Breaking News

အောင်မော်ဦး - “ မုဒိတာစိတ်တို့ဖြင့် ဖိတ်ဖိတ်လက်စေသော ” ကိုဗစ်အပေါ် ပညာရှင်တို့ရဲ့ အမြင်

Credit Photo by Mish Vizesi
မုဒိတာစိတ်တို့ဖြင့် ဖိတ်ဖိတ်လက်စေသော ”  
ကိုဗစ်အပေါ် ပညာရှင်တို့ရဲ့ အမြင်
အောင်မော်ဦး 
(မိုးမခ) ဧပြီ ၁၁၊ ၂၀၂၀

အမေရိကန်ဆေးသိပ္ပံပညာရှင် ဒေါက်တာဖောက်ချီက ဒီ ဧပြီလကစလို့ သြဂုတ်လအထိ အမေရိကန်တွေရဲ့သေနှုန်းကို မူလက ရှစ်သောင်းဝန်းကျင်လို့ခန့်မှန်းထားပေမယ့် ခု အကောင်အထည်ဖော်နေတဲ့  “အိမ်မှာနေခြင်းဖြင့် ကာကွယ်ကြပါစို့“ ဆိုတဲ့ လူထုလှုပ်ရှားမှုကြောင့် ခြောက်သောင်းလောက်ပဲ သေတော့မယ်လို့ ပြောင်းလဲ ခန့်မှန်းလိုက်ပါတယ်။ (ဒီစာကို ရေးနေချိန် ဧပြီလ ၁ဝ ရက်နေ့မှာ အမေရိကန် နှစ်သောင်းကျော် သေနှင့်ပြီးပါပြီ)

သူပြောတဲ့သြဂုတ်လကုန်လို့ စက်တင်ဘာလ ရောက်ပြီဆိုရင် အမေရိကန်ပြည်ထောင်စုမှာ ဆောင်းဦးပေါက်ချိန် Fall (Autumn) ပေါ့။ အဲဒီအချိန်ဟာ အေမရိကားမှာ (Flu Season) လို့ခေါ်တဲ့ တုပ်ကွေးရာသီ စတင်ပါပြီ။ တုပ်ကွေးရဲ့ လက္ခဏာတွေနဲ့ ကိုဗစ်ရဲ့လက္ခဏာတွေဟာ ရော ထွေးယှက်တင်ပြီး
ကျန်းမာရေးလုပ်သားတွေကို ရောဂါသတ်မှတ်ရခက်စေပါလိမ့်မယ်။ လူနာတွေကိုလည်း ဥပါဒါန်ကြောင့် ဥပါဒ်ရောက်စေပါလိမ့်မယ်။ အဲဒီလို ကြုံတွေ့နေကြ ရာသီဖျားတုပ်ကွေးကိုပဲ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေဟာ ခံနိုင်ရေနည်းပါးလို့ နှစ်စဉ်နှစ်တိုင်း သေဆုံးကြရလေ့ရှိတတ်ပါတယ်။

ပညာရှင်တွေ စဉ်းစားတာက အဲဒီအချိန်မှာ ကိုဗစ်ရှိ/မရှိ လူတိုင်း (အမေရိကန်မှာ ၃၂၅ သန်းရှိပါတယ်)ကို စစ်ဆေးပြီးလောက်ပြီလား။ ရှိတဲ့သူတွေထဲက မသေတဲ့သူတွေမှာရော ပိုးပြန်မတွေ့နိုင်တော့ဘူးလား။ ပိုးရှိတဲ့သူတွေက တုပ်ကွေးကြောင့် ထပ်သေနိုင်သေးလား။ ဒီလို သေဦးမယ်ဆိုရင်တော့ ဒါဟာ ဒုတိယအကျော့ သေကြခြင်းပါတဲ့။ ဒီအကျော့မှာ ဘယ်လောက်သေမလဲ မပြောတတ်သေးပါဘူး။

အဲဒီကနေ ဆောင်းတွင်းရောက်တဲ့အခါ (၂ဝ၂ဝ၊ ဒီဇင်ဘာကနေ မတ်၊ ၂ဝ၂၁) တုပ်ကွေးရာသီကလည်း ဆက်ရှိနေဦးမယ်၊ တနွစ်သား ကိုဗစ်ကလည်း ဆက်ဒုက္ခပေးနေဦးမယ်၊ ကာကွယ်ဆေးကလည်း မသေချာလှသေးဘူး ဆိုပါစို့။ ဒါကြောင့် လူတွေထပ်သေကြရဦးမယ်ဆိုရင်တော့ ဒါဟာ တတိယအကျော့ သေကြခြင်းပါတဲ့။ ဒီအကျော့မှာလည်း ဘယ်လောက်သေမယ်လို့ မပြောနိုင်သေးပါဘူး။

ပညာရှင်တွေအနေနဲ့ အပြတ်မရှင်းနိုင်တဲ့ ကိုဗစ်ကို (Flu) တုပ်ကွေးလိုမျိုး ရာသီဖျားအမျိုးအစားတခုအဖြစ် လူတွေနဲ့ယဉ်ပါးအောင် လုပ်ဆောင်ဖို့ ကြိုးစားသွားကြမယ့်ပုံလို့ ယူဆရပါတယ်။ ဒါကြောင့် သူတို့ ခဏခဏပြောလေ့ရှိတာက ကိုဗစ်ဟာ ကြာမယ်၊ မကြာခဏလည်း ပြန်လာလိမ့်ဦးမယ် ဆိုတာပါပဲ။

ဒေါက်တာ ဒီဘိုရာကေတာ့ US has "not reached the peak" of coronavirus infections. ပြောပါတယ်။ ခုထိကေတာ့ သူတို့မျှော်လင့်ထားတဲ့ သေနှုန်းက “အသေတကာ့ အသေဆုံးအချိန်” ကိုမရောက်ရှိသေးပါဘူးတဲ့ဗျား။ ဒါက ကိုဗစ်နဲ့ပတ်သက်တဲ့ ပညာရှင်တွေရဲ့အမြင်ပါ။

- ကိုဗစ်အတွက် အကြံပြုချက်အချို့

ဒီအခြေအနေကိုအခြေခံပြီးတော့ ကျနော့်အနေနဲ့အကြံပြုစရာ(၃)ခု ရှိပါတယ်။ အကြံမပြုခင် ဒီစာပိုဒ်ကလေးနဲ့ စကားပလ္လင် ခံပါရစေ။

ဆိုကြပါစို့။ အဖျားတိုင်းစက်ကလေးနဲ့အဖျားတိုင်းကြည့်ပြီး အဖျားရှိရင် ဟိုမှာထိုင်၊ အဖျားမရှိရင် ဆက်သွားဆိုတဲ့ ကိုဗစ် ထောက်လှမ်းရေးစနစ်ဟာ ဘာလက္ခဏာမှမပြဘဲ ဒီလူ့မှာ ပိုးတွေ့တယ်လို့ဆိုလိုက်တဲ့အခါမှာတော့ မရှုမလှကျဆုံသွားခဲ့ရရှာပါပြီ။

ခရီးသွားရာဇဝင်ရှိလား၊ ဘယ်နိုင်ငံက ပြန်လာတာလဲ၊ စောင့်ကြည့်ရေးစခန်းမှာ (၁၄)ရက်နေပါ စသဖြင့်။... ကိုဗစ်သာလာခဲ့ ဖျားတောင်သွားဦးမယ်ဆိုတဲ့ စီမံကိန်းဟာလည်း ဘယ်မှမသွား၊ ဘယ်သူနဲ့မှ မထိတွေ့ဘူးတဲ့ လူနာနဲ့လည်းတွေ့ရော ရေစုန်မှာမျောရပါရောလားဗျာ။

ဆိုတော့ကာ ခုဟာက ဘယ်သူ့မှာပိုးရှိသလဲဆိုတာ ဘယ်သူ့ဘယ်သူမှ အတတ်မပြောနိုင်ကြတဲ့ သမက်မှန်းမသိ၊ သူခိုးမှန်းမသိတဲ့ အခြေအနေကြီးပါ။ ဒီလိုအခြေအနေအောက်မှာ ပိုးမရှိအောင် ကာကွယ်မယ်ဆိုတာတောင် နောက်ကျနေပြီလား ဆိုရမတတ်ပါ။ ဒါကြောင့် အဖြစ်သင့်ဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ငါ့မှာ ပိုးရှိတယ်လို့ခံယူပြီး သူတပါးကို မကူးအောင် ကာကွယ်ပေးကြဖို့ပါပဲ။

ဒါကြောင့် ပိုးရှိတဲ့ခင်ဗျားက လူတောထဲမသွားဘူးဗျာ၊ နှာချေချောင်းဆိုးရင် အဝတ်နဲ့ ပိတ်ဆိုးမယ်ဗျာ။
နှာခေါင်းစည်းတပ်ထားပေးမယ်ဗျာ။ တံတွေး၊ သလိပ် ပစ္စလက္ခတ်နဲ့ မထွေးဘူးဗျာ။ တခုခုကို မကိုင်မီနဲ့ကိုင်ပြီးတဲ့အခါ လက်ကို ဆပ်ပြာနဲ့ သေချာဆေးမယ်ဗျာ။ တတ်နိုင်ရင် ဆေးရုံသုံးလက်အိတ်ကလေးတွေဝတ်ပြီး ကိုင်တွယ်ထိတွေ့မယ်ဗျာ။ ခင်ဗျားအဝတ်အစား၊ အသုံးအဆောင် စသဖြင့်ကို သီးသန့်ထားပြီး ဆေးကြောလျှော်ဖွပ်မယ်ဗျာ။

ဆိုတော့ကာ ခင်ဗျားဆီကတဆင့် သူများကို မကူးနိုင်တော့ဘူးပေါ့ဗျာ။ ခင်ဗျားလိုမျိုး ခင်ဗျားနဲ့ တအိမ်တည်းနေတဲ့ အိမ်သူအိမ်သားတယောက်၊ ခင်ဗျားရဲ့ အိမ်နီးချင်းတယောက် စသဖြင့် လုပ်ကြကိုင်ကြမယ်ဆိုရင် ခင်ဗျားတို့အချင်းချင်း တစ်ယောက်ကနေ တစ်ယောက်ကို မကူးစက်ကြမှာတော့ သေချာသလောက်ရှိပြီဗျ။ ဒီနည်းလမ်းလေးကိုအခြေခံပြီးတော့ ကျနော်တို့ပြည်နယ်ရဲ့ ဂါဗာနာ တင်မ်ဝါဇ့်က ပြောပါတယ်။ “ လောလောဆယ်တော့ ကျနော်တို့အဖို့ရာ ကိုယ့်အိမ်မှာ ကိုယ်နေခြင်းဆိုတဲ့ ကာကွယ်ဆေးတမျိုးပဲ ရှိပါသေးတယ်”တဲ့ဗျား။

(၁) ပရဟိတရဲဘော်များသို့ အကြံပြုချက်

မြန်မာပြည်မှာတော့ ကျနော်တို့မြင်တွေ့နေရတာတွေက အတော်လေးလွဲနေတာကို တွေ့နေရပါတယ်။ ကျန်းမာရေးပညာရှင်တွေက လူစုလူဝေးမလုပ်ဖို့၊ လက်ဆေးဖို့၊ နှာခေါင်းစည်းတွေတပ်ဖို့၊ ကိုယ့်အိမ်မှာကိုယ်နေဖို့ မနားတမ်းပြောနေကြပါတယ်။ (အစိုးရအမတ်မင်းတွေကိုယ်တိုင် နားမထောင်ကြတဲ့ကိစ္စကို အများသိပြီးဖြစ်လို့ ကျော်သွားပါ့မယ်)

ဒါပေမယ့် နားထောင်ဖို့မဖြစ်နိုင်တဲ့သူတွေကတော့ လက်လုပ်လက်စား နေ့စားအလုပ်သမားတွေပါ။ တချို့ဆိုရင် အလုပ်ရှင်က လုပ်ခရှင်းမပေးလို့ တောင်းဆိုနေကြရတုန်းပါ။ ဒီအခြေအနေကို ပြေလည်ဖို့က အလုပ်ရှင်က ရှင်းပေးဖို့ပါ။ ဒါမှမဟုတ် သမဂ္ဂတွေလုပ်ပိုင်ခွင့်မရှိတဲ့တိုင်းပြည်မှာ အစိုးရက ရှင်းပေးရပါမယ်။ ရည်ရွယ်ချက်က ဒီလူအုပ်ကြီးကို လုပ်ခပိုက်ပြီး အိမ်ဆိုတဲ့ လုံခြုံရာဆီ ခုချက်ချင်းပြန်နိုင်အောင် ကူညီပေးဖို့ပါ။ လူတွေကို အိမ်ထဲနေဖို့ပြောပေမယ့် လူတွေအိမ်မှာနေနိုင်အောင် အစိုးရက စီမံပေးရမှာပါ။ အခွန်ထမ်းပြည်သူတွေအတွက် လူမှုဖူလုံရေးအထောက်အပံ့တွေ ပံ့ပိုးပေးရမှာပါ။ အစိုးရရဲ့ တကဲ့အလုပ္က စနစ္က်နတဲ့ “အရေးပေါ်ကာလ စီမံခန့်ခွဲမှု” ပါ။ မားမားထုပ်လိုက်ဝေဖို့မဟုတ်ပါ။
ကျနော်တကယ်အကြံပြုချင်တာက ပရဟိတသမားတွေကိုပါ။ ဒီအလုပ်ကိုလုပ်ကြဖို့ ပထမဆုံး သူတို့ဘာသာသူတို့ အရင်စဉ်းစားကြမယ်၊ ပြီးတော့ သူတို့နဲ့ရင်းနှီးတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ကြမယ်၊ ပြီးတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့တိုင်ပင်ကြမယ်၊ အကြံဉာဏ်တွေယူကြမယ်.. စသဖြင့် အဲဒီလို လုပ်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒါ့အပြင် ဒီခရီးစဉ်ကနေ ကိုယ့်ကိုယ်လည်း ပိုးကူးခံရနိုင်သလို၊ အကူးမခံရရင်တောင်မှ ပိုးရှိသူနဲ့ထိတေ့ွခဲ့လို့ ကိုယ့်အိမ်ကိုယ်မပြန်ရဘဲ Quarantine လုပ်ရနိုင်တယ်ဆိုတာကို အသေအချာစဉ်းစားပြီးမှ ငါတို့လုပ်ကြမယ်လို့ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ခဲ့ကြမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမယ့် ခု ဒီ အကြံပြုစာက သူတို့ စောစောက လုပ်ထားတဲ့ စဉ်းစားမှု၊ တိုင်ပင်ညှိနှိုင်းမှုတွေကို " ကျေးဇူးပြုပြီး” ထပ်ခါ ပြန်စဉ်းစားတာမျိုး၊ ထပ်ခါ ပြန်တိုင်ပင်တာမျိုး လုပ်စေချင်တာပါ။

ဥပမာဆိုပါစို့။ သီချင်းဆိုပေးကြတဲ့ အဆိုတော်တွေ။ မိုက်တခုကို တစ်ယောက်တလဲဆိုကြမှာပါ။ အဲဒီ မိုက်ထဲကို သီချင်းဆိုလို့မှုတ်ထုတ်လိုက်တဲ့ လေနဲ့အတူ ခံတွင်းကထွက်တဲ့ တံတွေး၊ အရည် ..စသဖြင့် ထိစင် ဝင်ရောက်သွားမှာပါ။ အဲဒါကို နောက်တစ်ယောက်က ထပ်အသုံးပြုပါတယ်။ အဲဒါကို နောက်ထပ်တစ်ယောက်က ထပ်အသုံးပြုပြန်ပါတယ်။ အဲဒီမိုက်ကို လက်အိတ်မပါဘဲ တယောက်ပြီးတယောက်လည်း ကိုင်တွယ်အသုံးပြုကြပြန်ပါတယ်။ ကျေးဇူးပြုပြီး အဲဒါကို ဘယ်လိုလုပ်ရင်အဆင်ပြေမလဲဆိုတာ ထပ်ခါ စဉ်းစားကြစေလိုပါတယ်။

ဥပမာဆိုပါစို့။ ဆန်အပါအဝင် စားနပ်ရိက္ခာအိတ်တွေကို ထမ်းပိုးသယ်ဆောင်ပြီးတော့ လိုအပ်နေသူတွေလက်ထဲ ကိုယ်တိုင်လိုက်ထည့်ပေးကြတဲ့ မြင်ကွင်းပါ။ ဧပြီလရဲ့ပူပြင်းမှုအောက်မှာ နေကပူ၊ ဖုန်ကထူ၊ ချွေးကထွက်နဲ့ အိတ်ကြီးအိတ်ငယ်ကို သူတလှည့်၊ ငါတပြန် ထမ်းပိုးသယ်ဆောင်ကြတဲ့အခါ အရေပြား အရေပြားချင်း မထိတာကလွဲရင် သူ့ဆီကချွေး ကိုယ့်ပေ၊ ကိုယ့်ဆီကချွေး သူ့စွန်းနဲ့ သူသူကိုယ်ကိုယ် စွန်းကြ ပေကြမှာပါပဲ။
ကျေးဇူးပြုပြီး အဲဒါကို ဘယ်လိုလုပ်ရင် အဆင်ပြေမလဲဆိုတာ ထပ်ခါ စဉ်းစားကြစေလိုပါတယ်။

(စာကြွင်း။  ။ မိတ်ဆွေတို့ ပရဟိတသမားတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကဗျာကလေးတပုဒ်ကို ဒီစာရဲ့အဆုံးမှာ ဖာ်ပြထားပါတယ်။)

နောက်တခုကတော့ ပစ္စည်းဝေပုံဝေနည်းပါ။
တိုတိုပြောရရင် လူအုပ်ကြီးနဲ့သွားဝေ၊ လူအုပ်ကြီးနဲ့လက်ခံ၊ မှတ်တမ်းဓာတ်ပုံတွေ စုရိုက်ကြနဲ့ စေတနာရှေ့ထားရင်း ဆရာဝန်/ဆရာမတွေစကားကို နားမထောင်ကြသလိုဖြစ်နေတဲ့ မြင်ကွင်းပါ။ ကျေးဇူးပြုပြီး အဲဒါကို ဘယ်လိုလုပ်ရင် ပိုအဆင်ပြေမလဲဆိုတာ ထပ်ခါ စဉ်းစားကြစေလိုပါတယ်။

(၂) ကျန်းမာရေးပညာရှင်များသို့ အကြံပြုချက်

ဒီနေ့ကိုဗစ်နဲ့စစ်ခင်းနေရတဲ့ တိုက်ပွဲမှာ ရောဂါပိုးရှိတဲ့လူနာကို ပြုစုစောင့်ရှောက်ပေးကြရတဲ့
ဆရာဝန်၊ ဆရာမတွေဟာ ကူးစက်ခံရနိုင်ချေအများဆုံး ရှိကြသူတွေပါ။ သူတို့ကို ဆေးစစ်ကြည့်လို့ သူတို့မှာ ရောဂါပိုးတွေ့ပြီဆိုတာနဲ့ သူတို့ဟာ ဆရာဝန်/သူနာပြု အဖြစ်ကနေ လူနာဘဝကို ချက်ချင်းကူးပြောင်းရောက်ရှိသွားတော့တာ ဖြစ်ပါတယ်။ ဆေးမစစ်နိုင်သေးလို့ ရောဂါပိုးရှိမရှိ မသိနိုင်ကြသေးသော်လည်း ကိုဗစ်လနာကို ကိုင်တွယ်ထိတွေ့ထားတာကြောင့်ဆိုတဲ့ သတ်မှတ်ချက်နဲ့ Quarantine သီးခြားခွဲနေစေခြင်းဆိုတဲ့ ကုထုံးသစ်အရ ဆေးရုံဆေးခန်းကို လာခွင့်မရှိတော့ပါဘူး။

အဲဒီအခါမွာ အဲဒီဆေးရုံဆေးခန်းမှာ ဆရာဝန်/ဆရာမတယောက် ချက်ချင်းလျော့နည်းသွားတော့တာပါပဲ။ ဒီလိုဖြစ်စဉ်နဲ့တယောက်ပြီးတယောက် တစထက်တစ လျော့နည်းသည်ထက် လျော့နည်းလာရင် ဆေးရုံဆေးခန်းတွေမှာ ဆရာဝန်/ဆရာမတွေမရှိတော့ဘဲ လူနာတွေချည်းပဲ ကျန်ရစ်ခဲ့တော့မှာပါ။

ဒါကြောင့် ခုကေနစပြီး ကျန်းမာရေးလုပ်သားတွေ မွေးထုတ်ဖို့ လုပ်ဆောင်သင့်တယ်ထင်ပါတယ်။
ခြောက်နှစ်ခွဲသင်ရတဲ့ ဆရာဝန်တွေ၊ သုံးလေးနှစ်သင်ရတဲ့ ဆရာမတွေလို တတ်/သိ/ကျွမ်းကျင်တဲ့ တကဲ့ဆေးပညာရှင်မျိုးတွေကို မွေးထုတ်ပေးနိုင်မှာမဟုတ်ပေမယ့် သူတို့ကို ကူညီ ပေးနိုင်မယ့် အရန်ကျန်းမာရေးလုပ်သားမျိုးကိုတော့ မွေးထုတ်ပေးဖို့ နည်းလမ်းရှာဖွေသင့်တယ် ထင်ပါတယ်။

စာကြွင်း။  ။ (ကိုဗစ်က ရေရှည်စစ်နဲ့ တိုက်ခိုက်ရတဲ့အခါ ဆရာဝန်/ဆရာမတွေကိုယ်တိုင် Quarantine သီးခြားခွဲနေစေခြင်းဆိုတာနဲ့ ကြုံနေကြရပါတယ်။ ဒါကြောင့် ဆေးပညာရှင်တွေ၊ ကျန်းမာရေးလုပ်သားတွေဟာ ကမ္ဘာနဲ့အဝန်း မလွဲမသွေ ပိုမိုလိုအပ်လာမှာဖြစ်ပါတယ်။ ဒီအခက်အခဲကိုဖြေရှင်းဖို့ တဘို့တည်းကြည့်တဲ့ ငရဲခွေးကြီး ထရမ့်ဟာ အပြည်ပြည်ဆိုင်ရာက ဆရာဝန်တွေ၊ သူနာပြုတွေကို ဂရင်းကဒ်ပေးပြီး ခေါ်ယူတင်သွင်းတဲ့ အလုပ်မျိုးကို မလုပ်ဘူးလို့ မပြောနိုင်ပါဘူး။)

(၃) ကြိုတင်ပြင်ဆင်ရေး

ကိုဗစ်ကြောင့်ဖြစ်ရတဲ့ စီးပွားပျက်ကပ်ဟာ ကိုဗစ်ကြောင့်မသေဘဲကျန်ရစ်ခဲ့ကြသူတွေကို ပြင်းပြင်းထန်ထန်ထိုးနှက်တိုက်ခိုက်လိမ့်မယ်လို့ ပညာရှင်တွေသုံးသပ်နေကြပါတယ်။ မနက်ဖြန် သဘက်ခါ ဘာဖြစ်လာနိုင်သလဲပေါ့။ ကိုဗစ်ကြာလေလေ အငတ်ဘေး ရင်ဆိုင်ရလေလေ ဖြစ်လာမှာတဲ့။

ကိုဗစ်တိုက်ပွဲကြာလာတာနဲ့အမျှ  နိုင်ငံတွေရဲ့ ဓနအင်အားနဲ့နိုင်ငံသားတဦးချင်းစီရဲ့ဝင်ငွေအနည်းအများက ဘယ်နိုင်ငံ ဘယ်လောက်အခြေအနေဆိုးမယ်ဆိုတာကို ဖော်ပြပါလိမ့်မယ်။ အလှူငွေတွေရပ်၊ ချေးငွေတွေရပ်နိုင်ချေရှိတဲ့အတွက် ကိုယ့်ရှိတဲ့ငွေနဲ့ ကိုယ့်နိုင်ငံရဲ့ယန္တရားတွေကို ကိုယ့်အားကိုယ်ကိုးပြီး လည်ပတ်ကြရမှာဖြစ်ပါတယ်။ နိုင်ငံကြီးတခုခုရဲ့အောက် ဒူးမထောက်ရရေး တွေးရပါမယ်။

နိုင်ငံအတော်များများက ကိုယ့်အိတ်ထဲက ပိုက်ဆံထွက်မယ့် သွင်းကုန်တွေကို လျော့ချပြီး ကိုယ့်အိတ်ထဲ ငွေဝင်မယ့်ပို့ကုန်ကို ဦးစားပေးထုတ်ကြမှာ ဖြစ်ပါတယ်။ အစိုးတွေဟာ ပြုတ်ကျကြ၊ ဖြုတ်ချခံကြရ၊ စစ်တပ်တွေက အာဏာသိမ်းကြနဲ့ လူတွေက ငတ်လို့လုယက်ကြနဲ့ ရာဇဝတ်မှုတွေထူပြောပြီး မတည်မငြိမ်ဖြစ်နိုင်ပါတယ်။ (အမေရိကန်တွေကတော့ သေနတ်တွေ ဝယ်စုနေကြပါပြီ)

ခေတ်အဆက်ဆက် နာလန်မထူအောင် နှိပ်ကွက်ထားခဲ့ကြတဲ့ အစွန်းရောက်ဝါဒတွေဟာ ခေါင်းထောင်ထလာနိုင်ပါတယ်။ ကျောင်းတွေဘယ်တော့ ပြန်ဖွင့်နိုင်မလဲ၊ လူတွေ ပညာရေးနဲ့ ဘယ်လောက်ဝေးနေနိုင်သလဲ စသဖြင့် ...။ ချုပ် ပြောရရင်တော့ စီးပွားပျက်ကပ်အတွက် ဘာတွေပြင်ဆင်ထားကြမလဲပေါ့။

- လူထုရဲ့ အနာဂတ်ယုံကြည်မှု

ထားတော့။ ဒီလို ကပ်ဘေးနဲ့ ဒီလိုအငတ်ဘေးဆိုးကြီးနှစ်ခုကို ရင်ဆိုင်ဖြတ်သန်းကြရတဲ့ သူတွေခမျာ အနည်းနဲ့အများဆိုသလို စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေ ရရှိခဲ့ကြမှာ မလွဲမသွေပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့။ ဒီဒဏ်ရာဒဏ်ချက်တွေကို ကျနော်တို့ရဲ့အနာဂတ်ယုံကြည်မှုနဲ့ ကုစားကြရမှာပါပဲ။

ရွေးက ဖြစ်ခဲ့ဖူးတဲ့ ကပ်ဆိုးကြီးတွေမှာလည်း သိန်းသန်းချီသေခဲ့ကြဖူးတာပဲ။ ခုမှထူးပြီးကြောက်မနေပါနဲ့။ သေတနေ့မွေးတနေ့ပဲဆိုတာမျိုးနဲ့ ကိုဗစ်ကိုအလျော့ပေးမယ့်အထဲမှာ ကျနော်တို့ မပါဝင်ကြပါဘူး။

ရှေးခေတ်ကထက် နည်းပညာ၊ ဆက်သွယ်နိုင်၊ ထိစပ်နိုင် .. စသဖြင့် အစစအရာရာ အများကြီးဖွံ့ဖြိုးတိုးတက်နေတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ ကိုဗစ်ကို တတ်နိုင်သမျှ အချိန်တိုတိုနဲ့ အနိုင်ယူနိုင်ကြရမယ်ဆိုတဲ့ အနာဂတ်ကိုယုံကြည်ကြတဲ့ လူသားတွေထဲမှာ ကျနော်တို့ ပါဝင်ကြပါတယ်။

တနေ့သေကြရမယ်ဆိုတာသိပေမယ့် နေခွင့်ရတုန်းမှာ လူပီသခဲ့ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချလို့ ကိုယ်တတ်နိုင်တာတခုခုနဲ့ လူ့လောကကောင်းကျိုး သယ်ပိုးနေကြသူ (Frontliners) တွေအတွက် ဒီကဗျာလေးနဲ့ ဦးညွှတ်လိုက်ပါတယ်။

“ မုဒိတာစိတ်တို့ဖြင့် ဖိတ်ဖိတ်လက်စေသော ”

ကျနော်တို့
ကျမတို့က
ပရဟိတစိတ်ကို အိတ်နဲ့ထည့်လို့
လူသားချင်းစာနာမှုကို ယူ
သူတို့ဆီ သွားကူကြတော့

သူတို့တတွေက
သားတို့ သမီးတို့ရယ်
ဟောဒီမှာ
အရီးတို့တတ်နိုင်တဲ့
ချစ်ခြင်းမေတ္တာတွေ ပြန်ယူသွားကြပါဦးလားတဲ့

နေ့ဖို့ညစာ မသေချာကြတဲ့
လက်လုပ်လက်စားတွေလေ

ICU မှာ သေကောင်ပေါင်းလဲ
အလူးအလဲ ခံစားနေကြရရှာသူတွေလေ

မျက်ရည်လည်ရွဲနဲ့
ကျနော်တို့ ရင်ဘတ်ထဲ
ကျမတို့ ရင်ဘတ်ထဲ
ထုပ်ပိုး ထည့်ပေးလိုက်ကြတယ်

မယူပါရစေနဲ့ဗျာ ...
မယူပါရစေနဲ့ရှင် … လို့ ငြင်းခဲ့ကြပေမယ့်လည်း

ဘယ်လိုမှ ငြင်းမရအောင်
အတင်း မရမက ထိုးထည့်ပေးလိုက်ကြတဲ့

အဲဒီ့ သစ္စာတရားမှာ
ဖျားနာခြင်းကင်းတဲ့ ချစ်ခြင်းတို့ အသက်ရှည်ကြပါစေ။

အောင်မော်ဦး
ဧပြီ၊ ၁ဝ၊ ၂ဝ၂ဝ။