Breaking News

မောင်ရစ် - ကိုဗစ်၁၉မှာ အားလုံးအတူတူ ရင်ဆိုင်ကြပါ


မောင်ရစ် - ကိုဗစ်၁၉မှာ အားလုံးအတူတူ ရင်ဆိုင်ကြပါ

(မိုးမခအယ်ဒီတာ့လက်ရေး) ဧပြီ ၅၊ ၂၀၂၀

မိုးမခမှာ ကိုဗစ်၁၉ ဆိုင်ရာ ဆောင်းပါး စာ ကဗျာ ကာတွန်းတွေ တောက်လျောက်တင်ဖြစ်တယ်။ အယ်ဒီတာတဦးဖြစ်တဲ့ ကိုခင်လွန်းကလည်း သူ့ဘက်က မလစ်ဟင်းစေရဘူး။ ဘာနဲ့ အလားသဏ္ဍန်တူသလဲဆိုတော့ နာဂစ်တုန်းက တယောက်တလက် ဝိုင်းဝန်းပြီး သတင်းတွေ ကယ်ဆယ်ရေးလှုံဆော်မှုတွေ တင်ဆက်ခဲ့ကြရတာကို သတိရမိတယ်။ အဲသည်တုန်းက မြန်မာစစ်အစိုးရဟာ နာဂစ်အခြေခံဥပဒေ အတည်ပြုဖို့ အာရုံစိုက်ပြီး လူသားတွေကို ကယ်ဆယ်ဖို့ ပျက်ကွက်ခဲ့တယ်။ အများဝိုင်းကူကြသူတွေကိုလည်း ဖမ်းဆီး နှိပ်စက် အရေးယူခဲ့တယ်။ ပြည်ပအကူအညီတွေကိုလည်း ပိတ်ပင်တားဆီးခဲ့တယ်။ အဲသည် အကျည်းတန်သော သမိုင်းဒဏ်ရာဒဏ်ချက်ဟာ ခုချိန်ထိ ရှိနေတုန်းပဲ။ အခုကော တိုင်းပြည်အာဏာကို ၂၅ % မက ဆုပ်ကိုင်ထားတဲ့ မြန်မာတပ်မတော်ဟာ သူတို့ကိုယ်သူတို့ပဲ ဗိုင်းရပ်ကူးမလာအောင်ကာကွယ်ဖို့သာ စဉ်းစား ဦးစားပေးပြီး အကာအကွယ်မဲ့တဲ့ ပြည်သူတွေကို တတ်စွမ်းသမျှ ဝင်ရောက် ကူညီဖို့ ကာကွယ်ပေးဖို့ အစအနတောင် မမြင်ရတာ အံ့ဩစရာပါပဲ။ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရတာဝန်ပဲ သူတို့တပ်မတော်နဲ့ မဆိုင်သလိုနေပေမယ့် တိုင်းပြည်က ပြည်တွင်းစစ်ကိုတော့ ကိုဗစ်၁၉ ကပ်ဆိုးကာလမှာတောင် မီးကုန်ယမ်းကုန် တိုက်ခိုက်သတ်ဖြတ်နေနိုင်သေးတာလည်း အံ့ဩဖွယ်ရာ စက်ဆုပ်ရွံ့ရှာ ဖွယ်ရာပဲ။

မြန်မာတပ်မတော်ဘက်က အမြဲတမ်းရပ်တည်ပြီး မြန်မာစစ်အာဏာတည်မြဲရေး စောင့်ရှောက်ပေးခဲ့တဲ့ တရုတ်ပြည်ကြီးမှာတောင် ကိုဗစ်၁၉ ဗိုင်းရပ်အရေးတော်ပုံမှာ သူတို့ပြည်သူတွေကို ပစ်ပယ်ခြင်း အလျင်းမလုပ်ခဲ့တာကို သင်ခန်းစာယူသင့်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်အစိုးရ၊ ပြည်နယ်အစိုးရအသီးသီး နဲ့ တရုတ်ပြည်သူ့တပ်မတော်တို့ဟာ ဗိုင်းရပ်အရေးတော်ပုံကို အချိန်မီီအစောဆုံး တွန်းလှန်တိုက်ခိုက်မှုတွေ အပြင်းထန်ဆုံး ပြုလုပ်ခဲ့ကြတယ် မဟုတ်လား။ လူတိုင်းဟာ သူ့နေရာကနေ သူစွမ်းနိုင်သလောက် ခေါင်းဆောင်မှုပေးကြရတယ်၊ နောက်လိုက်ကောင်းဖြစ်အောင်လည်း ကြိုးစားကြရတယ်ဆိုတာ သည် ကိုဗစ်၁၉ ကပ်ကြီးက ပညာပေးနေတယ်။ ထုတ်ဖော်ပြသနေတယ်။

အမေရိကန်သမ္မတနဲ့ မြန်မာ့တပ်မတော်ခေါင်းဆောင်တွေဟာ ဒီတခါတော့ အတော်ကို တူညီကြတာ တွေ့ရပါတယ်။ ကိုဗစ်၁၉ ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းရာမှာ တကိုယ်ကောင်းဆန်ပြီး အတ္တကြီးပြီး အာဏာမလွတ်ရအောင် နောက်ရွေးကောက် ဆက်နိုင်အောင်၊ မိမိခေါင်းဆောင်မှုအမှားအယွင်းတွေကို သူများအမှားတွေ ဖြစ်အောင် ပုံချပြီး အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရန့် အစွမ်းကုန် ကြဲနေတာဟာ စိတ်ပျက်စရာပါ။ ရှက်စရာပါ။ စက်ဆုပ်ရွံရှာ အော့နှလုံး နာစရာပါ။ တော်သေးတာက ပြည်နယ်ဝန်ကြီးချုပ်တွေက ပြည်ထောင်စုအစိုးရကို အားကိုးမနေဘဲ ကိုယ့်ထူကိုယ်ထ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြည်သူတွေကို ကယ်ဆယ် စောင့်ရှောက်ပေးနေကြပါတယ်။ အမေရိကန်ပြည်သားတွေကလည်း နိုင်ငံသားကောင်းပီသစွာ ပြည်နယ်ခေါင်ဆောင်းကောင်းတွေနောက်က လိုက်နာပြီး ပေးဆပ်နေကြတာဟာ ဝမ်းသာဂုဏ်ယူစရာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ပြည်သူတွေကို ကျေးဇူးတင်တယ်လို့ ပြောသလို ပြည်နယ်ဝန်ကြီးချုပ်တွေကလည်း သူတို့ပြည်နယ်သားတွေကို အသည်းကောင်းလို့ အလေးပြုကြပါသတဲ့။

ကိုဗစ်၁၉ ကပ်ဘေးမှာ သတင်းဌာန အစစ်အမှန်တွေ (ထရန့်၏ fake news media တွေပေါ့) ၏ အခန်းကဏ္ဍကလည်း အလွန်ကြီးမား အားကိုးရတယ်ဆိုတာ သိလာရပါတယ်။ (fox news ကလွဲရင်ပေါ့။ ဖောက်စ်နယူးက ထရန့်တို့ ရှေးရိုးစွဲ လက်ယာစွန်း မျက်ကန်းမျိုးချစ်မီဒီယာကိုး)။ ပြည်သူတွေ အလုပ်သမားတွေက ဆိုရှယ်မီဒီယာတွေ နည်းပညာတွေ အားကိုးနဲ့ ကိုဗစ်ကို တွန်းလှန်ကြပါတယ်။ work from home, social distancing, self isolation, online presence, စတဲ့ စကားလုံးအသစ် နေထိုင်မှုအသစ်တွေနဲ့ ကိုဗစ်ကို ရင်ဆိုင်ကြပါတယ်။ သတင်းမှားတွေ လုပ်ကြံသတင်းတွေ မဟုတ်တန်းတရား စွပ်စွဲမှုတွေ တလွဲဆေးနည်းကားတွေကို ပြည်သူတွေက နည်းပညာ အင်တာနက် အားကိုးနဲ့ ချင့်ချိန်ပြီးမှာ လက်ခံလာကြပါတယ်။ လူထုကနေ ကျန်းမာရေးဝန်ထမ်းတွေ အရေးပေါ်လုပ်သားတွေကို ကူညီ ထောက်ပံ့ပေးဖို့ အားပေးဖို့ကိုလည်း လူထုစိတ်ဓာတ်နဲ့ လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။ အခုချိန်က blame game မဟုတ်ဘူး။ unified game  အပြစ်တင် လက်ညိုးထိုးတဲ့ ကစားပွဲမဟုတ်ဘူး၊ အတူတူလက်တွဲံရင်ဆိုင်ရတဲ့ ကစားပွဲ ဖြစ်လာပါတယ်။

အထူးခြားဆုံးကတော့ ဒေါ်လှကျော်ဇော မိုးမခမှာ အခန်းဆက် ရေးနေတဲ့ ၀ူဟန့်မှပုံပြင်များ ဆောင်းပါးတွေကို ကိုးကားပြီး ပြောချင်ပါတယ်။ တရုတ်ပြည်မှာ စဖြစ်တုန်းက ငါတို့နဲ့ မဆိုင်ဘူး၊ မင်းတို့ဆီမှာ ဖြစ်တာဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ကမ္ဘာကြီးက လက်ပိုက်ကြည့်ခဲ့တာ။ အခု အာရှကနေ အနောက်ကမ္ဘာကို ရောက်၊ အနောက်ကနေ အရှေ့ဘက်ကို ကိုဗစ်က တဖန်ပြည်လည်လာတော့ အားလုံးက အပြစ်တင်တာ လက်ညိုးထိုးတာ မလုပ်ကြတော့ဘူး။ နိုင်ငံတကာက လူသားတွေအားလုံးက လူလူချင်း စာနာထောက်ထားသော စိတ်ဓာတ်နဲ့ ကိုဗစ်၁၉ကို ပြန်လှန် တွန်းလှန်တိုက်ခိုက်ဖို့ ကြိုးစားနေကြတာကို တွေ့ရပါတယ်။ အိမ်တံခါးတွေ ပိတ်၊ နယ်စပ်စည်းရိုးတွေ ပိတ်လိုက်တယ် ဆိုပေမယ့် ဗိုင်းရပ်ကို မကျုးကျော်နိုင် အောင် ပိတ်ကြတာ ဖြစ်ပါတယ်။ လူလူချင်း နှလုံးသားချင်း စိတ်ဓာတ်ချင်း ပိုပြီး နီးစပ် နီးကပ်သွားပါတယ်။ ရင်ချင်းအပ်သလို ကျောချင်းလည်း ပိုကပ်မိကြတာကို တွေ့နိုင်ပါတယ်။ 

 ပြည်သူတွေအချင်းချင်း ပိုပြီး သွေးစည်းညီညွတ်လို့ ရှေးကထက် ပိုပြီး ချစ်လာကြတဲ့ ကိုဗစ်၁၉ ကပ်အရေးအခင်းမှာ ကျနော်တို့တတွေ ကောင်းမွန်သော အမြတ်တွေ ထွက်အောင် လုပ်ရမယ်၊ ပိုကောင်းသော သင်ခန်းစာတွေ ထုတ်ရမယ်။ အရင် အတိတ်ကာလက ခါးသီးမှုတွေ ယုတ်မာမှုတွေ ရက်စက်မှုတွေကို ဆက်လက်သယ်ဆောင်ဖို့ချည်းပဲ စဉ်းစားဆောင်ရွက်နေတာတွေကို ရပ်တန်းက ရပ်ကြဖို့ လိုပါတယ်။ နိဒါန်းမှာ ပြောခဲ့သလို စာကိုယ်မှာ ထောက်ပြခဲ့သလို ငါ့ဘို့ချည်း အတ္တကြီီးမား တကိုယ်တော်ကောင်စားရေး အာဏာတည်မြဲရေးကို ဦးထိပ်တင်ပြီး ပြည်သူတွေကို ချနင်းဖို့ အကျင့်ပါနေတာကို ဖယ်ရှား ခွာချပြီးတော့ ပြည်သူနဲ့အတူတူ လက်တွဲလုပ်ကြဖို့ကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ် ခင်ဗျား။