Breaking News

သားကြီမောင်ဇေယျ - မတ်တတ်သွားပြီ



သားကြီမောင်ဇေယျ - မတ်တတ်သွားပြီ

(မိုးမခ)ဧပြီီ၂၇၊ ၂၀၂၀

ကျနော်နေတဲ့ တာမွေ မြို့နယ်ကို လော့ဒေါင်း လုပ်လိုက်ပြီဆိုတဲ့ သတင်းကို အမေရိကားက သူငယ်ချင်းတစ်ယောက်က တာမွေအိမ် မှာ ရှိတဲ့ ကျွန်တော့်ကို အကြောင်းကြားပါတယ်။ အမေရိကားက လာတဲ့ သတင်းမို့ မယုံလို့မဖြစ်ဘူး။ အကျင့်က ပါနေပြီ။ မြန်မာနည်းမြန်မာဟန် အတိုင်း နှစ်ပေါင်းငါးဆယ်ကျော် စွဲခဲ့တဲ့ အကျင့်ပါ။ အိမ်ရှေ့ထွက်ကြည်တော့ လူတစ်ယောက်စ နှစ်ယောက်စ လမ်းထဲမှာတွေ့ရ။ ဘာမှ သိပ်ထူးပုံမရ။

အဲထူးတာကတော့ အောက်ထပ်က အသက် ငါးဆယ်ကျော် အဒေါ်အပျိုကြီးနဲ့ အသက် အစိပ်ကျော် နိုင်ငံခြားပြန် အပျိုကြီးပေါက်စ တူမ တသိုက် အော်ကြီးဟစ်ကျယ်နဲ့ အပြန်အလှန် နှုတ်လှန်ထိုး နေကြတာ ပါပဲ။ ခေတ်စကားနဲ့ ဘိုလိုပြောရင်တော့ ဒီဘိတ် (debate) လုပ်နေကြတယ်လို့ ဆိုလိုက ဆိုနိုင်ပါတယ်။

“ဒေါ်လေးကို ဈေးသွားရင် မတ်တတ်သွားလို့ ပြောတာမရဘူးလား။ နိုင်ငံကြီးသားပီသအောင် လို့ပြောနေတာ”

“ဟဲကောင်မတွေ ငါကို အလကားနေရင်း ဆရာ မလုပ်နဲ့ ငါက ဈေးကို မတ်တတ်မသွားလို့ လေးဘက်ထောက် သွားရမှာလား။ နင်တို့က မနေ့တနေ့ကမှ နိုင်ငံခြားကဘွဲယူပြီး ပြန်လာတာ အလကားဘဝင်မြင့်တဲ့ ကောင်မတွေ”

သူတို့ အသံတွေက တဖြည်းဖြည်းကျယ်လာ။ တိုက်ပွဲကပြင်းထန်လာ။ တိုင်းပြည်အတွက် အိမ်ထဲမှာပဲနေပြီး အနာဂတ်အတွက် အိပ်ရေး၀၀ အိပ်နေတဲ့သူကို သူတို့ ကောင်းကောင်း အနှောက်အယှက်ပေးပြီ။ အောင်တပ်တော်ကြီး လေသံနဲ့ ဆဲရရင် အသင်တို့သည် သောင်းကျန်းသူတွေပါတကား။
သူတို့အသံတွေက ကျွန်တော့်နားထဲကို ပိုင်ရှင်မဲ့ဗုံးတွေလို တဝုန်းဝုန်း နဲ့ ဆက်တိုက် ဝင်လာပါတယ်။ ကျွန်တော်မှာ ကတော့ တိုင်းပြည်အတွက် စတေးဟုမ်း နေချိန်မို့ အပြင်မထွက်ရဲ။
အိမ်ရှေ့ဝရံတာက အသာထွက်ကြည့်။ ဘေးတိုက်ခန်းတွေကလည်း ဝရံတာကိုထွက်ကြည့်ကြ။ သူတို့ အပျိုကြီးတသိုက် ခဏငြိမ်သွား။ အချိန် နည်းနည်းကြာတော့ အဒေါ်အပျိုကြီး ဈေးခြင်းတောင်းဆွဲရင်း မျက်နှာဖုံး (mask) တပ်ပြီးထွက်လာ။

ကျွနု်ပ်သည်ကား မြန်မာ့နိုင်ငံရေးလေ့လာသူတွေလို အခြေအနေရပ်ရပ်ကို သုံးသပ်မိပြီ။ နိုင်ငံခြားပြန် တူမတော်တွေ က ခေတ်မီသူတွေပီပီ ခေတ်မီရောဂါ ကိုဗစ် ကိုကာကွယ်ဖို့ ဈေးသွားရင်း mask တပ်သွားဖို့သတိပေး။ အဒေါ်အပျိုကြီးက ဘိလပ်စကားကို နားမလည်သူမို့ ဈေးသွားရင် မတ်တတ်သွားလို့ ကြား ။ အဒေါ် အပျိုကြီးက မတ်တတ်မသွားလို့ လေးဘက်ထောက်သွားရမှာလားလို့ ပြန်ပြော။ အဲဒီအခါ ရပ်ကွက်ထဲအော်ကြီး ဟစ်ကျယ်ဖြစ်။ ခုတော့ အစဉ်ပြေသွားပြီ။ ဘယ်ငြိမ်းချမ်းရေးညီလာခံမှ မခေါ်ပဲ အစဉ်ပြေသွားပြီ။

ဒီလိုနဲ့ ဒီခေတ် ဒီကပ် ကြီးထဲ မှာ ဘိလပ်စကားကို နည်းနည်းပါးပါးသိထားဖို့လိုတယ်ဆိုတာ သဘောပေါက်သွား။

ဘိလတ်မြေနဲ့ ဆောက်တဲ့ ခုနှစ်လွှာ တိုက်ခန်းမှာနေ၊ ဘိလတ်ရေကိုသောက်၊ ဘိလတ်ပြန်သန်း သီချင်းဓါတ်ပြားကိုမှ နားသောတ ပန်ဆင်လိုတဲ့ အကျွန်ပ် ဘိလတ်စကားလေးတော့ သင်မှ ဖြစ်တော့မည် ဆိုတဲ့ အသိတရားကြီးကြီး အဲဒီ အချိန်က စလို့ ရခဲ့ရ။

မတ်(mask) ဟုခေါ်သော မျက်နှာဖုံးကြီးကို တပ်ရတော့မယ် ဆိုတော့လည်း သူများလို ဘုမသိ၊ ဘမသိ ဘာမှန်းမသိ၊ မတပ်ချင်ပါ။ မတ် (mask)နောက်ခံ သမိုင်းကိုလေ့လာ ဖို့လိုပါတယ်။ အတတ်နိုင်ဆုံး ဘိလတ်ဘာသာစကားနဲ့ လေ့လာဖို့လိုပါတယ်။ အဲလိုလေ့လာပြီးမှ လူစုစု လက်ဖက်ရည်ဆိုင်တွေမှာ လူထုကိုပညာပေးနိုင်မှာ။ ဘိုလို ညှပ်ပြောပြီဆိုတော့ နားမလည်သူတွေကလည်း နားလည်သယောင် ခေါင်းလေးတညိတ်ညိတ်၊ ဘာမှန်းမသိသူတွေကလည်း မျက်လုံးကလေး ကလည်ကလည်နဲ့ ပြန်မမေးရဲ။ အတိုင်းမသိ ခန့်ညားလိုက်တဲ့ ငါ ကိုယ်တော် ပါတကား။

ကဲပြောနေကြာတယ်။ ခင်ဗျားတို့မတ် (mask) လို့ခေါ်တဲ့ မျက်နှာဖုံးအကြောင်း ကျွနု်ပ် ဘိုလိုလေ့လာထားတာလေး ပြောပြမယ်။ ခင်ဗျားတို့ကို အဝဲနက် (awareness) လုပ်တာပါ။ ခင်ဗျားတို့ကို ဉာဏ်အလင်းဖွင့်ပေးတာပါ။ ကျွနု်ပ် တတ်ကြောင်း သိကြောင်းကြွားချင်လို့မဟုတ်ပါ။ သေသေချာချာ နားထောင်နော်။ အဟမ်း။

မျက်နှာဖုံးခေါ် mask ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ကိုထောင်ကျော် ကတည်းကစတင်ပေါ်ပေါက်ခဲ့တယ်လို့ ဆိုတယ်။ အကြောင်းအမျိုုးမျိုး၊ နည်းလမ်းအသွယ်သွယ်၊ ပုံသဏ္ဍာန် အစုံစုံနဲ့ သုံးစွဲခဲ့ကြတယ်လို့သိရတယ်။
ပြင်သစ်ပြည်တောင်ပိုင်း ဂူသချိုင်း တခုမှာ မျက်နှာဖုံး (mask ) အထောက်အထားကို ပထမဆုံးစတင်တွေ့ရတယ်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း နှစ်သောင်းခန့်က သမင်ဦးခေါင်းပုံ ဆေးခြယ်ထားတဲ့မျက်နှာဖုံးကို တွေ့ရတယ်။

အီဂျစ်ရုပ်အလောင်းတွေနဲ့ အာဖရိက ရိုးရာပွဲအမျိုးအမျိုး အခန်းအနား အမျိုးမျိုးမှာလည်း မျက်နှာဖုံးကို တပ်ဆင်သုံးစွဲကြတယ်။ မျက်နှာဖုံးဆိုတဲ့ အတိုင်း မူလမျက်နှာကိုဖုံးကွယ်ဖို့ ရည်ရွယ်ချက်နဲ့ မျက်နှာမှာတတ်ဆင်ကြတာလို့ဆိုတယ်။ ကဲကဲ ကျန်တာတော့ ခင်ဗျားတို့ ကိုယ်ဖာသာကိုယ်လေ့လာကြတော့။
ကျွန်တော် လက်ဆေးရဦးမယ်။ အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေ နဲ့ ထင်ရှားတဲ့ အနုပညာသည်တွေက က ရုပ်သံ ထဲမှာ ခဏ ခဏ လက်ဆေးပြနေတယ်။ သူတို့ကို အားနာလို့နော်။

ဒိထက် အမျှော်အမြင်ကြီးတဲ့ ခေါင်းဆောင်တွေက မနှစ်ကတည်းက ရောဂါစစ်စက်တွေဝယ်ထားတယ်။ အဲဒီစက်တွေကို အခု အဆင့်မြှင့်လိုက်ပြီ။ အခုလို အရေးကြီးပြီဆိုမှ ကိုရီးကားရုပ်ရှင်ထဲကလို စပရိုက် လုပ်ပြီး ပြည်သူတွေကိုထုတ်ပြလိုက်တာ။ အံ့ကို သြသွားတာပဲ။ လက်ခုတ်တောင်တီးမိတယ်။ မြန်မာ နတ်ကောင်းနတ်မြတ်တွေသာမက စိန တိုင်းက မိုးနတ်မင်းကြီးကို ကျေးဇူးတင်မိပါ၏။ အော်မီတော်ဖေါ် ပါ မိုးနတ်မင်းကြီး။ ဥရောပ နတ်မင်းကြီးတွေကိုလည်း အလေးအမြတ်ပြုပါ၏။ ဘာသာပေါင်းစုံ ဘုရားတွေကိုလည်း ကိုးကွယ်ပါ၏။ ဆည်းကပ်ပါ၏။ အာမင်။

အသင် ကိုဗစ် ရဲ့ ကျေးဇူးတော်ကြောင့် တလကျော်ကျော် အိမ်မှာ စတေးဟုမ်း နေရတာကြောင့် သောက်နေကြ ဆေးလည်းကုန်ပြီ။ စိတ်တွေလည်း ဂယောင်ခြောက်ခြားဖြစ်ေနေပြီ။ ပါတီသစ်ထောင်ပြီး သမ္မတ လုပ်ရင်ကောင်းမလားဆိုတဲ့ အတွေးတွေလည်း ခေါင်းထဲ ခဏ ခဏ ဝင်လာနေပြီ။ ဆရာဝန်ဆီသွားရပါတော့မယ်။ မစိုးရိမ်ကြပါနဲ့ မတ်တတ်သွားမှာပါ။ လေးဘက်ထောက်မသွားပါဘူး။
ဆိုစကားလေးတခုရှိပါတယ်။
မျက်နှာဖုံးရဲ့နောက်ကွယ်မှာ မျက်နှာတွေရှိပြီး မျက်နှာရဲ့နောက်ကွယ် ဇာတ်လမ်းတွေရှိတယ်တဲ့။
ကျွန်တော် နောက်ကြောင်းတွေ သိချင်လို့ မျက်နှာဖုံးကိုတော့ မချွတ်လိုက်ကြပါနဲ့။
ကျွန်တော်မှာ ဖုံးကွယ်စရာ ဇာတ်လမ်းဆိုလို့ ကေတီဗွီ ကို လစ်ရင်လစ်သလိုသွားတာလေးပဲရှိပါတယ်။ ဖုံးထားတာလဲမရှိသလို ဘုန်းထားတာလဲ မရှိပါဘူး။ တကယ်တော့ ကျွန်တော်မျိုးက ကိုဗစ်ကိုကြောက်လို့ ရိုးရိုးသားသား မျက်နှာဖုံးတပ်ထားတာပါ။ မတ်တပ်သွားတာပါ။
လေးဘက်ထောက် မသွားပါဘူး။
စိတ်ချပါ။
ခင်ဗျားတို့လည်း မတ်တပ်သွားကြနော်။
သားကြီးမောင်ဇေယျ
(၂၄-၄-၂၀၂၀)