Breaking News

ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၁၄


msn.com
တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၁၄
ခင်လေး (Aotearoa)
(မိုးမခ) ဧပြီ ၃၀၊ ၂၀၂၀

ဒုတိယနေ့ ၊ သတိပေးချက် အဆင့် ၃

ဒီနေ့ ပိုးတွေ့တဲ့သူ ၂ ယောက်ပဲ ရှိပါတယ်။ ငြိမ်သလောက်ရှိနေပြီလို့ ပြောလို့ရပါတယ်။ အတိုက်အခံဘက်က လူတွေက အဆင့် ၂ အထိချဖို့ တောင်းဆိုနေကြပေမယ့် မေလ ၁၁ ရက်နေ့ကျမှ ပြောင်းဖို့ စီစဥ်ထားတဲ့အတိုင်းဆက်လုပ်မယ်လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။ ဆိုင်တွေစဖွင့်တော့ စည်းကမ်းနဲ့ မညီတာတွေ တွေ့ရလို့ သတိပေးထားတယ်၊ မလိုက်နာရင်ပိတ်ခိုင်းမယ်လို့ နေ့လည်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ညနေသတင်းကျတော့ ဘာဂါဆိုင်တစ်ဆိုင်မှာ လူတွေအများကြီး စုပြုံပြီး တစ်ယောက်နဲ့ တစ်ယောက် တစ်မီတာတောင်မကွာပဲ စောင့်နေကြတဲ့ မြင်ကွင်းကို ပြသွားပါတယ်။ မှာတုန်းမှာ နံပါတ် ပေး လိုက်ပြီး စားစရာရတော့ နံပါတ်ခေါ်တာ မကြားရလို့ အနားတိုးနေကြရင်းဖြစ်တာလို့ ပြောသွားပါတယ်။
နောက်စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်က အငှားကားကုမ္ပဏီတစ်ခုက ပိတ်ထားရတဲ့ရက်တွေအတွင်း အခိုးခံလိုက်ရတဲ့ ကားတွေကို အွန်လိုင်းမှာ စျေးပေါပေါနဲ့ ရောင်းနေတာ တွေ့ရတဲ့သတင်းပါပဲ။ သူတို့ အစင်း ၁၀၀ လောက် ပါသွားတာ၊ ပိုင်ရှင်က မျက်နှာလေးကို ငယ်လို့၊ သနားပါတယ်။ စျေးသက်သာတယ်ဆိုတိုင်း ကောင်းတာမဟုတ်ဖူးဆိုတာ ဒါမျိုးပေါ့။

ကျောင်းပြန်သွားတဲ့ ကလေးတွေ တစ်နိုင်ငံလုံးမှာ ၄၀၀၀ လောက်ပဲရှိတယ်လို့ ပြောသွားပါတယ်။ ဒီနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို နှိပ်စက်ညှဥ်းပန်းမှုတွေ ရှိပါတယ်။ စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုနဲ့ ဖွံ့ဖြိုးမှုအဖွဲ့၊ အိုအီးစီဒီ အဖွဲ့ဝင် နိုင်ငံတွေထဲမှာဆို ထိပ်တန်းမှာ ပါပါတယ်။ ဆေးသုံးပြီး မူးမူးနဲ့ ကလေးကို ငိုနေလို့ဆိုပြီး နံရံနဲ့ လွှဲရိုက်တဲ့သူ၊ ကလေးငယ်လေးကို အဒေါ်တွေဦးလေးတွေက အဝတ်ခြောက်တဲ့စက်ထဲ ထည့်လှည့်တဲ့သူ၊ မျိုးကိုစုံနေတာပါပဲ။ ဆေးသုံး မဆင်မချင်နေ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရ ဘယ်သူ့ကလေးမှန်းမသိ ကလေးက မွေးထားတဲ့ကလေး ပြောရရင် မဆုံးပါဘူး။ ဒီလောက်မဆိုးတဲ့ လျစ် လျူရှုပြီးပစ်ထားတဲ့ ကိစ္စတွေမှာကျတော့ ကလေးအောက်က သေးနှီးကို အချိန်မှန်မှန် မလဲပေးလို့ လောင်နေတာတွေ (အသားလေးတွေကို နီရဲပြီး သိပ်သနားဖို့ ကောင်းတာ)၊ ရေမှန်မှန်မချိုးလို့ ချေးလက်လေးသစ်တက်နေတာတွေ ဆောင်းတွင်းအေးစက်နေတဲ့ မိုးထဲမှာ ဖိနပ်မပါပဲ ကျောင်းလာတာတွေ ထမင်းဗူးထဲမှာ စားစရာမပါလို့ တခြားကလေး ဗူးထဲက ခိုးစားတာတွေ ကျောင်းရောက်မှ မနက်စာစားရတာတွေ စာရွက် စာတမ်းဝယ်ဖို့ အစိုးရက ပေးတဲ့ ထောက်ပံ့ကြေးကို မိဘတွေ ဆေးရှူပစ်၊ လောင်းကစားလုပ်ပစ်မှာစိုးလို့ သူတို့နာမည်နဲ့ ဆိုင်က ဝယ်ခွင့်ပေးထား၊ ပြီးတော့ စာရေးကိရိယာတွေကို ဆိုင်ကနေ ကျောင်းတန်းပို့ ဆိုတာမျိုးတွေပါပါတယ်။

ကလေးတစ်ယောက်ဟာ အဲဒီလိုနှိပ်စက်ခံနေရပြီလို့ သံသယရှိရင် ကျောင်းဝန်ထမ်းတွေ အိမ်နီးနားချင်းတွေက ကလေးများအတွက် ဝန်ကြီးဌာနကို သတင်းပို့ရပါတယ်။ သိရက်နဲ့ သတင်းမပို့ရင် အလိုတူအလိုပါအဖြစ် သတ်မှတ်မယ်လို့လဲ ဥပဒေထဲမှာ ရေးထားပါတယ်။ ကိုးဗစ်ကြောင့် အိမ်ထဲမှာနေရတဲ့ကာလအတွင်းမှာ သတင်းပို့တဲ့ အရေအတွက် ၄၀ ရာခိုင်နှုန်းလျော့သွားတယ်လို့ သတင်းထဲမှာ ပြောသွားပါတယ်။ အဖေက တော့ သူတို့ အရက်ဝယ်လို့ မရလို့ ဆေးဝယ်လို့မရလို့ လူစိတ်မပျောက်ပဲနေလို့ ဖြစ်မယ်ထင်တယ်လို့ ပြောပါတယ်။ ကိုယ်ကတော့ ကလေးများရဲ့ ကော်မရှင်နာမင်းကြီးထင်သလို သတင်းပို့ပေးမယ့်သူမရှိလို့၊ သတင်း ပို့ဖို့ အခွင့်မသာလို့ ဖြစ်မယ်လို့ ထင်ပါတယ်။ စိတ်ပူစရာကြီးပါ။

နောက်တစ်ခုက အိမ်ကနေ စာသင်တဲ့ ကိစ္စပါ။ တချို့မိဘတွေက ကျောင်းကဆရာမတွေ စာလုပ်စရာ လုံလုံ လောက်လောက် မပေးဘူး၊ အမှတ်ခြစ်တာလဲ ကြာတယ်ဆိုပြီး ပြဿနာရှာကြပါတယ်။ တချို့ကျတော့ အင်တာနက်မရလို့ သူတို့ကလေးတွေ စာမလုပ်ရဘူးလို့ ပြောကြတယ်။ တချို့ကျတော့ အိမ်မှာ ကွန်ပျူတာမရှိ တက်ဘလက်မရှိ၊ ကျောင်းကပေးတာလဲ မရောက်သေးလို့တဲ့။ ဒီကိစ္စက နေ့ချင်းညချင်း ရှင်းလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ အင်တာနက်တို့ ဘရော့ဘန်န်တို့ဆိုတာ ချက်ချင်းလက်ဖျောက်တီးပြီး ငွေပုံပေးလိုက်တာနဲ့ ရောက်မလာပါဘူး။ ရောက်လာရင်ကော ခုမှရတဲ့ဟာကို ကျွမ်းကျွမ်းကျင်ကျင်သုံးဖို့ဆိုတာ ချက်ချင်းမဖြစ်နိုင်ပါဘူး။ ဒါတွေက အချိန်ယူရပါတယ်။

ကိုယ်ကွန်ပျူတာနဲ့ အင်တာနက် ဆိုတာကို ၂၀၀၂ ခုနှစ်လောက်မှာ စသုံးတုန်းက ကိုယ့်မောင်လေးသင်ပေးပုံက ရှင်းပါတယ်။ မမ နင် လက်နှိပ်စက်ရိုက်တတ်လား။ အေး။ အဂလိပ်လို ဖတ်တတ်လား။ အေး။ right click နှိပ်တတ်လား။ အေး။ ဒါဆိုရပြီတဲ့။ ဟင် တကယ်လားဆိုတော့ ဟုတ်တယ်တဲ့။ ပျက်သွားရင် ဘယ်လိုလုပ်မလဲဆိုတော့ ငါပြင်ပေးမယ်တဲ့။ ဒါပဲ ကိုယ့် ကွန်ပြူတာသင်ခန်းစာ။ တစ်ပတ်လောက် လုံးချာလပတ် လည်ပြီးမှ အဆင်ပြေသွားပါတယ်။ ခုချိန်ထိ အသုံးဝင်နေတုန်းပါပဲ။

အဲဒီတော့ခုမှ စသုံးတဲ့ ကလေးတွေမှာ အဲဒီလို ကူညီပေးတဲ့သူ ရှိရဲ့လား၊ ပျက်သွားဦးမယ် ငါမလျော်နိုင်ဘူးဆိုတဲ့ မိဘတွေ ဘာလိုလုပ်ကြမလဲ၊ ဒါတွေအားးလုံးဟာ “digital divide” ဆိုတဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ မတူညီပဲကွဲပြားမှု ပြဿနာကို ထင်ထင်ရှားရှား ပြနေပါတယ်။ လူဖြူလူမဲ ပြဿနာလိုပါပဲ၊ အီလက်ထရွန်းနစ်ပစ္စည်းနဲ့ နည်းပညာကို သုံးနိုင်တဲ့သူ သုံးတတ်တဲ့သူတွေနဲ့ မသုံးတတ်တဲ့ မသုံးနိုင်တဲ့ လူတွေကြားက ကွဲပြားမှုပြဿနာဟာ တစ်နေ့ထက်တစ်နေ့ ကြီးလာနေပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်လောက်က သမီးလေး e-learning class အီလက်ထရွန်းနစ် ပစ္စည်းတွေနဲ့ စာသင်တဲ့ အတန်း စသွားပါတယ်။ အိုင်ပက်တွေ ပေါ်ကာစကပေါ့။ ၁၀နှစ်သမီး ၅တန်း ကျောင်းသူကို ဝန်အကြီးကြီး တင်ပေ းလိုက်သလိုဖြစ်မှာစိုးလို့ သူ့ဆန္ဒကိုအခါခါမေးပြီး လုပ်ချင်တယ်ဆိုတာနဲ့ ပေးလုပ်လိုက်တာပါ။ သူဘာလုပ်နေလဲသိရအောင် ကိုယ်လဲ ကျောင်းပြေးတက်လိုက်ပါတယ်။ ပင်ပန်းခံရကျိုးနပ်တယ်လို့ ပြောရပါမယ်။ ကိုယ်တို့ နှစ်ယောက်စလုံး အဆင်ပြေပါတယ်။ သားကလဲ သူ့အမလိုပါပဲ။ ဒီတော့ ကိုယ့်ကလေးတွေ အခုအချိန်မှာ အိမ်က ကျောင်းတက်တာဟာ ကျောင်းသွားတာထက်တောင် ပိုပြီး စာလုပ်ဖြစ်ပါသေးတယ်။ အမေက သူတို့ဆရာမတွေလို ကျောင်းသားတွေ အများကြီးကို ကြီးကြပ်စရာမလိုတော့ ကိုယ့်အလုပ်အားတဲ့အချိန် သူတို့ လုပ်နေတာတွေ ပြေးကြည့်ပြီး ဟိုနားထပ်ထည့် ဒီနားပြင် ဒါလုပ်ပြီးပြီလားနဲ့ ကျပ်ချိန်ရပါတယ်။

ကိုယ်ဆိုလိုတာက အဲဒီလိုအီလက်ထရွန်းနစ်ပစ္စည်းတွေနဲ့ စာသင်နေကျတဲ့ကလေး၊ အင်တာနက်ကို အန္တရာယ်ကင်းအောင် ဘယ်လိုသုံးရမလဲဆိုတာကို သိတဲ့ကလေး၊ ဘယ်ကြီးကြပ်ရမယ်ဆိုတာကို သိတဲ့မိဘနဲ့ ခုမှ စရမယ့် ကလေးတွေနဲ့ မိဘတွေကြားက ကွာခြားချက်ဟာ ကြီးလွန်းပါတယ်။ ဝမ်းနည်းစရာပါပဲ။ ဒါပေမယ့် ၁၉၉၅ နောက်ပိုင်းမွေးတဲ့ Generation Z နဲ့ ၂၀၀၅ နောက်ပိုင်းမွေတဲ့ Generation alpha မျိုးဆက်တွေဟာ ဒစ်ဂျစ်တယ်မီဒီယာတွေ အင်တာနက်တွေကြားမှာ မွေးလာတဲ့ အတွက် digital native တွေလို့ ခေါ်ကြပါတယ်။ ဒီတော့ သူတို့ရဲ့ ဒစ်ဂျစ်တယ်သင်ကြားမှုမှာ ပါဝင်နိုင်မှုစွမ်းရည်ဟာ ကိုယ်တို့ ခေတ်ဟောင်းပိုင်းမျိုးဆက် (digital immigrant)တွေလို နှေးနှေးကွေးကွေးမဟုတ်ပဲ မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ရပါကြောင်း ပရိတ်သတ်အပေါင်းတို့ ခင်ဗျား။

ကိုယ်တကယ်ရေးချင်တဲ့ ပျော်စရာသတင်းလာပါပြီ။ ဒန်တန့်တန်........

မနက်ဖန် အဘိုးကပ္ပတိန်တွမ်ရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ပါ။ အသက်၁၀၀ပြည့် မွေးနေ့မှာ အမျိုးသားကျန်းမာရေးဌာနကို ငွေတစ်ထောင်လှူနိုင်ဖို့ ဧပြီလ ၁၀ ရက်နေ့ကစလို့ ခြံထဲမှာ အပတ် ၁၀၀ လမ်းလျောက်ဖို့ ကတိပေးပြီး အလှူခံခဲ့ပါတယ်။ အဖိုးရဲ့ ဝတ်စုံပြည့်နဲ့ ကြိုးကြိုးစားစား လမ်းလျှောက်နေတာကို ကြည့်ပြီး သဒ္ဓါပေါက်လာကြတဲ့ တစ်ကမ္ဘာလုံးကလူတွေ ဝိုင်းလှူလိုက်ကြတာ အခုဆို ၂၉ မီလီယံ ပေါင် (မြန်မာကျပ်ငွေ ကုဋေ ၅၀၀) အထိ ရသွားပါပြီ။ ဧပြီလ ၁၆ ရက်နေ့က အပတ် ၁၀၀ ပြည့်သွားပါတယ်။ ဒါပေမယ့် လူတွေက ဆက်လှူနေသေးတော့ ဆက်လျှောက်ဦးမယ်ဆိုပြီး ဆက်လျှောက်နေပါသေးတယ်။

ဒါတင်မကပါဘူး၊ ကျန်းမာရေးဌာနက သံပြိုင်တေးအဖွဲ့ နဲ့ မိုက်ကယ်လ် ဘောလ်ဆိုတဲ့ အဆိုတော်တစ်ယောက်နဲ့ အတူ You'll Never Walk Alone ဆိုတဲ့ သီချင်းကို ရံပုံငွေအတွက် ထုတ်ပါတယ်။ ဒီသီချင်းဟာ ဗြိတိန်ရဲ့ လူကြိုက်အများဆုံးသီချင်းစာရင်းမှာ ရက်သတ္တပတ် ၈ပတ်ကြာ နေရာယူထားတဲ့ အဆိုတော်  The Weeknd ရဲ့ Blinding Lights ဆိုတဲ့သီချင်းရဲ့နောက်ကို မီလုမီခင်အထိ ပြီးခဲ့တဲ့ကြာသပတေးနေ့က ရောက် လာခဲ့ပါတယ်။ ချစ်စရာကောင်းလိုက်ပုံက အဆိုတော်  The Weeknd ဟာ ပရိသတ် ၁၁.၈ သန်းရှိနေတဲ့ တွစ်တာ စာမျက်နှာမှာ အဘိုးတွမ် သီချင်းထုတ်ထားကြောင်း၊ သူဟာ အမျိုးသားကျန်းမာရေးဌာနအတွက် အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် အလှူခံပေးထားပြီး ဖြစ်ကြောင်း သူ့အသက် ၁၀၀ ပြည့်တဲ့အချိန်မှာ ဗြိတိန်ရဲ့ နံပါတ် ၁ ဖြစ်လာနိုင်ကြောင်း သူအားပေးနေကြောင်း ရေးတင်ပေးထားပါတယ်။ အဘိုးကရော သူနဲ့အတူဆိုတဲ့ အဆိုတော်ကြီးကပါ The Weeknd ရဲ့ သဘောထားကြီးပုံနဲ့ စိတ်ကောင်းစေတနာရှိပုံကို လူသိရှင်ကြား ကျေးဇူးတင် ချီးမွမ်းခဲ့ကြပါတယ်။ အခုအချိန်မှာ အဘိုးရဲ့ သီချင်းကို လူ ၈၂,၀၀၀ ကျော်လောက်ဝယ်ယူအားပေးခဲ့ကြပြီး ဒီနှစ်အတွက်အရောင်းရအသွက်ဆုံး သီချင်းတစ်ပုဒ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။ တစ်ဦးတည်းနဲ့အများဆုံး အလှူခံနိုင်တဲ့ ဂင်းနစ် စံချိန်ကိုလည်း တင်နိုင်ခဲ့ပါတယ်။

ဒီလို ထူးခြားလှတဲ့ မဂႅလာ ကျက်သရေ အပေါင်းနဲ့ ပြည့်စုံတဲ့ အဘိုးတွမ်ရဲ့ အသက်၁၀၀ပြည့် မွေးနေ့ပွဲကို ဝိုင်းဝန်းကျင်းပကြဖို့ ဗြိတိန်နိုင်ငံကရော တစ်ကမ္ဘာလုံးက အဘိုးကိုချစ်ကြသူတွေပါ အလုပ်ရှုပ်နေကြပါတယ်။ အဘိုးတို့ခေတ်ကသုံးခဲ့တဲ့ ကိုယ်တို့ မြန်မာတွေနဲ့ ရင်းနှီးတဲ့ စပစ်ဖိုင်းယားလေယာဥ်တွေအုပ်စုဖွဲ့ပျံသန်းပြီး ဂုဏ်ပြုဖို့စီစဥ်ကြပါတယ်။ ဒါပေမယ့် စပစ်ဖိုင်းယားတွေပျံတာကို မြင်ရခဲတဲ့အတွက် လူတွေ အစုအဝေးနဲ့ထွက်ကြည့်ကြမှာစိုးလို့ အဲဒီအစီအစဥ်ကိုပယ်ဖျက်ခဲ့ပြီး တော်ဝင်လေတပ်မတော်က လေယာဥ်တွေပဲ အုပ်စုလိုက်ပျံပြီး ဂုဏ်ပြုကြဖို့ စီစဥ်ထားပါတယ်။ ကမ္ဘာတစ်ဝှန်းလုံး အသက်အရွယ်မျိုးစုံက ပို့ကြတဲ့ မွေးနေ့ကဒ်ပေါင်းက မနေ့ကအထိ တစ်သိန်းကျော်ရှိနေပါပြီ။ ဒီကဒ်တွေကို စေတနာနဲ့ ဝိုင်းဖွင့်ပေးကြတဲ့ လူတွေကလဲ အများကြီးပါပဲ။ သူ့မြေးလေးသွားတဲ့ မူလတန်းကျောင်းက အစည်း အဝေးခန်းမကြီးတစ်ခုလုံး ပြည့်နေပါတယ်။ တော်ဝင်စာတိုက်ကလဲ အဘိုးတွမ်ရဲ့ အသက် ၁၀၀ ပြည့် အထိမ်းအမှတ် အထူးစာတိုက်အမှတ်အသား တံဆိပ်တုံး ထုတ်ပြီး အဘိုးကို သူ့မွေးနေ့မှာ ဂုဏ်ပြုဖို့ စီစဥ်ထားပါတယ်။ အဲဒီတံဆိပ်တုံးမှာ  "Happy 100th Birthday Captain Thomas Moore NHS fundraising hero 30th April 2020" လို့ ရေးထားမှာ ဖြစ်ပြီး အဘိုးမွေးနေ့ ကြာသပတေးနေ့ ကစပြီး သောကြာနေ့အထိ စာဝင်စာထွက်တွေမှာ အဲဒီတံဆိပ်တုံးကို ထုပေးမယ်လို့ ပြောပါတယ်။ တံဆိပ်ခေါင်းစုတာ ကြိုက်တဲ့ကိုယ် လိုချင်စိတ်ပေါက်နေပါတယ်။ လန်ဒန်မှာ ရှိတဲ့သူငယ်ချင်းကို အပူကပ်ဖို့ ကြိုးစားနေပါတယ်။ အဘိုးကိုဂုဏ်ပြုတဲ့ အနေနဲ့ သူ့လို လမ်းလျှောက်ကြသူတွေလဲ ပေါ်လာကြပါသတဲ့။ မနက်ဖန်သတင်းတွေတက်လာရင် ပီတိပြုံးနဲ့ ကြည့်ရဦးမှာပါ။

Stay home, save lives! အိမ်မှာနေ၍ အသက်ကယ်ပါ။
ခင်လေး (Aotearoa)
11:18 p.m. 29.04.2020 Tuesday