Breaking News

မောင်လူပေ - ကမ္ဘာ့ကပ်ရောဂါဘေးရဲ့နောက်မှာ အငတ်ရောဂါဘေး လာမည်



မောင်လူပေ - ကမ္ဘာ့ကပ်ရောဂါဘေးရဲ့နောက်မှာ အငတ်ရောဂါဘေး လာမည်

(မိိုးမခ)ဧပြီီ၂၃၊ ၂၀၂၀ 

ကမ္ဘာ့ကပ်ရောဂါဘေးရဲ့နောက်မှာ 'အငတ်ရောဂါဘေးဆိုးကြီး' လပိုင်းအတွင်း ကျရောက်တော့မယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ကြီးရဲ့ ဒါရိုက်တာကြီး ဘေးစလီက ကုလ လုံခြုံရေးကောင်စီသို့ သတိပေးပြောကြားသည်။

ကမ္ဘာ့လူဦးရေသန်းတစ်ရာကျော်ကို နေ့စဉ်ထောက်ပံ့နေရပြီး အဲဒီအထဲက သန်းသုံးဆယ်ခန့်သည် နေ့စဉ်အသက်ရှင်ရေးအတွက် ဤထောက်ပံ့မှုအပေါ် မှီခိုနေရသူများဖြစ်ကြ၏။

လူဦးရေသန်းပေါင်း(၁၃၅)သန်းသည် စားစရာမလုံလောက်မှ ပူပင်နေရသူတွေဖြစ်ကြပြီး ဤရောဂါကပ်ဘေးကြောင့် နောက်ထပ် သန်းပေါင်း(၁၃၀)ခန့်လည်း ထိုအခြေအနေသို့ ရောက်ရှိလာကြမည်ဖြစ်၏။

အဆိုးဆုံးခန့်မှန်းချက်အရ နိုင်ငံပေါင်း သုံးဒါဇင်ကျော်ခန့် အငတ်ဘေးသင့်ကြမည်ဖြစ်ကာ ထိုနိုင်ငံများအနက် ဆယ်နိုင်ငံခန့်မှ သန်းနှင့်ချီသောပြည်သူများသည် အစထဲကပင် အငတ်ဘေးကြုံနေရသူများဖြစ်သည်။

ရောဂါကပ်ဘေးကြောင့်သေဆုံးသူထက် အငတ်ဘေးကြောင့်သေဆုံးသူ ပိုများမှာကို စိုးရိမ်ရတယ်ဟု သူက ဆို၏။

ဆင်းရဲသူတို့ကို ကပ်ရောဂါဘေးက ပြင်းထန်စွာရိုက်ခတ်နေသည်။ လုပ်ငန်းတွေရပ်လိုက်သဖြင့် သန်းနှင့်ချီသော အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ကြရ၏။ ထိုအထဲတွင် အများစုက နိုင်ငံခြားရှိ မိသားစုများကို ထောက်ပံ့နေကြရသူများဖြစ်ကြသည်။ မိသားစုဝင်များက နိုင်ငံခြားထွက်အလုပ်လုပ်ခါ ထောက်ပံ့ခြင်းဖြင့် ရပ်တည်နေရသည့် ဟေတီ၊ နီပေါ၊ ဆိုမာလီ စသည့်နိုင်ငံတွေ ထိခိုက်မှုကြီးမားမည်။

တိုးရစ်လုပ်ငန်းများရပ်ဆိုင်းရသဖြင့် နိုင်ငံခြားသားဧည့်သည်ဝင်ငွေအဓိက မှီခိုရသည့် အီသီယိုးပီးယားလိုနိုင်ငံတွေ အထိနာနေသည်။ ရေနံစျေးတွေ အောက်ဆုံးအထိ ထိုးဆင်းနေ၍ ရေနံပို့ကုန်ကိုမှီခိုရသည့် တောင်ဆူဒန်လိုနိုင်ငံတွေ အခြေမလှ။

ငြိမ်းချမ်းခြင်းမရှိသေးသောနေရာများတွင် အပစ်ရပ်ကြမှသာလျှင် ဘယ်နေရာမှ ဘယ်သူသို့ဖြစ်စေ လိုအပ်နေသောနေရာများသို့ ထောက်ပံ့ခြင်းပြုလုပ်နိုင်ပါမည်။ ထို့ကြောင့် တကမ္ဘာလုံးအပစ်ရပ်ကြပါဟုလည်း တိုက်တွန်းခဲ့သည်။

မြန်မာပြည်အခြေအနေကတော့ အစာပြတ်ကာ ငတ်သေမည့်စာရင်းမှာ မပါနိုင်ပါ။ ရာသီဥတုမှန်နေသရွှေ့ စိုက်ပျိုးနိုင်သ၍ စားသောက်ကုန်သီးနှံတွေ မရှား။ သို့သော် နိုင်ငံခြားထွက်အလုပ်လုပ်ပြီး မိသားစုထောကိပံ့နေရသူ သိန်းချီ၍ ပြန်လာကြပြီ။ ထိုသူများကို မှီခိုနေရသူ မိသားစုဝင်များ သန်းချီပြီး ဝင်ငွေမရှိတော့ပြီ။

တိုးရစ်လုပ်ငန်းလည်းမရှိ။ဟိုတယ်၊ တိုးဂိုက်၊ ပို့ဆောင်ရေး၊ ဝန်ဆောင်မှု၊ စျေးသည် စသည်တို့ ဝင်ငွေမရှိတော့ပြီ။ သူတိူ့ကို မှီခိုနေရသူ မိသားစုဝင်သိန်းချီပြီး ဒုက္ခရောက်ပြီ။

လက်လုပ်လက်စားဆင်းရဲသားတွေ အခြေမလှကြ။ ဝင်ငွေကျဆင်းနေကြ၏။ အရင်အခြေသို့ ဘယ်တော့ပြန်ရောက်မည်ကို မည်သူမျှ မမှန်းနိုင်ကြသေး။ ဒုက္ခပင်လယ်ကကမ်းစပ်နှင့်ဝေးနေဆဲ။

မြန်မာပြည်မှ ဆွေမျိုး မိတ်ဆွေသူငယ်ချင်း၊ ပြည်သူပြည်သားအပေါင်း အစစ အဆင်ပြေကြပါစေဟု ဆုတောင်းမေတ္တာပို့သလျှက်။