Breaking News

မောင်လူပေ - ကိုရိုနာသည် သင်္ကြန် နဲ့ အီစတာကိုအလို မရှိ (၁၂/၀၄/၂၀)




မောင်လူပေ - ကိုရိုနာသည် သင်္ကြန် နဲ့ အီစတာကို အလိုမရှိ (၁၂/၀၄/၂၀)

(မိုးမခ) ဧပြီ ၁၃၊ ၂၀၂၀

ရိုမန်ကက်သလစ်ရဟန်းမင်းကြီး ဖရန့်စစ်က ဗိုင်းရပ်ကြောင့် သေဆုံးရသူ တစ်သိန်းကျော်နဲ့ ဝေဒနာခံစားနေရသူတွေ အတွက် ဆုတောင်းခြင်းကို အီစတာ တနင်္ဂနွေနေ့ ဆုတောင်းပွဲမှာ ပြုလုပ်ခဲ့တယ်။ စိန်ပီတာဘုရားကျောင်းကနေပြီး တစ်ဦးတည်းသာ တိုက်ရိုက်ရုပ်သံလွှင့်ခဲ့တာဖြစ်တယ်။

အမေရိကန်ပြည်ထောင်စုမှာ ကူးစက်ခံ ငါးသိန်းငါးသောင်းကျော်နဲ့ သေဆုံးသူ (၂၁၇၀၀)ကျော် ရှိလာပြီ။ ပြည်နယ်အသီးသီးကို အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့လာကြပြီး နေထိုင်အခြေချကြတဲ့ မြန်မာတွေထဲက သေဆုံးသူအနည်းဆုံး ငါးဦးခန့် ရှိပါတယ်။

ဗိုင်းရပ်ပိုး စတင်ခဲ့ရာ တရုတ်ပြည်မှာ ပိုးတွေ့သူ(၉၉)ဦးတိုးတယ်။ (၉၇)ဦးက ပြည်ပက ပြန်လာသူတွေ။ (၂)ဦးပဲ ပြည်တွင်းကူးစက်မှုပါ။ တရုတ်ပြည် ဂွမ်ကျိုးမြို့တစ်ဝိုက်မှာနေထိုင် အလုပ်လုပ်နေကြတဲ့ အာဖရိကနွယ်ဖွားတွေကို ပြည်ပက ရောဂါပိုးတင်သွင်းလာသူတွေလို့ ထင်ပြီး နှိမ်ချဆက်ဆံကြတာ၊ စားသောက်ဆိုင်တွေက ရောင်းချဖို့ငြင်းပယ်တာတွေ ဖြစ်ခဲ့တာ အထောက်အထားတွေရှိပေမယ့် မဟုတ်ပါဘူးလို့သာ ဌာနေအရာရှိကြီးက ငြင်းဆန်ခဲ့ပါတယ်။ ပီကင်းတစ်ဝိုက်မှာရှိတဲ့ ကျောင်းအချို့ကို ပြန်ဖွင့်ဖို့ စီစဉ်နေကြတယ်။

စင်္ကာပူမှာလည်း ကူးစက်သူအသစ်(၂၃၃)ဦးအထိ စံချိန်တင် တွေ့ရှိခဲ့တယ်။

ထိုင်းမှာလည်း (၃)ယောက်သေခဲ့လို့ သေဆုံး(၃၈)ဦးရှိတယ်။ ကူးစက်ခံ နှစ်ထောင့်ငါးရောကျော်ရှိတယ်။

ဖိလစ်ပိုင်မှာ လူငါးဆယ်အထိ စံချိန်တင်ကာ သေဆုံးခဲ့လို့ သေဆုံးသူ သုံးရာနီးပါးရှိလာပြီ။ ကူးစက်ခံ လေးထောင့်ခြောက်ရာကျော်ပြီ။

မြန်မာပြည်တွင်းကို ဝင်လာကြမဲ့ ပြည်ပလေကြောင်းလိုင်းများအား တားမြစ်မှုကို ဧပြီ(၁၃)ရက်အထိအစား(၃၀)ရက် လကုန်အထိ တိုးမြှင့်ကြောင်း ကြေညာထားတယ်။

မြန်မာပြည်တွင်းမှာလည်း ကူးစက်ခံရသူ (၄၁)ဦးအထိ တိုးလာသလို သေဆုံးသူ(၄)ဦးရှိပါတယ်။

လူဦးရေ ၁.၈၄ သန်းအထိ ကူးစက်ခဲ့ပြီး တစ်သိန်းတစ်သောင်းသုံးထောင်ကျော် သေဆုံးခဲ့ရပြီ။ လေးသိန်းကျော်လည်း သက်သာပျောက်ကင်းခဲ့ပြီ။

ဂရုစိုက်ကြပါ။