Breaking News

လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၁၂




လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၁၂

(မိုုုုုုးမခ) ဧပြီ ၅၊ ၂၀၂၀

တရုတ်ကပေးနေတဲ့ နိုင်ငံတကာအကူအညီများ

မတ်လ (၃၁) ရက်နေ့ တရုတ်နိုင်ငံခြားရေးဌာနရဲ့ နေ့စဉ်သတင်းစာရှင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက တရုတ်ပြည်အနေနဲ့ နိုင်ငံပေါင်း (၁၂၀) နဲ့ နိုင်ငံတကာအဖွဲ့အစည်းပေါင်း (၄) ခု အတွက် ကိုဗစ်၁၉ ရောဂါတိုက်ဖျက်ရေး အကူအညီတွေ အတတ်နိုင်ဆုံး ပေးနေပါ တယ််လို့ ပြောသွားပါတယ်။
အကူအညီလို့ဆိုရာမှာ ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာကိရိယာများ (နှာခေါင်းစည်းများ၊ ကာကွယ်ရေးဝတ်စုံများ၊ မျက်မှန်များ၊ ရောဂါရှာဖွေရေးစက်များ၊ diagnostic kitsစသဖြင့်) စတာတွေကို လှုဒါန်းပေးတာတချို့ ၊ရောင်းချပေးတာတချို့ လုပ်ပေးခဲ့တယ် တဲ့။ ဒါ့အပြင် တချို့နိုင်ငံတွေရဲ့ မေတ္တာရပ်ခံချက်နဲ့ ဆေးဝန်ထမ်းအဖွဲ့များ စေလွှတ်ပေးတာတွေလည်း ရှိတယ်။ တရုတ်ပညာရှင်များကလည်း
မိမိတို့ရဲ့အတွေ့အကြုံများကို တခြားနိုင်ငံက ပညာရှင်များထံ မျှဝေပေးတာ၊ နှီးနှောဖလှယ်တာတွေလည်းလုပ်ဆောင်နေပါတယ် တဲ့။
ဒါ့အပြင် တရုတ်ပြည်အနေနဲ့ ဒီရောဂါကို ဖုံးကွယ်ထားခြင်းမရှိဘဲ ဇန်နဝါရီ(၃)ရက်နေ့ ကတည်းကစပြီး နိုင်ငံတကာကိုရော အမေရိကန်ကိုပါ အကြောင်းကြားပေးခဲ့ တယ်လို့လည်း ပြောသွားပါတယ်။
ဟုတ်ပါတယ်။ တရုတ်ပြည်အနေနဲ့ ဒီကပ်ရောဂါပေါ်လာကတည်းက (ဒီဇင်ဘာ ၃၁ ရက် ၂၀၁၉) ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနဲ့ ဆက်သွယ်ပြီး ပွင့်လင်းမြင်သာစွာ လုပ်ငန်းများကို လုပ်ဆောင်ခဲ့တာပါ။ ဝူဟန့်မှာ အမျိုးအမည်မသိတဲ့ ရောဂါပိုးတမျိုးကြောင့် အဆုပ်ရောင်ရောဂါ ဖြစ်ပေါ်လာနေတယ် ဆိုတာအကြောင်းကြားခဲ့ပါတယ်။ တရုတ်အနေနဲ့ နေ့စဉ်ပုံမှန် ကမ္ဘာကျန်းမာရေးအဖွဲ့ကို ရောဂါအခြေအနေနဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ဆက်သွယ်ပြောကြားနေခဲ့တာပါ။

ဇန်နဝါရီ(၁၀)ရက်နေ့မှာ အဲဒီရောဂါပိုးရဲ့ မျိုးဗီဇ genome sequenceကို တရုတ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါ တကမ္ဘာလုံးကို မျှဝေပေးလိုက်ပါတယ်။
ဒီလုပ်ရပ်ဟာ အစဉ်အလာမရှိတဲ့ လုပ်ရပ်ပါ။ အလွန်အန္တရာယ်လည်း ကြီးပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အများကြီးနစ်နာခဲ့ဖူးကြပါတယ်။ မိမိတို့ရဲ့သုတေသနလုပ်ငန်းတွေက ရရှိချက်တွေကိုဖော်ထုတ်ပြောကြားလိုက်တဲ့အခါ ဘက်ပေါင်းစုံမှာ မိမိတို့ထက် အဆပေါင်းများစွာသာလွန်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံများက အဆင်သင့်ဆေးဝါးတွေ၊ ကာကွယ်ဆေးတွေထုတ်လုပ်လိုက်ပြီး မူပိုင်အဖြစ် (patented) မှတ်ပုံတင်လိုက်တဲ့အခါ ဈေးကြီးပေးပြန်ဝယ်ရတဲ့ အဖြစ်တွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်တွေ စဉ်းစားတာက ဒီလိုပါ။ ဒီရောဂါကို ရင်ဆိုင်ဖို့ ကမ္ဘာကြီးတခုလုံးက ပူးပေါင်းလုပ်ဆောင်မှ ဖြစ်နိုင်မယ် ဆိုတာပါပဲ။ သူတို့ တွက်ချက်မှု မှန်ပါတယ်။ တကမ္ဘာလုံးက ပညာရှင်များ သုတေသီများအားလုံးရဲ့ ဝိုင်းဝန်းကျေးဇူးတင်ခြင်းကို ခံလိုက်ရပြီး ဒီရောဂါတိုက်ဖျက်ရေးအတွက် ပူးပေါင်းသုတေသနလုပ်ရေးဆိုတဲ့ တောင်းဆိုသံတွေ ထွက်လာခဲ့ပါတယ်။ နိုင်ငံရေးအရ တရုတ်က မြတ်လိုက်တယ်လို့ ဆိုနိုင်ပါတယ်။
အာရှက ဆိုရင် ဂျပန်၊ တောင်ကိုးရီးယား စင်ကာပူနိုင်ငံတွေက ဒီမျိုးရိုးဗီဇကို ရတာနဲ့ ဒီဗိုင်းရပ်ကို နည်းပေါင်းစုံနဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာပြီး အချိန်တိုတွင်း ရောဂါပိုးရှာဖွေရေးနည်းလမ်းအမျိုးမျိုးကို ရှာဖွေထုတ်ဖော်လိုက်နိုင်တာကြောင့် သူတို့နိုင်ငံမှာ ဒီကပ်ဘေးဖြစ်လာတဲ့အခါ အချိန်မီထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်နိုင်ခဲ့ကြပါတယ်။
ဒါ့ကြောင့် တရုတ်ရဲ့ data-sharing ဒီလိုမျှဝေမှုဟာ ကမ္ဘာကြီးအတွက် အလွန်ကြီးမားတဲ့ ကောင်းမှုပြုချက် လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက ချီးကျူးခဲ့တာပါ။
ဒါ့အပြင် တရုတ်ဆေးပညာရှင်တွေ အစောကြီးထုတ်ဝေလိုက်တဲ့ ကိုရိုနာဗိုင်းရပ်ပိုးအသစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အဆုပ်ရောင်ရောဂါ ကာကွယ်ရေး လူထုနည်းလမ်းများ ဆိုတဲ့ လမ်းညွှန်စာအုပ်ကိုလည်းနိုင်ငံခြားဘာသာ (၆) မျိုး အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား၊ ဂျာမန်၊ ဂျပန်၊ ကိုးရီးယား ပြန်ဆို ထုတ်ဝေခဲ့ပါတယ်။ ဗမာပြည်မှာလည်း ဒီလိုလက်စွဲစာအုပ် (ဗမာဘာသာပြန်) လေးကို ကိုဗစ်၁၉ ရောဂါတိုက်ဖျက်ရေး တက်ကြွသူ ပြည်သူများက သူတို့တတ်နိုင်သလောက် ကူးယူဖြန့်ချိပေးနေကြောင်းလည်း ကြားသိရပါတယ်။
ဒါ့အပြင် ဟူပေပြည်နယ်မှာရှိတဲ့ နီုင်ငံခြားသားများအတွက် ၂၄နာရီ တယ်လီဖုန်းလိုင်းလည်း ဖွင့်ပေးထားပြီး၊ အဲဒီနီုင်ငံခြားသားတွေ ပြန်ပို့ရေးကိစ္စများမှာလည်း အစွမ်းကုန် အကူအညီပေးခဲ့ပါတယ်။
ဒါတွေကတော့ တရုတ်ပြည်မှာ ကပ်ရောဂါ စတင်ခါစ အချိန်က လုပ်ငန်းများပါ။
မတ်လဆန်းကစပြီး တရုတ်ပြည်မှ ာရောဂါအရှိန်ကျသွားပေမယ့် ကမ္ဘာတဝန်း ကပ်ရောဂါ ပျံ့နှံ့သွားချိန်မှာတော့ တရုတ်က သူကျေးဇူးပြန်ဆပ်ရမယ့်အချိန် လို့ဆိုလာပြီး လိုအပ်တဲ့နိုင်ငံများကို သူတတ်နိုင်သမျှ ကူညီပါတော့တယ်။ Reciprocate ။ အတုံ့အလှည့်ပါ တဲ့။

ဒါ့အပြင် ဒီလို သူများနိုင်ငံတွေရဲ့ ရောဂါတိုက်ဖျက်ရေးတွေကို တာဝန်တခုအနေနဲ့ ကူညီတာဟာ တရုတ်နိုင်ငံမှာ အခုပူပန်နေရတဲ့ ဒုတိယအကျော့ပြန်ပေါ်လာမယ့်ဘေးကိုလည်း တားဆီးနိုင်ပါလိမ့်မယ် လို့ ဆိုပါတယ်။ အခုအခါ တရုတ်ပြည်ကိုပြန်လာကြတဲ့ နိုင်ငံခြားပညာသင်များ ခရီးသွားများ ကတဆင့် ရောဂါသည်တွေ တွေ့လာရလို့ imported case များလာလို့ စိုးရိမ်နေရတာပါ။ အထူးသဖြင့် လက္ခဏာမပြတဲ့ ရောဂါပိုးသည်ဆောင်သူများ (asymtomatic carrier) အန္တရာယ်ကလည်း အတော်ကြီးနေပါတယ်။
ဒါ့ကြောင့်ပဲ ရောဂါဖြစ်နေတဲ့ နိုင်ငံတွေကို ဆေးဝါးပစ္စည်းများသာမက ဆေးဝန်ထမ်းတွေပါ ပို့လွှတ်နေပါတယ်။ ကျန်းမာရေးစနစ်အားနည်းတဲ့ နိုင်ငံများ၊ ဒီလိုကပ်ရောဂါ အတွေ့အကြုံမရှိတဲ့ နိုင်ငံများကဆို သိပ်ကျေးဇူးတင်တာပါ။


ပုံ(၁) မှာပါတဲ့အတိုင်း ဆားဗီးယားကတော့သမ္မတကိုယ်တိုင် လေယျာဉ်ကွင်း ဆင်းကြိုရုံမက တရုတ်အလံကိုပါ နမ်းလိုက်ပါသေးတယ်။
ဒီအထဲမှာတရုတ်က အာရှနိုင်ငံအများအပြား (၂၇) နိုင်ငံကိုလည်း ဆေးအဖွဲ့နဲ့ ဆေးပစ္စည်းများပါ ပို့ဆောင်နေပါတယ်။ ( မလေးရှား၊ အင်ဒိုနီရှား၊ လာအို၊ ကမ္ဘောဒီးယား စသဖြင့်) မြန်မာနိုင်ငံကိုလည်း ဆေးအဖွဲ့ဝင် (၁၂) ယောက်ပါ အကူအညီ အမျိုးမျိူး (ဓာတ်ခွဲခန်းပစ္စည်း အပြည့်အစုံအပါ)  ဒီအပတ်အတွင်းပို့မယ် လို့ကြားရပါတယ်။ ယူနန်ပြည်နယ်က စေလွှတ်မှာပါ။ တရုတ်က ပြည်နယ်အလိုက် တာဝန်တွေကို ခွဲဝေပေးထားပါတယ်။ ဥပမာ ပါကစ္စတန်ကိုဆိုရင် စင်ကျန်က တာဝန်ယူရပါတယ်။
ဒါ့အပြင် တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က နိုင်ငံပေါင်း (၁၈၀) နဲ့ နိုင်ငံတကာအဖွဲ့အစည်းပေါင်း (၁၀) ခု ကျော်တို့ ဆက်သွယ်ထားပြီး တရုတ်ဆေးပညာရှင်များရဲ့ နောက်ဆုံးတွေ့ရှိချက်တွေ၊ ကုသနည်းတွေ နည်းပညာအချက်အလက်တွေ၊ အတွေ့အကြုံတွေကို တယ်လီကွန်ဖရင့်များလုပ်ပြီး မျှဝေပေးလျှက်ရှ်ပါတယ်။

မတ်လ (၁၂) ရက်နေ့ကဆိုရင် တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်နဲ့ ကမ္ဘာကျန်းမာရေးအဖွဲ့တို့ ပူပေါင်းပြီး တရုတ်ပညာရှင်တွေရဲ့ တယ်လီကွန်ဖရင့်နဲ့ ဟောပြောချက်ကို နိုင်ငံပေါင်း (၇၇) နိုင်ငံနဲ့ နိုင်ငံတကာအဖွဲ့ (၇) ဖွဲ့ က ပညာရှင်များ တက်ရောက်ခဲ့ကြပါတယ်။ အင်တာနက်ကနေ လူပေါင်််း (၁) သိန်းကျော် တက်ရောက် နားဆင်ခဲ့ကြပါတယ်။
ဒါ့အပြင် ဒီရောဂါကြီးအတွက် ကာကွယ်ဆေး ကုသဆေးတွေအတွက် သုတေသနလုပ်ငန်းများကလည်းကမ္ဘာတဝန်း နိုင်ငံအများအပြား ပူးပေါင်းလုပ်ဆောင်နေတဲ့ သတင်းများကလည်း အားတက်စရာပါ။
နိုင်ငံ လူမျိုး ကျားမ အဖြူအမည်း ခွဲခြားမှုမရှိတဲ့ ဒီကပ်ရောဂါပိုးကို တကမ္ဘာလုံး ညီညာဖျဖျ ပူးပေါင်းတိုက်ဖျက်မှ ဖြစ်နိုင်မှာပါ။
တကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးစနစ်သစ်တရပ် ထွက်ပေါ်လာနိုင်ပါတယ်။
Global Public Health System.
လှကျော်ဇော
၄-၄-၂၀၂၀။
မှတ်ချက်
(၁) ဝူဟန့်ပုံပြင် အမှတ်၁၀ - ပါမောက္ခ ကျုံနန်စံ ဧပြီလ(၁)ရက်နေ့က အီဒင်ဘာရာတက္ကသိုလ်က ချီးမြင့်တဲ့ Being Edinburgh Award ကို ရရှိသွားပါတယ်။ သူဟာ၂၀၀၇ ကလည်း အဲဒီတက္ကသိုလ်ကပေးတဲ့ ဂုဏ်ထူးဆောင်ဆေးပညာ ဒေါက်တာဘွဲ့ကိုလည်း ရရှိခဲ့ဘူးပါတယ်။
(၂) ဝူဟန့်ပုံပြင် အမှတ်၁၁ - ဆောင်းပါးအဆုံးသတ် ရှိတ်စပီးယားရဲ့ ကဗျာကို မြန်မာမှုပြုပေးသူဟာ ကဗျာဆရာ မောင်လှဝင်း(မြင်းခြံ) ဖြစ်ပါတယ်။