Breaking News

ညိုထက်ညို - သစ်ခွဲသမားများ နိုးကြားပါစေ



Photo Credit- Al Jazeera

ညိုထက်ညို - သစ်ခွဲသမား များ နိုးကြားပါစေ

(မိုးမခ) ဧပြီ ၂၈၊ ၂၀၂၀

အခုဆိုရင် တစ်လခွဲ လောက်တော့ ရှိပြီ ထင်ပါတယ်….

သိကြတဲ့အတိုင်း ဒီ တစ်လခွဲအတွင်းမှာ လက်ဖက်ရည်ဆိုင်လည်း မထိုင်ရ၊ အပြင်လည်း မထွက်ရ၊ ဘီယာလည်း မသောက်ရ၊ သူငယ်ချင်းတွနဲ့ လေလည်း မပန်းရ၊ ဘောလုံးပွဲတွေလည်း မကန်ကြတော့လို့ မကြည့်ရ၊ မဟုတ်တာလေး ဟုတ်တာလေးလည်း မလုပ်ရ၊ ရံဖန်ရံခါ တိုရေရှားရေ KTV လေး ဘာညာလည်း မသွားရတော့ လူက အရှင်လတ်လတ် ‘ပျင်း’ လာတယ်။

အဲဒီလို အခြေအနေမှာ ကျွန်တော် စာတစ်ပိုဒ်ကို ဖတ်မိတယ်။
…………………. …………………. …………………….

စာရေးတဲ့သူက မြန်မာပြည်မှာ နာမည်ကျော်ထဲ ပါတဲ့ Facebook က Social influencer တစ်ယောက် ပါတဲ့….

မြန်မာပြည်နဲ့ အထင်ကရဝေးနေခဲ့သူကျွန်တော့်အတွက်တော့ သူ ဘယ်သူဆိုတာ ဖြူသလား မည်းသလား မပြောပါနဲ့၊ ယောကျာ်းလားမိန်းမလားတောင် မနေ့တစ်နေ့ကမှ သိပါတယ်။ ဒါပေမဲ့ သိလိုက်ရတဲ့ အချက်အလက်တွေအရ သူဟာ မြန်မပြည်သူလူထုရဲ့အသည်းကျော်လို့ပြောရမယ့် Facebook မှာ social influencer အဆင့်ရှိသူဆိုတာ ကျွန်တော် သိလိုက်ရတယ်။

သိလိုက်ရတဲ့အတိုင်း ကျွန်တော်ဖတ်လိုက်ရတဲ့ သူရေးတဲ့ စာကို ‘like’ ပေးထားတဲ့ အရေအတွက်ကလည်း ၁၈၀ဝ၀ လောက်တောင် ရှိတယ်။

အဲဒါနဲ့ ကျွန်တော်စိတ်ဝင်စားလာလို့ သူရဲ့ Facebook profile ကိုသွားကြည့်တော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွဲရိုက်ထားတဲ့ဓာတ်ပုံကို cover photo အနေနဲ့ တင်ထားတာ တွေ့တယ်။

Follower အရေအတွက်အနေနဲ့ကတော့ တစ်သန်း နှစ်သိန်း ကျော်တောင်ပါတဲ့….

ခေါ်လည်းခေါ်ထိုက်ပါတယ်။ facebook သုံးတဲ့ ဗမာပြည်ကလူတွေကို သူဟာ လွှမ်းမိုးသူလို့။

…………………………….. ………………………. …………………………..

သူရေးတဲ့ စာကိုဖတ်ကြည့်လိုက်တော့ အခုလက်ငင်း ကျွန်တော်ဖြစ်နေတဲ့အတိုင်း ခံစားနေတဲ့အတိုင်း ဖြစ် နေတယ်။

ဘာတဲ့… အပြင်ထွက်ပြီးမစားရတာ တစ်လခွဲလောက်ရှိခဲ့ပါပြီတဲ့…. မျက်လုံးထဲမှာ ဘာကြည့်ကြည့် ဂဏန်းမဆလာနဲ့ မာလာရှမ်းကောပဲ မြင်နေပါသတဲ့…. ဝက်သားတုတ်ထိုး စားချင်ပါသတဲ့…. KTV သွားချင်ပါသတဲ့… ဘီယာဆိုင်မှာ ဘီယာသွားသောက်ချင်ပါသတဲ့….မူးမူးနဲ့ အလေးအနက်တွေကော ပေါ့ပျက်ပျက်တွေပါ ဘော်ဒါတွေနဲ့ ပြောချင်ဖောချင်ပါသတဲ့…. Shopping ထွက်ဖို့မပြောနဲ့ ဈေးတောင်မသွားရဲလို့ City mart က ဈေးအကြီးဆုံး စားသောက်ဖွယ်ရာတွေသာ ဝယ်စားနေရပါသတဲ့….လူလည်း အိမ်မှာပဲနေပြီး လုပ်စရာမရှိ အစားပဲစားမိနေလို့ ဝ လာပါသတဲ့…. ပုဂံကနေ ဥရောပအထိ ခရီးစဉ်တွေ စိတ်ထဲဆွဲထားပေမယ့် အခု အနေအထားအရ ရန်ကုန်တစ်ဖက်ကမ်းက ဒလတောင်မသွားရဲလို့ ဒုက္ခရောက်နေရပါသတဲ့….ဘော်ဒါတွေကို လွမ်းပါသတဲ့… အပြင်စာတွေကို လွမ်းပါသတဲ့… သတဲ့ သတဲ့ သတဲ့ …. မိတ်ကပ်လေးအွန်ပြီး ဖင်လေးခါ လမ်းလျှောက်ထွက်ချင်ပါသတဲ့… အထုပ်အပိုးလေးပြင်ပြီး ရောက်ရာပေါက်ရာ ခရီးသွားချင်ပါသတဲ့….

သူ့ရဲ့သတဲ့ ပေါင်းများစွာကိုဖတ်အပြီးမှာ ကျွန်တော် သက်ပြင်းချမိတယ်….

ကျွန်တော်နဲ့ တူတာတွေလည်း ရှိပါတယ်၊ မတူတာတွေလည်း ရှိပါတယ်….

ဘဝက အသိကို ပြဌာန်းပါတယ်။ အစားအသောက် ဝါသနာမပါတဲ့ ကျွန်တော့်အတွက်တော့ အပြင်စာ ကော အိမ်စာ ကောဟာ ဘာမှ အဓိပ္ပာယ်မရှိပါ။ ဘီယာတော့ ကြိုက်ပါတယ်။ သူ့ ကို ထောက်ခံပါတယ်။ ဘီယာ သောက်ချင်ပါတယ်။ မူးမူး နဲ့ ဟိုပြောဒီပြော ပြောဖို့တော့ ကျွန်တော့် အသက် ဟာ သူ့ ထက် မုချ ကြီးရင့်ခဲ့ပါပြီ။ ကျွန်တော် ငြီးငွေ့ခဲ့ပါပြီ။ သူ ကတော့ shopping လည်း မထွက်ရဲ ဈေးလည်း မသွားရဲ လို့ city mart က ဈေးကြီးပေ့ ဆိုတဲ့ frozen food တွေနဲ့သာ ညားနေရပါသတဲ့…. ဒါကတော့ ကျွန်တော် နဲ့ မတူနိုင်။ city mart မှာလည်း ကျွန်တော် အမြဲ မဝယ်နိုင်။ နောက် ကျွန်တော်ကတော့ မရဲတာ ဘာမှမရှိ၊ နေ့လယ်ကပဲ လမး်ထိပ်မှာ မျက်နှာဖုံး မစွပ်နိုင်ရှာတဲ့ ဆိုက်ကားသမား တွေနဲ့ ထိုင်ပြီး လေပစ်ခဲ့သေးတယ်။ ဈေးကတော့ ကျွန်တော် သွားစရာမလို။ ကျွန်တော့် အိမ်က အိမ်အကူညီမလေးက ၃၈လမ်းဈေး ကို သွားပေးတယ်။ သူမရှိလို့ ကျွန်တော် တစ်ယောက်တည်း ဆိုလည်း ကျွန်တော် မုချ သွားရမယ်။ ကျွန်တော့်အတွက် ကိစ္စမရှိ။ သူ့အတွက်တော့ ကိစ္စရှိချင် ရှိလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် အခု ကမ္ဘာတဝှမ်း ကို ပျံ့နှံ့နေရာ ကနေ ကျွန်တော်တို့ ဗမာပြည်အထိပါ ပျံ့နှံ့လာတဲ့ ကူးစက်မြန်တုပ်ကွေးရောဂါကို ကာကွယ်ဖို့အတွက် ကိုယ့်အိမ်မှာပဲ တတ်နိုင်သမျှ နေ နေရတဲ့ ကျွန်တော့်အတွက်ကော သူ့အတွက်ပါ တူညီတဲ့ခံစားချက်တော့ ရှိပါတယ်။

ကျွန်တော်တို့ နှစ်ယောက်စလုံး အပြင် သိပ် ‘ထွက်’ ချင် နေကြတယ်….

ကျွန်တော်က လမ်ဘေးက လက်ဖက်ရည်ဆိုင်မှာ လေပန်းနေတဲ့အချိန်မှာ သူ က KTV ရောက်ချင် ရောက်နေလိမ့်မယ်။ သေချာတာက ကျွန်တော်တို့ နှစ်ယောက်စလုံး အပြင် သိပ်ထွက်ချင်နေကြတယ်။

သူ့ ရဲ့ဘဝအဆင့်အတန်းနဲ့ ကျွန်တော့်ဘဝ အဆင့်အတန်း ကွာလို့သာ ထွက်ခွင့်ရရင် ထွက်ကြမယ့် ‘နေရာ’ တွေ ကွာချင်ကွာမယ်၊ သေချာတာက ကျွန်တော်တို့ နှစ်ယောက်စလုံး အပြင် သိပ်ထွက်ချင်နေကြတယ်။

ဘဝက အသိကို ပြဌာန်းပါတယ်။
………………………….. …………………….. ………………………

ဒီနှစ် ရန်ကုန်နွေဟာ နှစ်ငါးဆယ်အတွင်းမှာ စံချိန်တင် သွားလောက်အောင်ကို ပူခဲ့တယ်….

နှစ်ငါးဆယ်အတွင်း ပါတဲ့… ကျားသားမိုးကြိုး…. အသက်မငယ်တော့တဲ့ ကျွန်တော်တောင် မမွေးသေးတဲ့ အချိန် နဲ့ပါချိန်ပြီး စံချိန်တင်သွားတယ်။

ပူလိုက်တာမှ မပြောပါနဲ့တော့။ ရန်ကုန် နဲ့ ဝေး တဲ့ အအေးပိုင်း ပစိဖိတ် ရဲ့ တစ်နေရာမှာ ၁၁နှစ် လောက် ကြာခဲ့တဲ့ ကျွန်တော့်အတွက် မခံမရပ်နိုင်အောင် ကို ပူတယ်။

ပူတာမှ ညဘက် အိပ်လို့ပါမရတော့။ ဖွင့်ထားတဲ့ အဲကွန်းပါ မနိုင်။ အိမ်ထဲမှာ ခံစားနေရတဲ့ အပူချိန် က ထုံတုံတုံကြီး။ ဘယ်လိုငရဲနဲ့ လာတွေ့နေရပါသလဲမသိ။ အဲဒီလို ပူပါပေ့ ဆိုတဲ့အချိန်မှာ အခုလို အိမ်ထဲကနေ အိမ်ပြင်ကို တတ်နိုင်သမျှ မထွက်ဖို့ ကန့်သတ်ခံထားရတဲ့ အခြေအနေ နဲ့ လာကြုံတယ်။

သူငယ်ချင်း လုပ်ငန်းရှင်တစ်ယောက်ဆို အပူဒဏ်ကြောင့် အပြင်ထွက်မိတာ ဖျားပါ ဖျားသွားပါသတဲ့။ အဲဒီမှာပဲ သူ ကျွန်တော့်ကိုပြောခဲ့တဲ့ စကားလေးက တစ်သက်မမေ့ နိုင်အောင် စွဲသွားတယ်။

‘သားကြီးရာ မင်းတို့ ငါတို့တောင် ဒီလောက် ပူနေရင် အပြင်မှာ အလုပ်ကြမ်း လုပ်နေရတဲ့ သူ တွေတော့ ဒုက္ခပါပဲကွာ၊ တကယ် ကိုယ်ချင်းစာသွားတယ်၊ ဘယ်လိုများ နေရှာမလဲ’ တဲ့….

သူ့လက်အောက်မှာ အလုပ်သမားတစ်ရာနီးပါးရှိတဲ့ ဘော်ဒါ ဖြစ်သူရဲ့စကားက ကျွန်တော့်နားထဲ အဖန်တလဲလဲ ကို ပဲ့တင်ထပ်သွားတယ်။

ဘယ်လိုများနေရှာမလဲ တဲ့ ။

……………………. …………………….. ……………………….

မွေးကတည်းက အိမ်အကူတွေရဲ့ လက်ထဲမှာ ကျွန်တော် ကြီးပြင်းခဲ့ရပါတယ်။

ကျွန်တော့်ငယ်ဘဝရဲ့အချိန် သုံးပုံနှစ်ပုံလောက်ဟာ အိမ်အကူတွေရဲ့ လက်ထဲမှာ။ ကျွန်တော့်ကို အမေလို တစ်မျိုး အဒေါ်လို တစ်သွယ် သူတို့ ပြုစုစောင့်ရှောက်ရင်းနဲ့ ကျွန်တော် လူလားမြောက်လာခဲ့ရတယ်။ ဝန်ထမ်းဖြစ်သူ အမေက ရုံးမှာ။ သင်္ချာဉာဏ်ရင့်သန်သူ ကရင်အိမ်အကူအစ်မကြီးတစ်ယောက်ဟာ ကျွန်တော့် ရဲ့စာပြဆရာမပါ ဖြစ်ခဲ့တယ်။ ကျွန်တော်နဲ့ မျက်ရည်စက်လက်ခွဲခွာခဲ့ရတဲ့ အိမ်အကူအစ်မကြီးတွေလည်း ရှိခဲ့တယ်။ အဲဒီကနေတောက်လျှောက် ကျွန်တော်ကြီးပြင်းလာတဲ့အထိ ယနေ့ထက်တိုင် ကျွန်တော်တို့ မိ သားစုနဲ့ အိမ်အကူအစ်မကြီးတွေ အခုတော့ ညီမလေးတွေဟာ ထွေးရောယှက်တင် ရှိနေခဲ့ပါတယ်။

ကျွန်တော်တို့ စားသလိုပဲ သူတို့လည်း စားရပါတယ်….

ကျွန်တော်တို့ နေသလိုပဲ သူတို့လည်း နေရပါတယ်….

ဘာတစ်ခုမှ ခွဲခြားဆက်ဆံခြင်း မရှိပါ။ လူတစ်ယောက်ရဲ့တန်ဖိုးကို သူ့ထက် ဘဝအခြေအနေ နိမ့်ကျနေတဲ့ သူတွေအပေါ် သူ ဘယ်လိုဆက်ဆံပါသလဲဆိုတာနဲ့ပဲ ပိုင်းဖြတ်ရမှာပါ။ ဒါပေမဲ့ ကျွန်တော် ဘယ်လိုမှဖန်တီး မပေးနိုင်တာတစ်ခုတော့ ရှိပါတယ်။

သူတို့ကို ကျွန်တော် တစ်နှစ်တစ်ခါ ရက်အပိုင်းအခြားအလိုက် အလွန်ဆုံးတစ်လအထိ သူတို့အိမ် သူတို့ လစာမပျက်ခွင့်နဲ့ ပြန်တာကလွဲလို့ ထပ်မံ အားလပ်ရက်မပေးနိုင်။

တခြားတပါးသော အလုပ်သမားတွေလို သူတို့မှာ တစ်ပတ်ကို တစ်ခါလောက်တော့ သွားချင်ရာကို သွားခွင့်မရှိ။

သူတို့မှာ ရွှေတိဂုံဘုရားဆိုတာ မရှိ၊ သူတို့မှာ တိရစ္ဆာန်ဥယျာဉ် ဆိုတာမရှိ၊ သူတို့မှာ လက်ဖက်ရည်ဆိုင် ဆိုတာ မရှိ၊ သူတို့မှာ ကျွန်တော်တို့ နေထိုင်ရာ တိုက်ခန်းကျဉ်းကျဉ်း ကလေးကလွဲလို့ အခြား ဘာမှမရှိ။

အဲဒီ အနေအထားကို နှစ်ပေါင်းလေးဆယ် လုံးလုံး ကျွန်တော် သတိမူမိဖို့ ပျက်ကွက်ခဲ့ရာက အခု မမျှော်လင့်ဘဲ ကျွန်တော်ကိုယ်တိုင် အပြင် ထွက်ခွင့် မရှိတော့ဘဲ သူတို့ နဲ့အတူ အိမ်မှာပဲ နေနေရတဲ့ ဒီ တစ်လ တစ်လခွဲ လောက်မှာမှ ကျွန်တော် သတိမူ မိခဲ့ပါတယ်။

သူတို့မှာ ဘယ်မှ သွားစရာအခွင့်အရေး မရှိပါ။ သူတို့မှာ ဝက်သားတုတ်ထိုး မရှိပါ။ သူတို့မှာ မာလာရှမ်းကော မရှိပါ။ သူတို့မှာ လက်ဖက်ရည်ဆိုင်မရှိပါ။ သူတို့မှာ ဘီယာမရှိပါ။ သူတို့မှာ KTV မရှိပါ။ သူတို့မှာ ဘာဆိုဘာမှ မရှိပါ။

အဲဒီလို သူတို့ရဲ့အနေအထားကို အခု ကျွန်တော် ကိုယ်တိုင် သူတို့နဲ့တန်းတူနေနေရတဲ့အခြေအနေ ရောက်မှပဲ သတိမူမိခဲ့ပါတယ်။

ကျွန်တော့်အတွက် အခုလို အိမ်မှာနေနေရတဲ့ အခြေအနေဆိုတာ တခဏတာ၊ သူတို့အတွက်တော့ တစ်ဘဝစာ။

ကျွန်တော်တို့သူတို့လို ဘဝအခြေမြင့်သူ လူတန်းစားတွေကသာ ဒီတစ်လလေး အိမ်မှာနေနေရတာကို ဖျတ်ဖျတ်လူးနေတယ်။ သူတို့အတွက်တော့ ဒါဟာ တစ်သက်လုံးကြုံခဲ့ရတဲ့ဘဝ ပကတိ အရှိ။

တကယ်လို့များ သူတို့လိုသာ ကျွန်တော် တို့ ဖြစ်နေခဲ့ရင် သူ ဘာတွေများ ရေးနိုင်ဦးမလဲ မသိ။

ကျွန်တော် တကယ်မသိ။
………………………… ……………………… ………………………

မော်က ပြောခဲ့ဖူးပါတယ်။ ပညာတတ်လူတန်းစားနဲ့ ပစ္စည်းမဲ့လူတန်းစားရဲ့ ပဋိပက္ခဆိုတာ အမြဲရှိနေမှာ ဖြစ် ပေမယ့် ပညာတတ်လူတန်းစားက တာဝန်ယူရပါမတဲ့….

ဒါအမှန်ပါပဲ… ဘယ်တိုင်းပြည်မှာမဆို ဘယ်စနစ်ကိုပဲ ကျင့်သုံးကျင့်သုံး ဘဝအခြေမြင့်သူ၊ နိုင်ငံရေးအာဏာ ကိုချုပ်ကိုင်ထားသူ၊ လက်ထဲမှာသေနတ်ရှိနေသူ၊ တိုင်းပြည်ရဲ့အုပ်ချုပ်သူလူတန်းစားဟာ ပစ္စည်းမဲ့လူတန်း စားရဲ့တာဝန်ကို ယူကို ယူရပါမယ်။ ယူကို ယူရဲရပါမယ်။

အဲဒီလို ယူမှပဲ၊ ယူဖို့အသိ သတိရှိမှပဲ၊ ယူလည်း ယူဖို့ ကြိုးစားမှပဲ၊ ယူလည်းယူနိုင်မှပဲ ဒီကမ္ဘာမှာ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ ငြိမ်းချမ်းခြင်းဆိုတဲ့ လောကပါလပန်းတွေဟာ ပွင့်လန်းလာပါလိမ့်မယ်။

ဒီစာစုကို ကျွန်တော်ရေးနေရင်းနဲ့ပဲ ကျွန်တော်လေးစားတဲ့ ကျွန်တော်ချစ်တဲ့ ဗမာပြည်ကိုပါ သံတမန် တစ်ယောက်အဖြစ် ရောက်ခဲ့ဖူးတဲ့ စာပေနိုဗယ်ဆုရှင် ချီလီအမျိုးသားကဗျာဆရာကြီး ပါဗလိုနီရူဒါရဲ့ ကဗျာတစ်ပုဒ်ကို သတိရလာတယ်။

ကဗျာ ရဲ့ အမည်က ‘သစ်ခွဲသမားများ နိုးကြားပါစေ’ တဲ့…..

’သစ်ခွဲသမားများ နိုးကြားပါစေ’ တဲ့ ။ ။

ညိုထက်ညို