Breaking News

ထွန်းဝင်းငြိမ်း - ကိုဗစ်ရဲ့ ပိတောက်ဝေဒနာ



ထွန်းဝင်းငြိမ်း - ကိုဗစ်ရဲ့ ပိတောက်ဝေဒနာ

(မိုးမခ)ဧပြီ ၁၃၊ ၂၀၂၀

မနက်က စက်ဘီးနင်းရင်း မာန်ပြေဘက်ရောက်တော့ ပိတောက်ရနံ့တွေ သင်းပျံ့နေတာ သတိထားမိတယ်။ စိမ်းစိုနေတဲ့ အကိုင်းအခက်တွေကြားမှာ ရွှေရည်တလက်လက်နဲ့ ပိတောက်ပွင့်တွေ ဝေနေတာတွေ့တော့ ရပ်ပြီး ငေးကြည့်နေမိတယ်။ ခါသင်္ကြန်ကို သစ္စာမဖောက်တဲ့ ပိတောက်ပန်းတွေက အတိတ်တခုလုံး ချမ်းသွားလောက် အောင် လွမ်းတတ်တဲ့ စိတ်တွေကို အမှတ်ရစရာတွေနဲ့ သိမ်းကြုံးပြီး ပက်လိုက်ပြီပေါ့။

ဒါကြောင့်လည်း ဆရာဒဂုန်တာရာက ပိတောက်ဦးရဲ့အလှကို အခုလို ကဗျာ ဖွဲ့ခဲ့တယ်။ “အို … လှလိုက်တာ၊ ကိုင်းငိုက်ယိုယီး ၊ တွဲလောင်းစီး၍၊ ရွှေသီးဝါသွေး ၊ ပြွတ်သိပ်လေးအောင်၊ ညွတ်ကွေးရွရွ ၊ လှ … လှ … သည်၊ ပထမပိတောက်ပွင့်စဉ်က”တဲ့။ ရွှေဝါရောင်အသွေးနဲ့ ပြွတ်သိပ်နေအောင် ပွင့်ကြတဲ့ ပိတောက်ပန်းတွေက ရိုးတံမှာ ယီးလေးခိုနေကြတယ်။ အကိုင်းအခက်တွေလည်း ပန်းတွေက တွဲလောင်းခိုစီးထားတော့ လေးကိုင်းလိုညွတ်ကွေး ပြီး လှချင်တိုင်းလှနေတော့တယ်လို့ ရေးဖွဲ့ခဲ့တာ အမှတ်ရမိတော့တယ်။

ဆရာမ ကြည်အေးကတော့ ပိတောက်ဦးကို ထူးထူးခြားခြားဖွဲ့ပါတယ်။ “ပိတောက်ဦးမို့၊ ယစ်မူးတသ၊ နှမြောလှရဲ့
ဘဝချစ်သူ၊ မိုက်မှာယူထင့်၊ မလှူရက်ဖူး၊ တပ်မက်ဦးမည်၊ ဆုထူးမဆင်၊ ဘုရားမတင်”တဲ့။ ဆရာမကတော့ သူ့ ဘဝနဲ့ယှဉ်ပြီး ချစ်ရတဲ့သူအတွက် မှာထားတဲ့၊ ဦးဦးဖျားဖျား ပွင့်ချိန်မှာရလာတဲ့ ပိတောက်ဦးကို သူများမပေးရက် ဘူး။ သံသရာမှ လွတ်မြောက်ပါလို၏ ဘာညာ စတဲ့ ဆုထူးတွေတောင်းပြီး ပန်းတွေကို ဘုရားမတင်ချင်သေးဘူး၊ ပိတောက်အလှမှာ ယစ်မူးချင်သေးတယ် လို့ ဆိုခဲ့တာဟာ မြန်မာအမျိုးသမီးငယ်တဦးရဲ့ လွတ်လပ်ပွင့်လင်းလှတဲ့ အမြင်သစ်တခုအဖြစ် ရှုမြင်မိပါတယ်။

ပိတောက်ပန်းဆိုတာကလည်း ဆရာဇော်ဂျီဖွဲ့ခဲ့သလို “တဝါဝါ ဆင်သင်္ကန်းရယ်က၊ ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့၊ သာသနာ ရွှင်ရွှင်လန်းအောင်လို့၊ တမင်မှန်းကာပါ့ သတိဆွယ်၊ ရည်ရွယ်တော့သလား”လို့ ဆိုရလောက်အောင် တင့်တယ်တဲ့ပန်းမျိုး မဟုတ်လား။ ကမ္ဘာကြီး ငြိမ်းချမ်းအောင်၊ ဗုဒ္ဓသာသနာ ရွှင်လန်းနိုင်အောင် လူတွေကို သတိပေး လှုံ့ဆော်ချင်လို့၊ လူတွေကို ကပ်သုံးပါး ကျော်လွှားနိုင်အောင် အားထုတ်ကြစေချင်လို့ ပိတောက်တွေက ဒီလောက် ရွှေရောင် ဝါ၀င်း နေကြတာလား လို့ ဆရာဇော်ဂျီက သူ့ကိုယ်သူ မေးခွန်းထုတ်ထားတာကိုလည်း တွေ့ ရပါတယ်။ ပိတောက်ရဲ့ အဝါရောင်ထဲမှာ သင်္ကန်းကို မြင်လိုက်တဲ့ အမြင်ဟာ ငြိမ်းချမ်းမှုကို လိုလားတဲ့ အမြင်၊ ဘာသာတရားကို ကိုင်းညွှတ်တဲ့ အမြင်လို့ ဆိုနိုင်ပါတယ်။

“မြူမင်းလွင်ထန်၊ ကြူသင်း တာချိန်ယံမတော့၊ ရွှေဝတ်ဆံ ငုံတံညှောက်ကယ်နဲ့၊ ခါသင်္ကြန် ဂိမှာန်ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့တောက်တဲ့ပြင်၊ လမ်းတလျှောက်သင်းပါဘိ၊ ဆန်းသလောက် မလင်းနိုင်ဘု၊ ပန်းပိတောက် မင်း” ဆိုပြီး စာဖွဲ့ခဲ့တဲ့ ဦးကြော့ရဲ့ ပိတောက်ပန်း ကဗျာ အဆုံးပိုဒ်ကိုလည်း သတိရမိပါတယ်။ တနှစ်မှာ တလ၊ တလမှာ တရက်သာ လှရရှာတဲ့ တော်ဝင်ပန်းရဲ့ သင်္ခါရသဘောကို တွေ့နိုင်သလို လောကရဲ့ သင်္ခါရသဘာဝကို လည်း နှိုင်းယှဉ်ဖော်ပြတဲ့ ရာသီဖွဲ့ကဗျာတစ်ပုဒ်အဖြစ် မှတ်မှတ်ရရ ခံစားမိပါတယ်။

ဆရာတင်မိုး ရေးခဲ့တဲ့ “ပိတောက်နှင့်ငု အနိုင်လုသော် မွှေးသူဘက်သို့ မဲပေးမည်” ဆိုတဲ့ကဗျာလေးကိုလည်း အရမ်းလှလို့ မှတ်မိနေတာ ဖြစ်နိုင်ပါတယ်။ ဆရာရေးခဲ့တဲ့ “ခါတော်သင်္ကြန်ပွဲတည့်လေ”ကဗျာရဲ့ နောက်ဆုံး အပိုဒ်က မမေ့နိုင်စရာပါ။ “မြူခိုးဝေ၍၊ သည်နွေမဆုံး ၊ တပြည်လုံးကို၊ ကြည်ပြုံးစေအောင် ၊ မိုးလက်ဆောင်ဖြင့်၊ တောင်ပေါ် ကလာ၊ ငြိမ်းမိုးရွာသည်၊ ခါတော်သင်္ကြန် ပွဲတည့်လေ။”ဆိုပြီး ရေးပါတယ်။

ဒါကတော့ ဆရာတင်မိုးရဲ့ ငြိမ်းချမ်းရေး အတိတ်နိမိတ်ဆောင်တဲ့ သင်္ကြန်ပွဲတော်အကြောင်း ဖွဲ့သီထားတဲ့ ကဗျာ လေးပါ။ နွေခေါင်ခေါင်ကာလဖြစ်ပေမယ့် ရွာချမယ့် တိမ်စိုင်တိမ်တိုက်တွေဟာ မြူခိုးတွေဝေနေတဲ့ တောင်ပေါ် ကနေ လာနေကြပြီ။ သဘာဝရဲ့ လက်ဆောင်ဖြစ်တဲ့ အဲဒီတိမ်တိုက်တွေက သင်္ကြန်ပွဲတော်ကာလမှာ မိုးအဖြစ်ရွာ သွန်းလေ့ရှိကြပါတယ်။ အဲဒီငြိမ်းချမ်းစေတဲ့ မိုးတွေကြောင့် တနိုင်ငံလုံးက တိုင်းသူပြည်သားတွေ ကြည်နူး ပြုံးပျော် နိုင်ကြပါစေ ဆိုပြီး ချစ်စရာ မြန်မာ့ဓလေ့ကို ရိုးရှင်းလွယ်ကူတဲ့ စကားလုံးတွေနဲ့ သီဖွဲ့ထားတဲ့ ကဗျာကောင်း တပိုဒ်လည်း ဖြစ်ပါတယ်။

“အချစ်ဆိုတဲ့ သမုဒ်ပြင်မှာ ပိတောက်ပန်းလေးတွေ ဆင့်ကာမျှောလိုက်မယ်။ သမုဒ်ပြင်တခုလုံး ပြည့်သွားတဲ့အခါ ပန်းကလေးတွေပေါ်မှာ ဖွဖွလေးနင်းပြီး ကျနော့်ဆီအရောက်လာခဲ့နော် မမနိုင်”လို့ ဆိုခဲ့တဲ့ စံရွှေမြင့်ရဲ့“သိပါလေစ ပိတောက်ဝါ” ကိုလည်း ဖျပ်ကနဲ အမှတ်ရမိတယ်။

“အဝါရောင်ဆင်မြန်း ပန်းချင်းအတူတူ လူတွေသတ်မှတ်ကြတဲ့ ဂုဏ်ဒြပ်တွေကြောင့် ပန်းတွေရဲ့ အလှတရားတွေ ခြားနားခဲ့ရတယ်။ ပွင့်ဆိုင်တွေ အဆင့်ဆင့်နဲ့ အလှတွေ တင့်ချင်တိုင်း တင့်နေပြီးတော့ ရနံ့မရှိတဲ့ ငုဝါပန်းရဲ့ ဘဝ၊ တောလမ်းမှာ အရိုင်းဆန်ပြီး အဆင်းရော ရနံ့ပါ မပြည်စုံရှာတဲ့ ခေါင်ရမ်းပန်းလေးရဲ့ဘဝ၊ တော်ဝင်သူတို့ရဲ့ အိမ်ဦး ခန်းမှာ အမြဲတမ်းနေရာယူပြီး အဆင်းရော ရနံ့ပါ ပြည့်စုံလှတဲ့ ပန်းပိတောက်မျိုးရဲ့ ဘဝကလည်း ရွေးချယ်ချင်စရာ ပါ။ ဒါပေမယ့် . . .” ဆိုပြီးတော့ လူငယ်ကြည်ခိုင်ရဲ့ “ငုရယ်၊ ပိတောက်ရယ်၊ ခေါင်ရမ်းရယ်” ပြဇာတ်ကို စွဲလန်းခဲ့ရ တာလည်း မမေ့နိုင်သေးဘူးလေ။

ခြင်္သေ့တွေ စောင့်ကြပ်တဲ့ သူရဲကောင်းတို့ရဲ့ပြတိုက်ထဲမှာ အထီးကျန်ဖြစ်ခဲ့ရသူတဦးရဲ့ ပိတောက်ခံစားမှုကိုလည်း မျှဝေ ချင်ပါသေးတယ်။ “ရေညှိတက်နံရံကိုခွါ၊ သမိုင်းစာမျက်နှာကို လှန်ကြည့်ရင်၊ ရဲဘော်အသီးသီးရဲ့ သူရဲကောင်း ကဗ္ဗည်းကို တွေ့ရလိမ့်မယ်” “ထောင်ဝင်စာ သံဇကာစမှာ ကျ ကျန်ရစ်ခဲ့တဲ့ မိခင်တို့ရဲ့ မျက်ရည်စတွေ အကြောင်း” “မုန်တိုင်းထဲမှာ ရဲရဲနီပွင့်ခဲ့တဲ့ ကျနော့်ရဲ့ နှင်းဆီတပွင့်အကြောင်း” “ချစ်သူပေးခဲ့တဲ့ အထီးကျန် တိမ်ရိုင်းတွေ တယုတယ ဖယ်မိချိန်မှာတော့ ပိတောက်နဲ့ ဆယ်ကြိမ် လွဲခဲ့ပြီးပြီ”လို့ သူ့ဘဝက ဖွဲ့ခဲ့ရဖူးတယ်။ ဘားဒေါ့ဘရက် ပြောသလို အမှောင်ခေတ်ကြီးထဲမှာ မျက်မှောင် မကြုတ်တဲ့လူဟာ ခေတ်ရဲ့ဒုက္ခတွေကို မခံစားတတ်လို့ဆိုတာမျိုးပါပဲ။

ဘာပဲဖြစ်ဖြစ်လေ တလောကလုံးမှာ ပိတောက်တွေ ဝေနေတော့လည်း စိတ်ထဲမှာ ကြည်ကြည်နူးနူး လန်းလန်း ဆန်းဆန်း ဖြစ်မိတာ အမှန်ပါပဲ။ ကိုဗစ်ကြောင့် လော့ဒေါင်းချပြီး နေရချိန်မှာ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာ မြင့်မြင့်စိန်လို လူနာအသက်ရှင်ရေးအတွက် ကိုယ့်ရဲ့ ရှင်သန်မှုကို စတေးဝံ့တဲ့ သူလိုလူကိုလည်း အထူးဦးညွတ် မိပါတယ်။ ဒီမိုး ဒီမြေ ဒီလူတွေနဲ့ ဒီကောင်းကင်ကြီးအာက်မှာ အဆင်းရော ရနံ့ပါပြည့်စုံလှတဲ့ ပိတောက်ဦးတွေ လန်းဆန်းမွှေးမြနိုင်ပါစေ။ တကယ်တော့ စံပယ်တွေ အိပ်တန်းဝင်တဲ့ကျွန်းမှာ ကိုယ့်ကိုယ်ကိုယ် မီးတုတ်လို ထွန်းခဲ့တဲ့ သူတွေကြောင့် လောကကြီးဟာ ပိုမိုလှပနေရတာ မဟုတ်ပါလား။

ထွန်းဝင်းငြိမ်း
၁၂၊ ၄၊ ၂၀၂၀
(သင်္ကြန်အကြိုနေ့)