Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၃ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၃ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၄၊ ၂၀၂၂ 


နောက်ထပ်စစ်ရှောင်ဒေသတခုဖြစ်လာတဲ့ မုန်းနဲ့ ကျောက်ကြီးဒေသ

ကေအန်ယူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နဲ့ စစ်ကောင်စီအကြား တိုက်ခိုက်မှုတွေဟာ စစ်အာဏာသိမ်းမှု အပြီးအခုလတွေမှာ နယ်မြေကျယ်ပြန့်မှုအရ ပြင်းထန်မှုအရ အရေအတွက်အရ အများဆုံးဖြစ်ပွားလာနေပြီး တပ်မဟာ ၅၊  ၆ ၊ ၁၊ ၃၊ ၇ တို့မှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာနေတာ တွေ့ရပါတယ်။ စစ်အာဏာသိမ်းပြီးစက တပ်မဟာ ၅ ဧရိယာလောက်မှာ မကြာခဏဖြစ်ပွားတာ စခန်းသိမ်းတာ စစ်ကောင်စီဘက်က လေယာဥ်နဲ့ တိုက်ခိုက်တာတွေ ဖြစ်ပွားခဲ့ပေမယ့် ယမန်နှစ် အဲဒီလပိုင်းတွေမှာ တပ်မဟာ ၆ ၊ တပ်မဟာ ၇ နဲ့ တပ်မဟာ ၃ တို့မှာ တိုက်ပွဲဖြစ်ပွားတာ မရှိခဲ့ပါဘူး။ တပ်မဟာ ၆ အနေနဲ့ NCA ပါ အနေအထားကို ဆက်လက်ထိန်းသိမ်းထားမယ်ဆိုတာမျိုး ထုတ်ပြန်ခဲ့တာ တိုက်ပွဲတွေ ဖြစ်ပွားမှုမရှိသလောက် ဖြစ်ခဲ့တာတွေ့ရပါတယ်။ 

တပ်မဟာ ၅ အနေနဲ့တော့ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်မှာ ကြိုကြားကြိုကြား တိုက်ခိုက်မှုအသေးတွေ နဲ့ စစ်ကောင်စီရဲ့ နယ်စပ်ခြေကုပ်စခန်းနဲ့ အခြားသော စခန်းတွေလိုမျိုး သိမ်းတာလို တိုက်ပွဲကြီးကြီးမားမားလည်း ရှိခဲ့ပါတယ်။ နောက် လအတန်ကြာမှာ ဖာပွန်လို ဒေသက အစိုးရဝန်ထမ်းတွေကို ဖာပွန်ကနေ ထွက်ခွာဖို့ ရာဇသံပေးခဲ့တာတွေလည်း လုပ်ခဲ့တာ ဖြစ်ပါတယ်။ 

ကေအန်ယူအနေနဲ့ ဥက္ကဌက အသက်အရွယ်အရ အတွေ့အကြုံအရ စစ်ရေးနည်းလမ်းကိုပဲ လုံးလုံးလျားလျား အားကိုးပြီး ပြန်တိုက်ခိုက်ဖို့ တိုက်ပွဲမျက်နှာစာတွေ ဖွင့်ဖို့ တထစ်ချ ဆုံးဖြတ်ခြင်းမပြုသေးပဲ နိုင်ငံရေးအရ အခွင့်အလမ်းရှိသေးရင် ကြိုးစားဖို့ မျှော်လင့်ကောင်းမျှော်လင့်ထားတာ ဖြစ်နိုင်ပါတယ်။ သို့ပေမယ်လို့ လူငယ်ပိုင်း လူလတ်ပိုင်းနဲ့ ကေအန်ယူ အဖွဲ့ထဲက အမြင်ကွဲပြားတာတွေလည်း ရှိပြီး ကေအန်ယူ အနေနဲ့ NUG ကို အဓိက လက်ခံ ကူညီတဲ့အဖွဲ့အစည်း ဖြစ်တာကြောင့် ဒီဇင်ဘာလမှာတော့ လေးကေ့ကော် ဒေသကို စစ်ကောင်စီက ဝင်ရောက်စစ်ဆေးတာ ဖမ်းဆီးတာတွေက စပြီးကရင်ပြည်နယ်မှာ သေနတ်သံပြန်ကျယ်လောင်လာခဲ့တာ တွေ့ရပါတယ်။ 

အစောပိုင်းမှာ မြဝတီ ကော့ကရိတ်ကားလမ်းတလျှောက် တိုက်ပွဲတွေ စစ်ရေး ထောက်ပံ့ရေး လမ်းကြောင်းကို ဖြတ်တောက်ဖို့ ကေအန်ယူက ကြိုးစားတာတွေ ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ ထိုင်း-မြန်မာကုန်သွယ်ရေးကို မထိခိုက်အောင် အာရှလမ်းမတလျှောက် တိုက်ပွဲဖြစ်ပွားတာတွေ သိပ်မကြားရတော့ပဲ ကေအန်ယူထိန်းချုပ်နယ်မြေတွေ နဲ့ ရန်ကုန်မော်လမြိုင် လမ်းနဘေးက သထုံဧရိယာ လို ကျိုက်ထိုဧရိယာလို ဒေသတွေမှာ ကြားဖြတ်တိုက်ခိုက်တာတွေ ဖြစ်ပွားလာတာတွေ့ရပါတယ်။ 

အခုနောက်ဆုံး တိုက်ပွဲထပ်ဖြစ်ပွားလာတာကတော့ ကျောက်ကြီးနဲ့ မုန်းဒေသမှာ ကေအန်ယူနဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲပဲဖြစ်ပါတယ်။ 

ဒီဒေသဟာ အရင် စစ်အစိုးရလက်ထက်တွေတုန်းက ပြင်းထန်တဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ ဖမ်းဆီးမှုတွေ နှိပ်စက်မှုတွေ လုပ်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။ ၂၀၁၁ နောက်ပိုင်းကနေ အခု စစ်အာဏာသိမ်းချိန်အထိ ကြားကာလ တခုလောက် စစ်ပွဲတွေ သတ်ဖြတ်ခံရမှုတွေ ဖမ်းဆီးနှိပ်စက်မှုတွေ ထောင်ဒဏ်ချမှတ်ခံရတာတွေက ကင်းဝေးခဲ့ရာက အခုတဖန် စစ်ပွဲ ဖမ်းဆီးမှု ထွက်ပြေးတိမ်းရှောင်ရတဲ့အခြေအနေ ပြန်ရောက်လာတာ ဖြစ်ပါတယ်။ နအဖ စစ်အစိုးရလက်ထက်မှာ အဲဒီဒေသမှာ ရေဒီယို အတွက် လက်နှိပ်ဓါတ်မီးအတွက် ဝယ်တဲ့ ဓါတ်ခဲတွေ့ရင်လည်း ဖမ်းဆီး နှိပ်စက်ခံရနိုင်သလို ဝါယာကြိုး ယူဆောင်တာတွေ့ရင်လည်း ဗုံးခွဲဖို့ သံသယနဲ့ အသက်ဆုံးရှုံးနိုင်တဲ့အထိ နှိပ်စက် သတ်ဖြတ်ခံရနိုင်တဲ့ အခြေအနေမျိုးရှိခဲ့တာ ဖြစ်ပါတယ်။ ဒါတွေက စစ်တပ်ဘက်က ကျူးလွန်ခဲ့တာတွေ ဖြစ်ပြီး တခါတရံမှာ စစ်တပ်ကို သတင်းပေးတယ်လို့ သံသယနဲ့ ကေအန်ယူဘက်က ဖမ်းဆီး နှိပ်စက်ခံရတဲ့ အဖြစ်တွေလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။ 

ခုရက်ပိုင်း သတင်းတွေမှာတော့ ကျောက်ကြီးနဲ့ မုန်းဒေသက ဒေသခံ ၃ သောင်းလောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီလို့ ပါရှိပါတယ်။ 

ငြိမ်းချမ်းရေး မဟုတ်သေးတဲ့ အပစ်ရပ် သဘောတူညီမှုတွေဟာ စစ်အာဏာသိမ်းလိုက်ကတည်းက ပျက်ပြယ်ခဲ့ပြီး လက်နက်ကိုင် တိုက်ပွဲတွေ ထွက်ပြေးတိမ်းရှောင်ရတဲ့ အဖြစ်တွေ တဖန်ပြန် ဖြစ်ပွားလာပြီ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar