေသံလေးယဲ့ယဲ့နဲ့ပဲ စကားပြောနိုင်ပါတော့တယ်။

ဒီမှာပဲ ဇာတ်လမ်းကစတာပါ။

တရက် ဆေးမှူး ကိုထွန်းခင်က သူကိုက်ခဲနေတယ်ဆိုလို့ နှိပ်ပေးပါတယ်။ ခဏကြာတော့ လူနာကပြောပါတယ်။ သူ့အောက်ပိုင်းက အရမ်းပူနေတယ်လို့ပြောပါတယ်။ ကိုထွန်းခင်က ခင်ဗျား ဒီအပူတွေကြောင့်ခံနေရတာ ဒီအပူထွက်သွားမှ ကောင်းသွားလိမ့်မယ်ဆိုပြီး ဆက်နှိပ်နေပါတယ်။ ခဏလေးနေတာ့ လူနာကထပ်ပြောပြန်တယ် အရမ်းပူတယ်တဲ့။ ကိုထွန်းခင်က ထပ်ပြောပြန်တယ်။ "ဒီအပူတွေကြောင့်ခံနေရတာ" ဆိုပြီး ဆက်နှိပ်နေပါတယ်။ နောက်ဆုံးလူနာက မခံနိုင်တဲ့အဆုံး ကုန်းထတော့မှ အဖြေတွေ့ပါတယ်။ ဘာလဲဆိုတော့ တောထဲမှာအရမ်းအေးတော့ စောင်ခြုံလို့မနိုင်ပါ၊ ကိုယ်အိပ်တဲ့တဲအောက်မှာ သစ်လုံးကြီးကြီးတခုကိုမီးဖိုထားကြလေ့ရှိပါတယ်။ လူနာရဲ့စောင်တဖက်စွန်းက မီးဖိုထဲကျကြ မီးစွဲပြီးဘောင်းဘီအနားလောင်ခါနီးဖြစ်နေတာပါ။ အဲဒီတော့မှ အားလုံး ဝိုင်းပြီး မီးငြှိမ်းလိုက်ရပါတော့တယ်။

ဒါ ကြောင့် ကျနော်တို့ကြားမှာ တခါတခါ‌ အခြေအနေတိုက်ဆိုင်ရင် " ဒီအပူတွေ ဒီအပူတွေ ဒီအပူတွေထွက်သွားမှကောင်းသွားမှာလို့ "ပြောဆိုနောက်ပြောင်ကြပါတယ်။

(ရဘမြတ်သူနဲ့ ကိုမွှေးကြိုင်ကို ချစ်ခင်စိတ် သတိရစိတ်နဲ့ရေးပါတယ်။ ရဲဘော်မွှေးကြိုင်က အဲဒီနေရာကနေ အလယ်ပိုင်းလိုက်သွားပြီး ရန်သူအဖမ်းခံထိပါတယ်။ ရန်သူကနှိပ်စက်ညှဉ်းပန်းပေမဲ့ ဘယ်သူ့နံမည်ကိုမှ ထုတ်ဖော်မပြောတဲ့အတွက် ရန်သူက ရက်ရက်စက်စက်ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်လိုက်ပြီး သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့ပါတယ်။ အလယ်ပိုင်းမှာ သူရဲကောင်း ထွန်းကြိုင်/မွှေးကြိုင် ဆို အားလုံးသိကြပါတယ်။
(ဓာတ်ပုံက ရောက်ခါစ)

*(ညာအူထိ= ငါးပိရည်)

ဇော်ဝင်းလွင် ( ၂၁၂)
* -စာရေးသူ၏ ခွင့်ပြုချက်အရ ဖော်ပြပါသည်။ 

မိုးမခ