Breaking News

ဧရာ(မန္တလေး) - အရှုပ်ထဲမှာ စိတ်ရှင်းအောင် နေ


ဧရာ(မန္တလေး) - အရှုပ်ထဲမှာ စိတ်ရှင်းအောင် နေ

(မိုးမခ) ဧပြီ ၂၃၊ ၂၀၂၀

လွန်ခဲ့တဲ့ နှစ်ဩဂုတ်လတုန်းက Yuval Harari ရဲ့ Homo Deus: A Brief History of Tomorrow စာအုပ်ထဲက အနာဂတ်မှာ ကပ်ကြီးသုံးပါးကို ကျော်နိုင်နင်းနိုင်ပြီ ဆိုတဲ့ ဟောကိန်းကို ထုတ်နှုတ်ပြီး ပို့စ်တခုရေးခဲ့တယ်။

https://www.facebook.com/photo.php?fbid=2315091648607620&set=a.316271485156323&type=3&theater

အခုအချိန်မှာတော့ တကမ္ဘာလုံးက ကိုရိုနာကပ်ဘေးနဲ့ မျက်ဖြူဆိုက်နေရတယ်။ ရောဂါဘေးကနေ ဆင့်ပွား စီးပွားရေး အကြပ်အတည်း, နိုင်ငံရေး အကြပ်အတည်းတွေထိ ဆက်သွားနိုင်တယ်။ Harari ပြောတဲ့ အနာဂတ်က ဝေးနေသေးတယ်။

ကျန်းမာရေးဌာနတွေက ဆောင်ပုဒ်လုပ်ပြီး ပြောလေ့ ရှိတဲ့ “အာရောဂျံ ပရမံ လာဘံ - ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုတဲ့ ဆိုရိုးစကားကို သတိရမိတယ်။ တကယ်တော့ ဘိက္ခုဉာဏဝီရရဲ့ ပေးစာ တစ်စောင်ထဲက စာကို သတိရတာပါ။

ဘုရားလက်ထက်တုန်းက မာဂဏ္ဍီ ပရိဗိုဇ်က “အာရောဂျပရမာ လာဘာ၊ နိဗ္ဗာနံ ပရမံ သုခံ” – “အနာရောဂါ ကင်းခြင်းသည် အမြတ်ဆုံး ဆုလာဘ်၊ နိဗ္ဗာန်သည် အမြတ်ဆုံး ချမ်းသာ” ဆိုတာ ဒါပဲလို့ သူ့ကိုယ်သူ လက်နဲ့ သပ်ပြီး ပြတယ်။ သူ့မှာ အနာရောဂါ မရှိဘဲ ချမ်းချမ်းသာသာ နေရတယ်ပေါ့။

ဘုရားက “ကာယော ရောဂဘူတော ဂဏ္ဍဘူတော သလ္လဘူတော အဃဘူတော အာဗာဓဘူတော” ဒီကိုယ်ကြီးက ရောဂါတုံး, အိုင်းအမာတုံး, ဆူးငြောင့်တုံး, ဆင်းရဲတုံး အနာတုံး ကြီးပဲ။ ဒါကိုယ်ကြီးကို ရည်ညွှန်းပြီး ‘အာရောဂျပရမာ လာဘာ’ လို့ ဆိုနေတာက အရိယမျက်စိ မရှိလို့သာ ဖြစ်တယ် ဆိုပြီး ပဋိစ္စသမုပ္ပါဒ် တရားဟောပါတယ်။ ဒီဆိုရိုးစကားရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းပြပါတယ် (မဇ္ဈိမပဏ္ဏာသ၊ ပရိဗ္ဗာဇကဝဂ်၊ မာဂဏ္ဍိယသုတ်)။

မိုးကုတ်ဆရာတော်ကြီးကလည်း မာဂဏ္ဍိယသုတ်ကို ငါးရက်ဆက် ဟောဖူးတယ်။

http://dhammadownload.com/MP3Library/Mogok-Mp3-Ver2/Disc-50/03-MoGokSayaDaw-D50-10-9-1961.mp3

ကျန်းမာခြင်းနဲ့ ဆက်စပ်ပြီး နကုလပိတာကို ဟောခဲတဲ့ တရား တစ်ပုဒ်ရှိတယ်။ “ဒီကိုယ်ကြီး ရှိနေပါလျက် တခဏ ဖြစ်ဖြစ် ကျန်းမာတယ်လို့ ဝန်ခံသူဟာ မိုက်မဲသူသာ ဖြစ်တယ်။ ဒါကြောင့် ကိုယ်နာသည့်တိုင် စိတ်မနာအောင် ကျင့်သင့်တယ် (အာတုရာကာယဿ မေ သတော စိတ္တံ အနာတုရံ ဘဝိဿတိ)” လို့ ဟောထားပါတယ်။ ဒါက ငါ့မှ ဖြစ်ရလေခြင်း စသဖြင့် “ဝေဒနာနဲ့ ငါ ရောတာမျိုး’ မဖြစ်အောင် ကျင့်ခိုင်းတာပါ။ ဒီလို့ လေ့ကျင့်တာမျိုးကို စိတ်ပညာရှင်တွေက Cognitive Distancing လို့ ခေါ်ပါတယ်။ ဒီအကြောင်းကို ပို့စ်တခု ရေးခဲ့ဖူးတယ်။

https://www.facebook.com/thida.aung.10/posts/2363565253760259

ဒီတော့ ဒီကပ်ကြီးထဲမှာ ကိုယ့်ဆီ ရောဂါကူးမလာအောင်, ကိုယ်က ရောဂါဖြန့်ဖြူးသူ မဖြစ်ရအောင် #Physical_Distancing လုပ်ကြရတယ်။ ဒါတင်မကဘဲ ဒီကပ်ဘေးကနေ သက်ရောက်လာမယ့် အကျိုးဆက်တွေကို တွေးပြီး တစ်ပူပေါ် နှစ်ပူဆင့်ကာ စိတ်ဖိစီးမှု, စိုးရိမ်သောကတွေ ကူးစက်မလာရအောင် #Cognitive_Distancing ကိုပါ လေ့ကျင့်ဖို့ လိုလာတယ်။