Breaking News

ရဲသျှမ်း - အက်ဆေးဆိုတာ.(အေးစက်မနေဘဲ အတွေးဆက်နိုင်တဲ့ အက်ဆေးများစာအုပ်ခံစားမှုဆောင်းပါး)ပါး


အက်ဆေးဆိုတာ....
အေးစက်မနေဘဲ အတွေးဆက်နိုင်တဲ့ အက်ဆေးများ
စာအုပ်ခံစားမှု ဆောင်းပါး 

ရဲသျှမ်း
(မိုးမခ) ဧပြီ ၁၁၊ ၂၀၂၀

ဂရိ ရောမခေတ် ကတည်းက အက်ဆေး သဘောဆောင်တဲ့ အရေးအဖွဲ့တွေ ပေါ်လာတယ်ဆိုတော့ အက်ဆေးဆိုတဲ့ အနုပညာက နှစ်ပေါင်း ၅၀၀ နီးပါး ပေါ်ပေါက်ခဲ့ပြီလို့ ဆိုရကောင်းလိမ့်မယ်။ အနုပညာတိုင်းက အဟောင်းလက်ရာတွေ ညောင်းချိ လာတဲ့အခါမှာ ပုံသဏ္ဍန်သစ်တွေပေါ်ပေါက်လာတော့တာပဲ ဖြစ်ပါတယ်။ သည်ဘက်ခေတ် အက်ဆေးတွေက ပုံသဏ္ဌန်အသစ်တွေဖြစ်လာကြပါပြီ။
တချို့က အက်ဆေးတဲ့ တချို့က ရသစာတမ်းတဲ့ သည်ဘက်ခေတ်မှာ ကွဲပြားယောင် ရှိပေမယ့် အက်ဆေး၊ ရသစာတမ်းတိုင်းက စာရေးသူရဲ့ အတွေး အမြင်ကို စာဖတ်သူ မြင်သာတာ၊ စကားပြေ လှပြီး လွတ်လပ် ပေါ့ပါးတာကြောင့် နှစ်သက်စရာ ကောင်းပါတယ်။ ရသညှို့အားပါတဲ့ စကားပြေ အလှလို့တောင် ဆရာနေဝင်းမြင့်က ပြောခဲ့ဖူးပါတယ်။ ဆရာလူထု စိန်ဝင်းကတော့ ရသစာတမ်းမှာ ဝေဖန်ဆန်းစစ်မှု ပါရလိမ့်မယ် လို့ ဆိုပါတယ်။ ဆရာကြည်နိုင်ကတော့ ရသစာတမ်းကောင်းတွေက ဝတ္ထုတိုရဲ့ အဌာရသဘောင်ကို ကျော်လွှားနိုင်သတဲ့လေ။

နောက်ပိုင်းမှာတော့ အက်ဆေးရဲ့ လွတ်လပ်မှုကို အသုံးချပြီး သမားရိုးကျ အကြောင်းအရာတွေကနေ ခွဲထွက်လာကြပါတယ်။ ငြိမ်းချမ်းရေး တောင့်တမှု၊ အာဏာရှင် ဆန့်ကျင်ခြင်း၊ လူမှု ပဋိပက္ခ၊ မေတ္တာတရား.စတဲ့ အကြောင်းအရာတွေကို ခေတ်ပြိုင်ခံစားမှု ဇောင်းပေး ရေးလာတာကို တွေ့ရပါလိမ့်မယ်။ အဲသည်လို အကြောင်းအရာတွေကို စုစည်းပြီး တေးဆိုနေသော ငှက်တစ်ကောင်ကို ဘယ်သူ တောင်ပံလိမ်ချိုးခဲ့သလဲ နှင့် စာရေးသူစိတ်ကြိုက် ရသ အက်ဆေးများ ဆိုတဲ့ စာအုပ်တစ်အုပ် သည်နှစ် ဖေဖော်ဝါရီလမှာ ထွက်လာပါတယ်။ ဆရာမောင်ရင့်မာရဲ့ ရသစာတမ်းကို စာအုပ်အမည် ပေးခဲ့တာပဲ ဖြစ်ပါတယ်။

သည်စာအုပ်ကို ဆရာလွန်းမောင်မောင် စီစဉ်ပြီး သူ့ရဲ့ ငွေလ စာပေကနေ ထုတ်ဝေတာ ဖြစ်ပါတယ်။ အက်ဆေးစုစည်းမှု ဆိုရင်တော့ ၄အုပ်မြောက်ပါ။ သည်စာအုပ်က အက်ဆေးဆရာ ၂၂ ဦးရဲ့ သူတို့စိတ်ကြိုက်တွေကို စုစည်းထားတာလို့ ပြောရင်လည်း မမှားနိုင်ဘူး။ ဆရာမြေလတ် မောင်မြင့်သူရဲ့ အမှာမှာ အက်ဆေးအကြောင်းကို တိုရှင်းပြီး သိလွယ်အောင်ရေးထားတာကြောင့် အက်ဆေးရေးဖို့ ကြိုးစားနေသူတွေအတွက် အလွန်ပဲ တာ လှတယ်လို့ မြင်တယ်။ သည်စာအုပ်မှာ ထူးခြားတာက စာရေးသူအားလုံးက အက်ဆေးဆိုတာ ဆိုပြီး အက်ဆေးကို ဖွင့်ဆိုပေးကြတာပဲ ဖြစ်ပါတယ်။ စာရေးသက် နှစ်၄၀ကျော် ဆရာတွေရဲ့ အက်ဆေး ဖွင့်ဆိုချက်တွေက ဆရာတို့ ဖြတ်သန်းမှု အတွေ့အကြုံ အတွေးအမြင်ကနေ ဖြစ်တည်လာတာမို့ အနှစ်တွေလို့ ပြောရလိမ့်မယ်။ တချို့ကို ထုတ်ပြပါရစေ။


အက်ဆေးဆိုတာ ခြေခြေမြစ်မြစ်ရှိသော တစ်စုံတစ်ရာကို ပြည့်ပြည့်ဝဝရှိသော အရာအားလုံး အဖြစ်ဖန်တီးနိုင်သော စာပေကိရိယာ။ အပြောနှင့်စ၍ အပြနှင့် ဆုံးသော စာပေပုံသဏ္ဌန်။ (နေဝင်းမြင့်)

ဖတ်မိသော စာတစ်ပုဒ်၌ ဝတ္ထုအရသာ ပါသော်လည်း ဝတ္ထုမဟုတ်၊ ကဗျာခံစားမှု အတွေးပါသော်လည်း ကဗျာမဟုတ်၊ ဆောင်းပါးကောင်း တစ်ပုဒ်နှယ် နှစ်သက်ဖွယ်ပါသော်လည်း ဆောင်းပါး မဟုတ်၊ ထိုထိုသော ကျေနပ်စရာ ပီတိမျိုး ဖြစ်အောင် အားထုတ် ရေးဖွဲ့ထားသော မတိုမရှည် ရသစာ။ (မြေလတ်မောင်မြင့်သူ)
ရသစာတမ်းတိုင်း အက်ဆေးဖြစ်၍ အက်ဆေးတိုင်း ရသစာတမ်း မဖြစ်နိုင်။ ဝတ္ထုထဲက ကျွန်တော်သည် စာရေးသူ၏ ဇာတ်ကောင်ဖြစ်၍ အက်ဆေးထဲက ကျွန်တော်သည် အက်ဆေးရေးသူ ကိုယ်တိုင် ဖြစ်သည်။ (မောင်ရင့်မာ၊ ကျောင်းကုန်း)

အတွေ့အကြုံတွေကို အလေ့အထုံနဲ့ စရနယ်ပြီး စာဖတ်သူတွေကို မက်ဆေ့တစ်ခု အရသာရှိရှိ ပေးရာမှာ အက်ဆေး အနုပညာက ထိရောက်တယ်။ (မင်းချမ်းမွန်)

အက်ဆေး၊ ရသစာတမ်းတွေ အများကြီးရေးခဲ့၊ ရေးသလောက်လည်း ကောင်းတဲ့ ဆရာတွေရဲ အက်ဆေး ဖွင့်ဆိုချက်တွေက အဆီ အသား ပါလှပါတယ်။ တစ်ချိန်မှာ ဘွဲ့ယူစာတမ်းတွေ၊ မဟာတန်းတွေအတွက် ကျမ်းကိုးလည်း ဖြစ်နိုင်တယ်လို့ မြင်ပါတယ်။ သည်စာအုပ်မှာ ပါဝင်တဲ့ လူငယ်စာရေးဆရာတွေရဲ့ အက်ဆေးဆိုတာ ကိုလည်း ဖတ်ကြည့်ပါဦး။

အက်ဆေးဆိုတာ ချစ်စရာ ကောင်းပြိး ညာပြီးရေးလို့မရတဲ့ စာပေအမျိုးအစား တစ်ခုပါ။( ညီမင်းညို)

အက်ဆေးဆိုတာ အတွေးတွေ၊ ခံစားမှုတွေကို ထွန်ယက်စိုက်ပျိုးတဲ့ လယ်ယာမြေကောင်း သဖွယ်ပါပဲ။ ( နိုင်မြင့်)

အက်ဆေးဆိုတာ ချစ်စရာကောင်းပြီး ရိုးသားမှု အပြည့်ရှိတဲ့ စာတစ်မျိုး။( မောင်နှင်းပန်း)

အက်ဆေးဆိုတာ သဘာဝအလှတရားကို နှစ်လို တပ်မက်တတ်တဲ့ အတွင်းသား စိတ်ခံစားချက်တစ်မျိုး။ (ကြည်မွေ့အိမ်)

အက်ဆေးဆိုတာ ကိုယ့်စိတ်ကို ကိုယ့်အတွေး ( ကိုယ့်အတွေးကို ကိုယ့်စိတ်)တွင်း ပြန်သွင်း ထည့်ရေးရသည့် စာပေတစ်မျိုး။ ( လဲ့ဝင်းကြည်(ချို))


အက်ဆေးတိုတာ ချစ်စရာကောင်းတဲ့ ငယ်ဘဝလိုပါပဲ။ ပြန်တွေးတိုင်း တသိမ့်သိမ့် ရင်ခုန်ရတယ်။ (ယုယ)

အက်ဆေးဆိုတာ ရင်ဖွင့်ရာ၊ ပေါက်ကွဲရာ နေရာတစ်ခု ဖြစ်သလို လွမ်းဆွတ် တမ်းတရာ နေရာတစ်ခုလည်း ဖြစ်တယ်။ (ကြယ်လွဲမိုး)

အက်ဆေးဆိုတာ စာရေးသူရဲ့ ကိုယ်ပွား ဖြစ်ပြီး စာဖတ်သူရဲ့ မိတ်ဆွေ ဖြစ်တယ်။ (ဥသြ၊ ချယ်ရီမြေ)

လူငယ် ဆရာ၊ ဆရာမတို့ရဲ့ အက်ဆေးဆိုတာကို မြင်တဲ့အမြင်တွေက အလွန်ပဲ နှစ်သက်စရာကောင်းပြီး နှလုံးသားထဲက အသံလို့ ညွှန်းရမယ်ထင်ပါရဲ့။ သည်စာအုပ်မှာ ဖော်ပြထားတဲ့ အက်ဆေးတွေကို ဖတ်ကြည့်ရင် ဆောင်းပါးကောင်းလေးလို၊ ဝတ္ထုဖက်တိမ်းပြီး ဝတ္ထုထက်ပိုပြီး နှစ်သက်စရာ ကောင်းနေတာလို၊ ကဗျာလေးတစ်ပုဒ်ရဲ့ အလှတရားတွေ၊ သံစဉ်တွေစီးဆင်းနေသလို ခံစားရပါလိမ့်မယ်။ အတွေးထက် ဖြစ်ရပ်ကို ဦးတည်တဲ့ အက်ဆေးတွေ ဖြစ်တာကြောင့် ခေတ်ပြိုင် ဖြစ်ကြတယ်လို့ ပြောရပါလိမ့်မယ်။

သည်အက်ဆေး စုစည်းမှုက စာရေးသူများ စိတ်ကြိုက် ဖြစ်တာမို့ စာဖတ်သူများ နှစ်သက်၊ အာလျပြေလိမ့်မယ်လို့ ပြောချင်ပါတယ်။ သည်ဘက်ခေတ်မှာ အက်ဆေးတွေက မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာတွေရဲ့ စာမျက် နှာထက်မှာ စာဖတ်သူအကြိုက်အဖြစ် နေရာ ယူလာကြပါပြီ။ အက်ဆေးကိုလည်း စာရေးသူ အများစုက ခုံခုံမင်မင် ရေးဖွဲ့လာကြပါပြီ။ အက်ဆေးခေတ်လို့ ပြောရင်တောင် ရနေပါပြီ။ ကျေနပ်စရာပါ။

ကျွန်တော်ကတော့ အက်ဆေးဆိုတာ အေးစက်မနေဘဲ အတွေးဆက်ဖို့ လိုတယ်လို့ မြင်မိပါတယ်။ ဒါကြောင့် တေးဆိုနေသော ငှက်တစ်ကောင်ကို ဘယ်သူ တောင်ပံ လိမ်ချိုးခဲ့သလဲ ဆိုတာကို အက်ဆေး၂၂ပုဒ် စုစည်းမှု စာအုပ်လေးမှာ အဖြေရှာရင်း အတွေးဆက်ကြည့်ပါလား။ ကျွန်တော် ယုံတယ်။ စာဖတ်သူရဲ့ စာအုပ်စင်လေးမှာ သည်စာအုပ်လေးကို နေရာပေးလိုက်ချင်လိမ့်မယ်။

ရဲသျှမ်း
၀၉၅၁၄၂၀၇၃