Breaking News

ကြယ်တာရာဝင်း - ကမ္ဘာမြေကြီး ပြန်လည်နေကောင်းတဲ့နေ့ရောက်တဲ့အခါ

KT#
ကမ္ဘာမြေကြီး ပြန်လည်နေကောင်းတဲ့နေ့ရောက်တဲ့အခါ
ကြယ်တာရာဝင်း 
(မိုးမခ) ဧပြီ ၃၀၊ ၂၀၂၀

တို့တွေမိသားစုလိုက် လမ်းလျှောက်ထွက်မယ်..
တသက်မခွဲကြေးဆိုတဲ့အပြုံးနဲ့ ပခုံးချင်းဖက်
လက်ချင်းမြဲမြဲ ဆုပ်ကိုင်ထားမယ်။

ကမ္ဘာမြေကြီး ပြန်လည်နေကောင်းတဲ့နေ့ရောက်တဲ့အခါ..

ငယ်သူငယ်ချင်းတွေနဲ့ ခရီးထွက်မယ်
မိတ်ဆွေကောင်းတွေနဲ့ ပွေ့ဖက်မယ်..
မင်းဟာ ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းပါပဲ..လို့
မျက်ရည်တွေ ဘာတွေလည်း ဝဲလို့**
စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းကို သံပြိုင်ဆိုကြမယ်။

ကမ္ဘာမြေကြီး ပြန်လည်နေကောင်းတဲ့နေ့ရောက်တဲ့အခါ..

ကျေးဇူးရှင်တွေကို လက်ဆယ်ဖျာမိုးလို့
ကျန်းမာရေးစောင့်ရှောပေးသူတွေကို ပုခုံးပေါ်ထမ်းလို့
ရှေ့တန်းပြန်လာတဲ့ ဆရာဝန်၊သူနာပြုနဲ့စေတနာ့ဝန်ထမ်း
သူရဲကောင်းတွေကို လက်ခုပ်တီးလို့ တို့ဂုဏ်ပြုမယ်။

ကမ္ဘာမြေကြီးပြန်လည်နေကောင်းတဲ့နေ့ရောက်တဲ့အခါ..

နောင်တတရားတွေကို ပြင်ဆင်မယ်..
လစ်ဟာမှုတွေကို ဖြည့်စွက်​မယ်..
လူသားချင်း ချစ်ခင်လေးစားတတ်ဖို့
တို့ရင်သွေးငယ်တွေကို သွန်သင်ကြမယ်။

ကမ္ဘာမြေကြီး ပြန်လည်နေကောင်းတဲ့နေ့ရောက်တဲ့အခါ..

အမှန်တရားကို ချစ်ခင်၊ သစ္စာတရားကို မြတ်နိုး
စာပေကိုတန်ဖိုးထားတတ်တဲ့ လူငယ်တွေရဲ့လက်နဲ့
ကမ္ဘာမြေသစ်ကို ချစ်စရာကဗျာတွေနဲ့ ရှေ့ဆက်
ငါတို့တွေ အခုထက်ပိုပြီး ချစ်ကြမယ်။

ကြယ်တာရာဝင်း 
23.April.2020 (20:02)

(**စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းစာသား)