အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၂ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၂ )
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၂၃
24/12/23
Diary in the darkness
လောက်ကိုင်ကို စစ်ကောင်စီက ဗုံးကြဲနေပြီတဲ့။ မနက်စောစော ချမ်းချမ်းစီစီး ။ သူငယ်ချင်းဖုန်းနဲ့အကြောင်ကြားလို့ အိပ်ယာက အလူးအလဲ ထ ခဲ့ရတယ်။ ၁၉ ရက်နေ့ကတည်းက တိုက်ပွဲတွေ ပြန် စ နေတာတဲ့။
လောက်ကိုင်က စစ်ကောင်စီတပ်တွေ အေးအေးဆေး ဆုတ်ခွာခဲ့ပြီ၊ MNDAA တပ်က လောက်ကိုင်ကို အထိအခိုက်မရှိသိမ်းနိုင်ပြီလို့ ထင်ပြီး မြို့သူမြို့သားတွေအတွက် ဝမ်းသာနေမိတာ။ အသက်ဘေးအတွက် စိုးရိမ်နေရတဲ့ အောက်ခြေစစ်ကောင်စီတပ်သားတွေ အတွက်လည်း စိတ်သက်သာရာ ရနေခဲ့တာ။
ခုတော့ လောက်ကိုင်မှာ တိုက်ပွဲတွေ ပြန် စနေပြီတဲ့။ အကြောင်းကြောင်း သော ကြောင်းကြောင့် ပြန်ရဖို့ နည်းနည်းမှ မဖြစ်နိုင်တဲ့ စစ်မြေပြင်မှာ စစ်ကောင်စီဟာ ဘာလို့များ စစ်မျက်နှာ ပြန်ဖွင့်နေပါလိမ့်။ အခုလို စစ်မျက်နှာပြန်ဖွင့်တဲ့အတွက် တရုတ်နဲ့ သံတမန် ယုံကြည်မှုမှာပါ လျော့ကျသွားမယ်ဆိုတဲ့အချက်ကို ဂရုမစိုက်မိလေသလား။ ဘာမဆို လုပ်ရဲတယ် ဆိုတဲ့ ကြွေးကြော်သံအောက်မှာ ပြည်သူတွေ ဘယ်လောက်ဒုက္ခ ရောက်ရောက်၊ သူ့ရဲ့အောက်ခြေစစ်သည်တွေ ဘယ်လောက်သေသေ၊ တိုက်ပွဲတွေ ဘယ်လောက် ရှုံး ၊ ရှုံး၊ သူထင်ရာ သူ လုပ်နေမှာပဲလားလို့ တွေးမိတယ်။
စစ်ရေးအတွေ့အကြုံရှိတဲ့ သူငယ်ချင်းတယောက် ပြောတာက စစ်ကောင်စီဟာ ခုလို လောက်ကိုင်မှာ မနိုင်တဲ့ စစ်မျက်နှာကို ဖွင့်နေရတာက ညီနောင်သုံးဖွဲ့ဟာ မြောက်ပိုင်းတခုလုံးကို သိမ်းပြီးရင် မန္တလေးနဲ့ နေပြည်တော်ကို ဆက်လက်ထိုးစစ်ဆင်ဖို့ အခွင့်သာသွားမှာကို စိုးရိမ်လို့ ဖြစ်တယ်။ တနည်းအားဖြင့် ပြောရရင် နေပြည်တော် အဝိုင်းမခံရရေးအတွက် စစ်ကောင်စီက အချိန်ဆွဲထားလို ပုံရတယ်လို့ သူငယ်ချင်းက ခန့်မှန်းပါတယ်။
ဒီလိုဆို မြောက်ပိုင်းစစ်မြေပြင်မှာ သူတို့အင်အားတွေ အလဟဿ ပြုန်းတီးနေမှာပေါ့လို့ ပြောစရာရှိပါတယ်။ မြောက်ပိုင်းစစ်မြေပြင်မှာ ဆုံးရှုံးနေတာထက် မန္တလေးနဲ့ နေပြည်တော်ကို ခြိမ်းခြောက်မခံရရေးသာ ပိုမိုအရေးကြီးတယ်လို့ သူတို့ ခံယူထားပုံရတယ်တဲ့။
ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီဟာ တစ်ရက် အသက်ပိုရှင်ရလဲ နည်းသလား။ တရက် ပိုပြီး သက်ဆိုးရှည်ရလဲ နည်းသလား ဆိုတဲ့ အခြေအနေ ရောက်နေတာတော့ သေချာပါတယ်။
အားတက်စရာ မြောက်ပိုင်းသတင်းတွေနဲ့အတူ စိတ်ဝင်စားသူ များပြားနေတဲ့ သတင်းကတော့ ဗိုလ်နဂါးနဲ့ NUG သတင်းပါပဲ။
ဒီသတင်းဟာ တော်လှန်ရေးကို အထိနာစေတဲ့ "ပွဲ " သတင်းပါ။ ဒီ ပွဲ သတင်းဟာ နိုင်ငံရေး ရေချိန်နိမ့်သူတွေ စင်ပေါ်တက်ကတဲ့ ပွဲ တပွဲအဖြစ် ဒါမှမဟုတ် စစ်ကောင်စီရဲ့ မီးရောင်စုံဆလိုက်အောက်က ပွဲ တပွဲသာ ဖြစ်တယ်လို့ အများက မြင်ပြီး ကျနော်တို့ကလည်း အရေးမလုပ်မိတဲ့ ပွဲ ဖြစ်ပါတယ်။
ဒါပေမဲ့ အသံကျယ်လာတော့ တော်လှန်ရေးကို ထိခိုက်မှာလားလို့ ကျနော်တို့က အများနည်းတူ စိုးရိမ်လာပါတယ်။
တနေ့က T Mမီဒီယာရဲ့ သမ္မတရုံး အင်တာဗျူးကို နားထောင်ရတယ်။ တချိန်တည်းမှာပဲ NUG နဲ့ ဗိုလ်နဂါးတို့ ဖြစ်ရပ်ကို TM မီဒီယာက သုံးသပ်တင်ပြထားတာလည်း YouTube မှာ တွေ့လိုက်ရပါတယ်။
စံပြုထိုက်တဲ့ တွေ့ဆုံမေးမြန်း တင်ဆက်မှုပါ။ မေးခွန်းတွေ က ကောင်းသလို ဖြစ်စဉ်တခုကို နားလည်သဘောပေါက်အောင် ရှင်းရှင်းလင်းလင်း တင်ဆက်နိုင်ပါတယ်။
ဒီရုပ်သံကို နားထောင်ပြီတော့ ကျွန်တော်တို့မှာ မေးခွန်း တချို့ ပေါ်လာပါတယ်။
ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး ဆိုတဲ့ ဘုံရည်မှန်းချက် တူသူအချင်းချင်းဟာ မတူတဲ့ အခြေအနေနဲ့ အခြေခံအကြောင်းရင်းတွေ ရှိကြပါတယ်။ ဒီလိုအနေအထားမှာ တူညီတဲ့ ပန်းတိုင် ရောက်အောင် ဘယ်လို လုပ်ဆောင်သင့်ပါသလဲ ဆိုတဲ့ မေးခွန်းပါ။
ဒီမေးခွန်းကို ကျွန်တော်တို့ အားကိုးရတဲ့ မိတ်ဆွေကြီး ဦးဉာဏ်ပေါ်ကို မေးကြည့်ပါတယ်။
ဦးဉာဏ်ပေါ် ပြောတာက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး ဆိုတဲ့ ဘုံရည်မှန်းချက်ကို နှစ်နှစ်ကာကာ ယုံကြည်ရမယ်၊ ရိုးသားပွင့်လင်းရမယ်၊ အချင်းချင်းကြားရှိ အကြံဉာဏ်များ၊ အတွေးအမြင်များ ခံစားမှုများနဲ့ စိုးရိမ်ပူပန်မှုများကို နားထောင်ရမယ်။
တဦးကို တဦး လေးစားကာ အချင်းချင်း ကြင်နာ စာနာစိတ်နဲ့ ဆက်ဆံရမယ်။ မိမိအတွေးအမြင်နဲ့ မတူပေမယ့် တပါးသူတို့ရဲ့ ထင်မြင်ယူဆချက်များနဲ့ ပံ့ပိုးကူညီမှုများကို တန်ဖိုးထားရမယ်။
အချင်းချင်းပံ့ပိုးရင်း အောင်ပွဲများရယူရမယ်။ အဖွဲ့လိုက်လုပ်ဆောင်မှုကို ဂုဏ်ယူရမယ်။
အဖွဲ့အတွင်း ပဋိပက္ခများ (မိတ်ဖက်ပဋိပက္ခများ) ဒါမှမဟုတ် သဘောထားကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်းဖို့ တရားမျှတပြီး လေးစားထိုက်တဲ့နည်းလမ်းကို အကောင်အထည်ဖော်ကာ အပြုသဘောဆောင်တဲ့ ဆုံးဖြတ်ချက်တရပ်ကို ဖော်ဆောင်ရမယ်။
တိုးတက်မှုကို ဆွေးနွေးဖို့ စိန်ခေါ်မှုများကို ဖြေရှင်းဖို့နဲ့ လိုအပ်ပါက ပြန်လည်ချိန်ညှိဖို့ ပုံမှန်အစည်းအဝေးတွေလုပ်ပြီး စစ်ဆေးရပါမယ်။
အခြေအနေတွေ ပြောင်းလဲပါက အစီအစဉ်နဲ့ ဗျူဟာတွေကို လိုက်လျောညီထွေဖြစ်အောင် လုပ်ရပါမယ်။
ဒါမှသာ ကျင့်ဝတ်စည်းကမ်း လိုက်နာတဲ့ မိတ်ဆွေများနဲ့အတူ ဘုံရည်မှန်းချက်ပန်းတိုင်ကို လှမ်းကိုင်နိုင်မယ်လို့ ဆိုပါတယ်။
NUG သမ္မတရုံး နဲ့ T M မီဒီယာ အင်တာဗျူးမှာ NUG ဟာ တော်လှန်ရေးအင်အားစုအားလုံးနဲ့အတူ ဖက်ဒရယ်တပ်မတော်တခုကို ထူထောင်လိုကြောင်း အထင်းသားတွေ့မြင်ရပေမယ့် လက်တွေ့ လုပ်ဆောင်ရာမှာတော့ အဖုအထစ်များကို ခက်ခက်ခဲခဲ ကျော်လွှားနေရတာ သိသာပါတယ်။
လက်ရှိအခက်အခဲတွေဟာ ၁၉၄၂ ခုနှစ် ၊ လွတ်လပ်ရေးတိုက်ပွဲကာလက ရင်ဆိုင်ခဲ့ရတဲ့ ဒေသခံတော်လှန်ရေးသမား ရဲခေါင်ပြောက်ကျားတွေ နဲ့ BIA ၊ BDA တပ်များ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာများကို သတိရစေပါတယ်။
အဲဒီပြဿနာတွေကို အတွင်းကျကျ သိတဲ့ ဒေါ်အောင်ဆန်းစုကြည်က အာဏာရှင်ကို လက်နက်မကိုင်ဘဲ အနိုင်ယူဖို့ကြိုးစားခဲ့တယ်လို့ ထင်ပါတယ်။
ဒါပေမဲ့ အာဏာရှင်ဟာ အာဏာရှင်ပါပဲ။
အနုနည်းနဲ့ တိုင်းပြည်ကို ပြောင်းလဲဖို့ ကြိုးစားမှုကို အကြောက်အကန် ဆန့်ကျင်ပြီး လက်နက်မဲ့ လူထုကို လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းပေါ် တွန်းချကာ ဓား ဓားချင်း၊ လှံ လှံချင်း စိန်ခေါ်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်အစိုးရဟာ ဒယ်ပူထဲက မီးပုံထဲကို ခုန်ချတဲ့ လူမိုက်လို ဖြစ်ခဲ့ရတယ်။ အာဏာရှင်တပ်ဟာ တိုက်တိုင်းရှုံး တပ်တော်ကြီးအဖြစ် ဗုန်းဗုန်းလဲတော့မယ့် အခြေအနေ ရောက်ခဲ့ရပြန်ပါတယ်။ အာဏာရှင်ဟာ အာဏာရှင်ပီပီ လက်နက်အားကိုးနဲ့ လူထုကို အထင်သေးခဲ့လို့ ခုလို မရှုမလှ ခံရတာပါ။
ဒီလိုအခြေအနေတွေကြောင့် ဖက်ဒရယ်တပ်မတော်နဲ့ ဖက်ဒရယ်ပြည်ထောင်စု အိပ်မက်ဟာ အချိန်တိုတွင်း ပိုမိုပီပြင်လာတော့မယ့် အရိပ်အယောင်တွေ ပေါ်လာပါတော့တယ်။
ကျွန်တော့်သူငယ်ချင်း ဦးဉာဏ်ပေါ် ပြောသလို တော်လှန်ရေးအင်အားစုချင်း ဖြစ်နေတဲ့ အတွင်းပဋိပက္ခတွေကို မိတ်ဖက်ပဋိပက္ခ ပုံစံဖြေရှင်းနိုင်ရင် NUG သမ္မတကြီးရဲ့ မဟာဗျူဟာ ရည်မှန်းချက် အောင်မြင်မှာပါ။
အားတင်းရင်း အတွေးနယ်ချဲ့နေရတဲ့ ဆည်းဆာရိပ်အောက်က ကျွန်တော့်ရဲ့ လက်ကျန်ဘဝလေး စိတ်မအေးနိုင်ပါဘူး။
မှောင်လွန်းတဲ့ညတွေမှာ အိပ်မပျော်ခဲ့ရတာကြာပေါ့။
အမှောင်ထဲမှာပဲ ပါချုပ်ဆရာတော်ရဲ့ မေတ္တသုတ် အနှစ်ချုပ်ကို နာယူခဲ့ရ။ ရွတ်ဆိုခဲ့ရ။ အထပ်ထပ်ရွတ်ဆိုခဲ့ရ။
ဆရာတော်ကတော့ သတိပေးပါတယ်။ မေတ္တသုတ်ဟာ ရွတ်ဖို့သာ မဟုတ်၊ ကျင့်သုံးဖို့ ဖြစ်တယ်။ မေတ္တာ ဆိုတာ မိတ်ဆွေကို ဆိုလိုတာ ဖြစ်တယ်တဲ့။
ကျွန်တော်တို့ရဲ့ ဓမ္မမိတ်ဆွေများ မေတ္တသုတ်နဲ့အညီ ရှင်သန်နိုင်ကြပါစေ။
ကျွန်ပ်သည်လည်း ဓမ္မမိတ်ဆွေများအပေါ် မေတ္တသုတ်နှင့်အညီ ကျင့်ကြံဆောင်ရွက်ရပါဦးမယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar