Breaking News

ထွန်းဝင်းငြိမ်း - မောင်မောင်အေး (စစ်ကိုင်း) (သို့) ခေတ်ပြိုင်မှိုင်းဗေဒကို ဖွင့်ဆိုသူ





ထွန်းဝင်းငြိမ်း - မောင်မောင်အေး (စစ်ကိုင်း) (သို့) ခေတ်ပြိုင်မှိုင်းဗေဒကို ဖွင့်ဆိုသူ

(မိိုးမခ) ဧပြီ ၆၊ ၂၀၂၀

ကလောင်ကောင်းတစ်လက်

လွန်ခဲ့တဲ့ ဇန်နဝါရီလတုန်းက မိတ်ဆွေကြီး ဦးစိုးမြင့်ဆီကတဆင့် ပေးတဲ့ စာအုပ်တစ်အုပ် လက်ဆောင် ရပါတယ်။ ဆရာမောင်မောင်အေး (စစ်ကိုင်း)ရဲ့ “ဆန်းကထာ မှိုင်းကဗျာ” စာအုပ်ပါ။ ဆရာက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၄ နှစ်မြောက်မွေးနေ့ ၂၃၊ ၃၊ ၂၀၂၀ ရက်အမှီ ရန်ကုန်ကို ဆင်းလာခဲ့မယ်။ မဟာမှိုင်းမွေးနေ့မှာ သူ့စာအုပ်ကို မိတ်ဆက်ချင်တယ်။ မိတ်ဆက်ပွဲမှာ ပြောနိုင်ဖို့ စာအုပ်ကို ကြိုပေးထားတာ။ ၂၀၁၆ တုန်းကလည်း ဆရာမောင်မောင်အေးရဲ့ “ဒေါင်းအိုးဝေနှင့် သခင်ကိုယ်တော်မှိုင်း” စာအုပ်မိတ်ဆက်ပွဲကို ဆရာကြီးသခင်ကိုယ်တော် မှိုင်း ၁၄၀ နှစ်ပြည့်မွေးနေ့ပွဲ မတိုင်မီ တရက်မှာ ကျင်းပခဲ့ပါသေးတယ်။

ဆရာက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို အထူးအလေးအနက်ထားပါတယ်။ သူရေးတဲ့စာတွေမှာလည်း ထင်ထင်ရှားရှားတွေ့ရတယ်။ မဟာမှိုင်း မွေးနေ့ပွဲတွေကို ဆရာတို့ ဇနီးမောင်နှံဟာ အလွန်ဝေးလံတဲ့ ကလေးမြို့ကနေ အရောက်လာတာ အတော့်ကို ချီးကြူးစရာကောင်း ပါတယ်။ ဒီနှစ် မဟာမှိုင်းမွေးနေ့ မတ်လ ၂၃ ရက်နေ့အမှီ အရောက်လာချင်တဲ့ ဆရာမောင်မောင်အေးဟာ မတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၃၀ က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကွယ်လွန်သွားကြောင်းကြားရတဲ့အတွက် အလွန်စိတ်မကောင်း ဖြစ်ရပါတယ်။ ဆရာ့မိသားစုနဲ့ ထပ်တူ ဝမ်းနည်းမိပါတယ်။ မြန်မာစာပေလောကအတွက်လည်း ကလောင်ကောင်းတစ်လက် ကြွေလွင့်ဆုံးရှုံးရတယ်လို့ ခံစားရပါတယ်။



မင်းဝံတောင်ရိုးက

ဆရာဦးမောင်မောင်အေး(စစ်ကိုင်း)ရဲ့ အမည်ရင်းက မောင်မောင်အေး ဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ် စက်တင်ဘာ ၄ ရက်မှာ အဖ ဦးဘိုးစိမ့်၊ ဒေါ်သိန်းတင်(တင်တင်)တို့က မင်းဝံတောင်ရိုး စစ်ကိုင်းမြို့မှာ ဖွားမြင်ခဲ့ပါတယ်။ ဆရာဟာ ငယ်စဉ်ကတည်းက ပန်းချီ၊ အနုပညာနဲ့ ကဗျာလင်္ကာတွေကို ဝါသနာပါခဲ့တယ်။ တက္ကသိုလ်ဝင်တန်းကျောင်းသားဘဝက စပြီး စာပေ ရေးသားခဲ့တယ်။ လူထုသတင်းစာရဲ့ အခါကြီး၊ ရက်ကြီး၊ နေ့ထူးနေ့မြတ် (အထူးထုတ်)တွေမှာ ဝင်ရောက် ရေးသားရင်း စတင်ပြီး ကလောင်သွေးခဲ့တယ်။

၁၉၆၈ ခုနှစ်မှာ မန္တလေးတက္ကသိုလ်က ဒဿနိကဗေဒ အဓိကနဲ့ ဝိဇ္ဇာဘွဲ့ရခဲ့ပါတယ်။ အလယ်တန်းပြဆရာ၊ အထက်တန်းပြ၊ အလယ်တန်း ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ စစ်ကိုင်းဆရာအတတ်သင်နဲ့ ပညာရေးကောလိပ်မှာ ပညာရေး သဘော တရား လက်ထောက်ကထိက၊ စာကြည့်တိုက်မှူးဘဝမှ အငြိမ်းစားယူခဲ့တယ်။ စစ်ကိုင်းတိုင်း ကလေးမြို့၊ ဗိုလ်ချုပ်လမ်း၊ အောင်မြေမာန် ရပ်ကွက်၊ အိမ်အမှတ် ၃/၈၀ မှာ ဇနီး ဒေါ်ခင်ကြွေဝင်းနဲ့အတူ အခြေချနေထိုင်ခဲ့ပါတယ်။

လူထုသတင်းစာ၊ ရှုဒေါင့်ဂျာနယ်၊ မှိုင်းရာပြည့်၊ စာပေဂျာနယ်၊ မိုးဂျာနယ်၊ ရနံ့သစ်၊ ရုပ်ရှင် တေးကဗျာ၊ ရွှေအောင်လံ၊ ပိတောက်ပွင့်သစ်၊ အတွေးအမြင်၊ နွယ်နီ၊ စပယ်ဖြူ၊ ပန်းလင်္ကာ၊ ခေတ်ရနံ့ စတဲ့ မဂ္ဂဇင်းတွေမှာ ရေးသားခဲ့ပါတယ်။ လုံးချင်းစာအုပ်အဖြစ် (၁)ဒေါင်းအိုးဝေနှင့် သခင်ကိုယ်တော်မှိုင်း၊ ၂၀၁၆ ခုနှစ်၊ မဟာမှိုင်းစာပေ။ (၂) ဆန်းကထာ မှိုင်းကဗျာ၊ ၂၀၁၉၊ စိတ်ကူးချိုချို တို့ ထွက်ရှိခဲ့ပါတယ်။

စာပေကျေးဇူးရှင်

ဆရာဦးမောင်မောင်အေး(စစ်ကိုင်း)ဟာ လူထုသတင်းစာက မွေးထုတ်ပေးခဲ့တဲ့ ကလောင်တလက် ဖြစ်ပါတယ်။ လူထုသတင်းစာ ပဲ့ကိုင်ရှင် ဆရာလူထုဦးလှနဲ့ သူ ကလောင်စသွေးရာ လူထုစာပေစင်မြင့် ထိစပ်ခဲ့ပုံကို “မှိုင်းနှင့် လူထုဦးလှ၊ လူထုဦးလှနှင့် မှိုင်း”ဆောင်းပါးမှာ အခုလို ရေးသားခဲ့ပါတယ်။

“လူထုဦးလှသည် ကျွန်တော်၏ စာပေကျေးဇူးရှင်တစ်ဦးဖြစ်သည်။ ကျွန်တော်သည် ငယ်စဉ်ကတည်းကပင် စာရေးစာဖတ် ဝါသနာပါသည်။ အခါကြီးရက်ကြီး သတင်းစာ အထူးထုတ်နေ့များတွင် ဝင်ရောက်ကလောင်သွေးခဲ့သူ ဖြစ်သည်။ ကျွန်တော်၏ စာကို ပုံနှိပ်စာလုံးအဖြစ် ပထမဦးဆုံး လူထုသတင်းစာမှာ တွေ့ရသည်။

ကျွန်တော်သည် စစ်ကိုင်းမှာမွေး၍ စစ်ကိုင်းမှာပင် ကျောင်းနေခဲ့သူ ဖြစ်သည်။ ကျွန်တော် အထက်တန်းကျောင်းသားဘဝက သတင်းစာတိုက် များသို့ ဆောင်းပါးနှင့် ကဗျာများ ရေးသားပေးပို့လေ့ရှိသည်။ သင်္ကြန်နှစ်သစ် ကူး၊ ကဆုန်လပြည့်နေ့၊ ဝါဆိုလပြည့်နေ့၊ အာဇာနည်နေ့၊ အမျိုးသားအောင် ပွဲနေ့၊ စာဆိုတော်နေ့ စသော နေ့ထူးနေ့မြတ်များနှင့် အထိမ်းအမှတ်နေ့များ တွင် ကလောင်အမည် အမျိုးမျိုးဖြင့် ဝင်ရောက်ရေးသားခဲ့ပါသည်။ ရန်ကုန် မှ ကြေးမုံနှင့် ဟံသာဝတီသတင်းစာ၊ မန္တလေးမှ လူထုသတင်းစာတို့ ဖြစ်သည်။”



မိဘများနဲ့ မှိုင်းသခင်

ဆရာကြီးသခင်ကိုယ်တော်မှိုင်းကကကို ဆရာမောင်မောင်အေး သာမက ဆရာ့ရဲ့ မိဘတွေကလည်း လေးစားကြည်ညိုကြပါတယ်။ သူရဲ့ ''ဇာတိမာန် စာဆိုကြီး သခင်ကိုယ်တော်မှိုင်း'' ဆောင်းပါး လူထုသတင်းစာမှာ ဖော်ပြခံရတဲ့အတွက် ဂုဏ်ယူခဲ့ရပုံကို အခုလို ဆက်လက်ပြီး တင်ပြပါတယ်။

“မှတ်မိပါသေးသည်။ ၁၉၆၂ ခုနှစ်က ဖြစ်သည်။ သခင်ကိုယ်တော်မှိုင်း၏ ၈၇ နှစ်မြောက် မွေးနေ့သည် (မြန်မာနှစ် ၁၃၂၃ ခု) တပေါင်း လပြည့်ကျော် ၁၄ ရက်နေ့တွင် ကျရောက်သည်။ ထိုနေ့တွင် သတင်းစာ အထူးထုတ်သည်၊ မထုတ်သည်မသိပါ။ ''ဇာတိမာန်စာဆိုကြီး သခင်ကိုယ်တော်မှိုင်း'' ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးပြီး လူထုတိုက်သို့ စာတိုက်မှ ပို့လိုက်လေသည်။

၁၉၆၂ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ထုတ် သတင်းစာတွင် ပါလာသည်။ ကျွန်တော် အလွန်ပျော်သွားသည်။ အလွန် နှစ်သက်ကျေနပ်မိသည်။ အဘယ်မှာလျှင် ကျွန်တော် မနှစ်သက် မကျေနပ်ပဲ ရှိပါမည်နည်း။ ကျွန်တော်၏ ''ဇာတိမာန်စာဆိုကြီး သခင်ကိုယ်တော်မှိုင်း'' ဆောင်းပါးသည် ကျွန်တော်တို့ မြန်မာတစ်မျိုးသားလုံး ကြည်ညိုအားထားသည့် သခင်ကိုယ်တော်မှိုင်းကြီး အသက်ထင်ရှား ရှိနေစဉ် ပါလာသောကြောင့်တည်း။ ကျွန်တော်၏ မိခင် ဖခင် တို့ကလည်း သည်အတွက် ဂုဏ်ယူမဆုံး ဖြစ်ကြသည်။ မှန်သည်။ ကျွန်တော်၏ မိဘများသည် မှိုင်းသခင်ကို အလွန်တရာ ကြည်ညိုအားထားကြသူများပင် ဖြစ်ပါသည်။”

ပထမဦးဆုံး ဝတ္ထုတို

ဆရာရွှေဥဒေါင်းရဲ့ မောင်သိန်းတင် မသိန်းရှင် ဝတ္ထုကို ပထမဦးဆုံး ခေတ်ပေါ်ဝတ္ထုတိုဟု ဆိုကြပါတယ်။ ဆရာမောင်မောင်အေးကတော့ ''ဝတ္ထုတိုအစ ဗိုလ်ဋီကာအဆက်က''လို့ ဆိုထားတာဟာ သုတေသနဆန်တဲ့မှတ်ချက်ဖြစ်ပါတယ်။ အဲဒီ ၀တ္ထုတိုကိုလည်း ကဗျာဆန်တဲ့ ဘဲလက်စာမွန်အဖွဲ့နဲ့ ရေးသားထားတယ်လို့ ဆိုပါတယ်။ ဒေါင်းအိုးဝေနှင့် သခင်ကိုယ်တော်မှိုင်းစာအုပ်ထဲက “သခင်ကိုယ်တော်မှိုင်း၊ ဘဲလက်နှင့် မြန်မာစာပေ”မှာ ဆရာ ရေးသားတင်ပြခဲ့တာက စာပေသုတေသီတွေ ဂရုပြုလေ့လာစရာဖြစ်မယ် ထင်ပါတယ်။

“၁၉၁၄ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ထုတ် သတင်းစာတွင်မူ ''မစ္စတာ မောင်မှိုင်း အညာသို့ ပြန်သွားရာ ရထားပေါ်က ရေးပေးလိုက်သော ဗိုလ်ဋီ ကာအဆက်''ဟူသော စာမွန်တစ်ခုပါလာသည်။ ဘဲလက်စာမွန်အဖွဲ့ဖြင့် ရေးသားထားသည်။ ဘဲလက်ဆိုသည်မှာ မိမိတင်ပြလိုသော အကြောင်းရပ်တစ်ခု ခုကို သို့မဟုတ် တစ်ကွက်ကွက်ကို စာပေအနုပညာ ရသပြောင်မြောက်စွာဖြင့် ဖွဲ့ဆိုထားခြင်းဖြစ်သည်။ အနောက်တိုင်း ပြင်သစ်စာပေမှ စတင်ပေါ်ပေါက် လာခဲ့သည်ဟု အဆိုရှိသည်။ မြန်မာစာပေတွင်လည်း ရှိသည်။ သို့သော် တွေ့ရခဲသည်။

မှိုင်းသည် သူတင်ပြလိုသော အမျိုးသားရေးအကြောင်းရပ်တစ်ခုခုကို ဘဲလက်စာမွန်အဖွဲ့ဖြင့် ရေးလေ့ရှိသည်။ ဘဲလက်အဖွဲ့သည် ကဗျာအဖွဲ့လည်း ဖြစ်နိုင်သည်။ စကားပြေအဖွဲ့လည်းဖြစ်နိုင်သည်။ ကဗျာဆန်သော စကားပြေ အဖွဲ့လည်း ဖြစ်နိုင်ပါသည်။ ''ဗိုလ်ဋီကာ အဆက်'' ဟူသော ဘဲလက်စာမွန်ကိုမူ အယ်ဒီတာထံပေးစာ၊ မေတ္တာစာပုံစံဖြင့် ရေးသားထားသည်။

၁၉၁၇ ခုနှစ်၊ မတ်လတွင် သူရိယမဂ္ဂဇင်း ပထမအုပ် ထွက်ပေါ်လာသည်။ ရွှေဥဒေါင်း၏ မောင်သိန်းတင် မသိန်းရှင်ဝတ္ထုပါလာသည်။ နောက်လ များတွင် စုံထောက်မောင်စံရှားဝတ္ထုများ ဆက်ကာဆက်ကာ ပါလာသည်။ ရေးသားသူမှာ ရွှေဥဒေါင်းပင်ဖြစ်၏။ မကြာမီ ပီမိုးနင်း၊ ဇေယျ၊ ညာဏ၊ ဒဂုန်ခင်ခင်လေး၊ မြမျိုးလွင်၊ ဒဂုန်ရွှေမျှား၊ မဟာဆွေ၊ သုခ စသည်တို့ လိုက်လာသည်။ အင်နှင့်အားနှင့် အလုံးအရင်းနှင့် ဖြစ်သည်။ ဝတ္ထုတွေ ပင်လယ်တမျှ ကျယ်ပြောလာလေသည်။

တချို့က မောင်သိန်းတင် မသိန်းရှင် ဝတ္ထုကို ပထမဦးဆုံးထွက်ပေါ်လာသော ခေတ်ပေါ်ဝတ္ထုတိုဟု ယူဆကြသည်။ မဟုတ်ပါ။ မောင်သိန်းတင် မသိန်းရှင်ထက် သုံးနှစ်စောသောအဆင့်မြင့် ဝတ္ထုတိုတစ်ပုဒ် ရှိပါတကား။ “ဗိုလ်ဋီကာအဆက်”ဟူသော ဝတ္ထုကလေး ဖြစ်သည်။ ထို့ကြောင့် ''ဝတ္ထုတိုအစ ဗိုလ်ဋီကာအဆက်က''ဟုဆိုလျှင် ရမည်ထင်ပါသည်။”



မြန်မာစာပေ စင်ကြယ်ရေး

ကျွန်တော်တို့ဟာ များသောအားဖြင့် နဂါးနီစာအုပ်အသင်းအကြောင်းကို ဖတ်ဖူးမှတ်ဖူး ကြပါတယ်။ ဒါပေမယ့် နဂါးနီစာအုပ်အသင်း မပေါ်ပေါက်မီက အမျိုးသားပညာရေးကို အခြေခံတဲ့ ''မြန်မာစာပေ စင်ကြယ်ရေး အဘွဲ့'' အကြောင်းကိုတော့ သိပ်မသိကြပါ။ ဆရာ မောင်မောင်အေးရဲ့ ဒေါင်းအိုးဝေနှင့် သခင်ကိုယ်တော်မှိုင်းစာအုပ်ထဲက “နဂါးနီစာအုပ်အသင်းနှင့် ရှေ့ပြေးအသင်း” နဲ့ “ဆန်းနှင့် မြန်မာစာပေ စင်ကြယ်ရေး” ဆောင်းပါးတွေမှာ အခုလို တင်ပြထားတာက မှတ်သားစရာတွေ အပြည့်ပါပဲ။

“နဂါးနီစာအုပ်အသင်း မပေါ်ပေါက်မီက အမျိုးသားပညာရေးကို အခြေခံသော စာအုပ်အသင်းတစ်သင်းရှိခဲ့ဖူးပါသည်။ ''မြန်မာစာပေ စင်ကြယ် ရေး အဘွဲ့''ဟု ခေါ်သည်။ ၁၉၃၆ တွင် ပေါ်ပေါက်သည်။ ဥက္ကဋ္ဌ သခင်ကိုယ်တော်မှိုင်း၊ အတွင်းရေးမှူး အမျိုးသားမောင်သိန်းမောင်တို့ ဖြစ်သည်။ နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေးတို့ကို ရည်ရွယ်သည်။

''ကမ္ဘာတွင် တိုးတက်နေသော တိုင်းပြည်များကို ကြည့်ပါ။ တက်လူ လူငယ်များက ရှေ့ဆောင်ရှေ့ရွက်လုပ်နေကြသည်ကို တွေ့ရသည်။ ထိုလူငယ် များသည် အဘယ်ကြောင့် ရှေ့ဆောင်ရှေ့ရွက်လုပ်နိုင်ကြသနည်း။ ပညာအခြေ ခံရှိသောကြောင့် ဖြစ်သည်။ ပညာရေးကား နိမ့်ကျလွန်းလှပါတကား။ ကျောင်း သင်ခန်းစာများမှာ အချိန်ကုန် လူပင်ပန်း အကျိုးမရှိ။ သာဓကမှာ မြန်မာ ရာဇဝင်ဖြစ်သည်။ မြန်မာရာဇဝင်ဆရာတို့ ရေးသားသော မြန်မာရာဇဝင်များကို မသင်ရ။ စစ်နိုင်သူ နိုင်ငံခြားသား မျက်နှာဖြူတို့ တောရမ်းမယ်ဖွဲ့ ရေးသားထားသော မြန်မာရာဇဝင်စာအုပ်များကိုသာ ပြဋ္ဌာန်းထားသည်။ မြန်မာတို့ ဝံသာနုစိတ်ဓာတ်နိမ့်ကျပြီး ကျွန်တွင်းမှ မလွတ်မြောက်နိုင်အောင် ဖြစ်၏။ ကျွန်တွင်းမှ လွတ်မြောက်နိုင်ရန် နည်းလမ်းမှာ ပညာရေးဖွံ့ဖြိုးမှ ဖြစ်မည်။ ထို့ကြောင့် ခေတ်နောက်ကျပြီး နိမ့်ကျနေသော ကျောင်းသုံးစာအုပ် များကို ပြန်လည်ဆန်းစစ်ရမည်။ ပြုပြင်ပြောင်းလဲရမည်''ဟု ဆိုသည်။

မြန်မာစာပေ စင်ကြယ်ရေးအဘွဲ့၏ နိုင်ငံခြားသားတို့ ရေးသားထားသော ခေတ်သုံး စာအုပ် စာတမ်းများကို ဘာသာပြန် ရိုက်နှိပ်ထုတ်ဝေ ရန်ဟူသော လမ်းညွှန်ချက်ကို နဂါးနီက အကောင်အထည်ဖော်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် မြန်မာစာပေ စင်ကြယ်ရေးအဘွဲ့၏ အလံကို နဂါးနီစာအုပ်အသင်းက လက်ဆင့်ကမ်းသယ်ယူခဲ့သည်၊ အမွေဆက်ခံခဲ့သည်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။ တစ်နည်းအားဖြင့် နဂါးနီ စာအုပ်အသင်း၏ ရှေ့ပြေးအသင်းမှာ မြန်မာစာပေ စင်ကြယ်ရေးအဘွဲ့ဟု ဆိုနိုင်ပါသတည်း။”

မရှိမဖြစ် နဂါးနီ

တစ်ခေတ်တစ်ခါက တိုင်းပြည်ကို မျက်စိဖွင့်ပေးခဲ့တဲ့ နဂါးနီစာအုပ်တွေကို ဆရာက အောက်မေ့သတိရတယ်။ သူ့ရဲ့ ကျေးဇူးရှင်ဖခင်ကြီးက နဂါးနီစာအုပ်အသင်းဝင်။ မိခင်က စာဖတ်ဝါသနာ ပါသူ၊ စာပေမြတ်နိုးသူ။ စစ်ကြီးအတွင်းမှာ စာအုပ်စာတမ်းတွေကို ထုပ်ထုပ်ပိုက်ပိုက် သိမ်းဆည်းခဲ့တာကို မှတ်မိနေတယ်။ တစ်မြို့ကတစ်မြို့၊ တစ်ရွာကတစ်ရွာ၊ ဘုန်းကြီးကျောင်းတစ်ကျောင်းက တစ်ကျောင်းကို အကြိမ်ကြိမ် အခါခါ ခက်ခက်ခဲခဲ ပြောင်းရွှေ့သယ်ယူခဲ့ရပါသတဲ့။ အဲဒီတုန်းက မြေအောက် စာဖတ်ဝိုင်းတွေနဲ့ နိုင်ငံရေး သင်တန်းတွေမှာ နဂါးနီ စာအုပ်တွေ က မပါမပြီး။ မရှိမဖြစ်ပေါ့။ အဓိကရ လက်စွဲကျမ်းတွေက ဦးဘခိုင်ရဲ့ မြန်မာပြည်နိုင်ငံရေး ရာဇဝင်နှင့် လက်ပံတန်းဦးဘတင်၏ ဂျပန်သူလျှိုတို့ ဖြစ်ကြပါတယ်။ အဲဒီလို အရေးပါတဲ့စာအုပ်တွေကိုထုတ်ခဲ့တဲ့ စာအုပ်အသင်းအကြောင်းကို ဒေါင်းအိုးဝေနှင့် သခင်ကိုယ်တော်မှိုင်းစာအုပ်ထဲမှာ ဆရာက ဒီလို ဖေါ်ပြခဲ့ပါတယ်။

“နဂါးနီစာအုပ်အသင်းသည် စတင်တည်ထောင် သည့် အချိန်မှစ၍ သည်ဒုတိယ ကမ္ဘာစစ်မီး မြန်မာနိုင်ငံသို့ ကူးစက်ပျံ့နှံ့လာ သည့်အချိန်အထိ လေးနှစ်ကာလအတွင်း စာအုပ်အမျိုးပေါင်း ခြောက်ဆယ်ကျော် တရစပ်ထုတ်ဝေနိုင်ခဲ့သည်။ သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိ၊ မြန်မာ ပြည် နိုင်ငံရေးရာဇဝင်၊ ဆိုရှယ်လစ်ဝါဒ၊ ဒေါက်တာဆွန်ယက်ဆင်၊ ဂျိုဆေ ရီဇော်၊ လီနင်၊ အသောက၊ ပြင်သစ်အရေးတော်ပုံ၊ လူမွဲတို့၏ ထွက်ရပ်လမ်း၊ ဆင်ဖိန်း၊ မိုက်ကယ်ကောလင်း၊ အိုင်ယာလန်သူပုန်၊ ဟစ်တလာ လုပ်ခဲ့လေသမျှ၊ ဂျပန်သူလျှို၊ ဗမာ့အရေး၊ ရေနံ၊ လွတ်လပ်ရေးတိုက်ပွဲ၊ လူ။ မြန်မာစာပေ ပင်မရေစီးတွင် ခေတ်နှင့်တစ်ပြေးညီပေါ်ပေါက်လာသော စာအုပ်စာတမ်းများ ပါတကား။”

ကျား၊ မ တန်းတူရေး

တလောက ကုလသမဂ္ဂမှာ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားရေး၊ အမျိုးသားများနှင့် တန်းတူရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့တာကို တွေ့လိုက်ရပါတယ်။ မြန်မာနိုင်ငံမှာတော့ ရှေးနှစ်ပေါင်းများစွာကတည်းက အမျိုးသား၊ အမျိုးသမီးခွဲခြားဆက်ဆံမှု သိပ်မရှိပါ။ အရည်အချင်းနဲ့ အရည်အသွေးလိုက်ပြီး စွမ်းဆောင်ရည်မြင့်မားလျှင် မြင့်မားသည့်အလျောက် နေရာပေးပါတယ်။ အလေးထားပါတယ်။ အမျိုးသားရေး လုပ်ငန်းတွေမှာလည်း မောင်တစ်ထမ်း၊ မယ်တစ်ရွက် ပါဝင်ဆောင်ရွက်ခဲ့တဲ့ အစဉ်အလာရှိပါတယ်။ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး လုပ်ငန်းတွေမှာ အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ပြည်စိုးရာထူးနဲ့ သူကြီးရာထူးတွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူရည်တူ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ အဲဒါတွေကို ဆရာဇေယျရဲ့ မှတ်တမ်းဝင် ဗမာ့အရေးအခင်းများ စာအုပ် ''မိန်းမပြည်စိုး''ဆိုတဲ့ အခန်းမှာ ဖော်ပြထားပုံနဲ့ ဆရာမှိုင်းရဲ့ စိတ်ဝင်စားဖွယ် သဘောထားကောက်ချက်တွေကို ဒေါင်းအိုးဝေနှင့် သခင်ကိုယ်တော်မှိုင်းစာအုပ်ထဲက “လမ်းခင်းပေးသူ”မှာ ဆရာက အခုလို ရေးသားခဲ့ပါတယ်။

“ထိုစဉ်က မြန်မာနိုင်ငံသည် အင်္ဂလိပ်ကိုလိုနီဘဝတွင် ကျရောက်နေပါသည်။ အစစအရာရာ ချိုးနှိမ်ပိတ်ပင်ခြင်းခံနေရသည်။ အထူးသဖြင့် ကိုလိုနီ ဖိအားကြောင့် မြန်မာအမျိုးသမီးကလေးများ စာတတ်မြောက်မှု နည်းပါးခဲ့ရသည်။ စင်စစ် မြန်မာအမျိုးသမီးများသည် ပုဂံခေတ်ကပင် စာပေလေ့လာလိုက် စားခဲ့ကြသူများ ကျမ်းဂန်တတ်မြောက်ခဲ့ကြသူများ မဟုတ်ပါလော။ (ရုဇာဒေဝီလိုဟာ ယခုမြန်မာရွှေပြည်မှာဖြင့် မရှိပြီဟု-ပုဂံခေတ်ဘွဲ့)

အဘိုးသခင်ကိုယ်တော်မှိုင်းသည် ရှေးမြန်မာကြီးတို့ကဲ့သို့ပင် အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်း၊ နေရာမပေးခြင်း၊ ချိုးနှိမ်ပိတ်ပင်ခြင်း များကို ဆန့်ကျင်သူဖြစ်သည်။ ထို့ကြောင့် သူတတ်စွမ်းသည့် စာပေအနုပညာဘက်မှ အမျိုးသမီးကလေးများကို ပြုစုပျိုးထောင်ပေးသည်။ မှန်သည်။ အင်ဒီပင်းဒင့် ဒေါ်စန်းနှင့် ဒဂုန်ခင်ခင်လေးတို့သည် သူရိယစာပေစင်မြင့်မှ တောက်ပလာသော ကြယ်ပွင့်ကလေးများ မဟုတ်ပါလော။ အဘိုးမှိုင်းသည် ခေတ်ပေါ် မြန်မာစာပေလောကတွင် အမျိုးသမီးကလေးများအား ကနဦး နေရာပေးသူ၊ လမ်းခင်းပေးခဲ့သူပါတကား။ တစ်နည်းအားဖြင့် အဘိုးမှိုင်းသည် အမျိုးသမီး များအား စွမ်းဆောင်ရည်မြင့်မားအောင် ဗွေဆော်ဦးမြှင့်တင်ပေးခဲ့သူပါတကား ဟု ဆိုချင်သည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်တော်လှန်ရေးတို့တွင်မူ အမျိုးသမီးများ ပါဝင်ခဲ့ကြသော အခန်းကဏ္ဍမှာ မသေးလှပေ။ ပုဂံခေတ် မိန်းမပြည်စိုး ပေါ်ပေါက်သည့် အချိန်မှစ၍ ရေတွက်သော် နှစ်ပေါင်းတစ် ထောင်ကျော်ပြီ။ ကိုလိုနီအမှောင်ခေတ် အဘိုးမှိုင်းစွမ်းဆောင်ရည်မြှင့်တင်ပေး သည့် အချိန်မှစ၍ ရေတွက်သော် နှစ်ပေါင်းကိုးဆယ်ကျော်ပြီ မဟုတ်ပါလော။”

ယပ်လှဲလေးချိုးကြီး

ဆရာ့ရဲ့ ဒေါင်းအိုးဝေနှင့် သခင်ကိုယ်တော်မှိုင်းစာအုပ်ထဲက “တိန္ဒုကဇာတ်ပွဲနှင့် သခင်ကိုယ်တော်မှိုင်း” ဆောင်းပါးမှာ တိန္ဒုကဇာတ်ပွဲဆိုတာ ၅၅ဝ တိံသနိပါတ်တော်လာ တိန္ဒုကဇာတ်ပွဲကို ဆိုလိုကြောင်းနဲ့ အလောင်းတော် တည်ပင်စောင့် ရုက္ခစိုးက ဗြဟ္မဒတ်မင်းကြီးကို ကိုယ်ထင်ပြပြီး တိုင်းပြည်ကို အပြောင်းအလဲလုပ်ဖို့ သတိပေးနှိုးဆော်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက တိန္ဒုကဇာတ်ပွဲယပ်လှဲ လေးချိုးကြီးရေးပြီး ဖဆပလခေတ် အဖိနှိပ်ခံပြည်သူတွေရဲ့ဘဝကို စာနာပြီး အဲဒီခေတ် အစိုးရမင်းတွေရဲ့ အုပ်ချုပ်မှု ညံ့ဖျင်းပုံကို သရော်ခဲ့ တာပါ။ ဆရာမောင်မောင်အေးက ဒေါင်းအိုးဝေနှင့် သခင်ကိုယ်တော်မှိုင်းစာအုပ်ထဲက “တိန္ဒုကဇာတ်ပွဲ” မှာ ဆရာက အခုလို တင်ပြထား ပါတယ်။

“မြန်မာစကားတွင် ယပ်လှဲ၊ ယပ်ထောင်ဟူသောစကားနှစ်မျိုးရှိပါသည်။ မြန်မာအဘိဓာန်တွင် ရဟန်းတော်များ ယပ်ကိုလှဲချထား၍ဖြစ်စေ ယပ်မပါဘဲ ဖြစ်စေ အသံသာယာအောင်ပြု၍ ဟောသောတရားဟု ဖွင့်ဆိုထားပါသည်။ ယပ်ထောင်မှာ ယပ်လှဲတရားဟူသော အခေါ်အဝေါ်ကို အကြောင်းပြု၍ ပေါ် ပေါက်လာသော ဝေါဟာရဖြစ်သည်ဆိုသည်။

ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်းသည် ထိုစဉ်က မြန်မာ့ဘဝ မြင်ကွင်းကို တိန္ဒုကဇာတ်ပွဲကို အကြောင်းပြု၍ ရေးသည်။ မတရားမှု၊ အဂတိ လိုက်စားမှု၊ အနိုင်အထက်ပြုမှု၊ နှိပ်ကွပ်မှု၊ စီးနင်းတိုက်ခိုက်မှု၊ မှူးမတ် စသည့်မင်းဆွေမင်းမျိုးများ (ယခုခေတ်အခေါ်အဝေါ် အာဏာ ပိုင်တို့နှင့်နီးနီး ကပ်ကပ်ရှိသော ခရိုနီများ)နှင့် မင်းချင်းတို့က ပြည်သူလူထုအပေါ်တွင် အမျိုးမျိုးခေါင်းပုံဖြတ်ကြသည်။ မတရား အမြတ်ထုတ်ကြသည်။ ကိုယ်ကျိုးစီးပွားရှာ ကြပါတကား။ ဆင်းရဲသားပြည်သူလူထုမှာ မိမိတို့အိမ်တွင် စိတ်အေး၊ လက်အေး၊ ချမ်းသာစွာ မနေနိုင်။ နေ့အချိန်တွင် မင်းမှုထမ်း၊ မင်းစေတို့၏ အန္တရာယ်ရှိသည်။ ညဉ့်အချိန်တွင် ခိုးသားဓားပြ၊ ဆူးကြားတွင် သီးနေရသော ဘူးသီးပမာပါ တကား။”



လူကြီးလူငယ် အယူအဆ

ဆရာကြီးသခင်ကိုယ်တော်မှိုင်းက သူ့ရဲ့ မှာတော်ပုံ ၀တ္ထုထဲမှာ လူကြီးနဲ့ လူငယ်တို့ဟာ ဝိရောဓိလည်းဖြစ်တယ်။ သမဂ္ဂလည်း ဖြစ်တယ်။ ဆန့်ကျင်ခြင်း၊ ညီညွတ်ပေါင်းစည်းခြင်းလည်း ဖြစ်တယ်။ လူကြီးနဲ့ လူငယ် ငါတော်တယ်၊ ငါတတ်လို့ အငြင်းမပွား အချင်းမများဘဲ တိုင်းပြည် အတွက်ကိုသာ ရှေးရှုပြီး ပူးပေါင်းဆောင်ရွက်သင့်တယ်။ ဒါမှသာ အကျိုးရှိမယ်၊ အောင်မြင်မယ်လို့ ဆိုပါတယ်။ ကောသလအိပ်မက်မှ နွားပျို၊ နွားအိုထုံး ဖြစ်တဲ့ “လူကြီးကြီး နွားကြီးနှင့် ပုံဆွယ်၊ လူငယ်ငယ် နွားငယ်နှင့်ပုံထား။ နွားနှစ်ကောင် ချိုထောင်လို့ သွေးကြလျှင်၊ ဘေးဟု မှတ်သား။”ကို ယူပြီး ခေတ်ပြိုင်ခံစားမှုနဲ့ ထင်ဟပ်ကာ ဖွဲ့ဆိုထားပါတယ်။ ဒါဟာ ဆရာမှိုင်းရဲ့ လူကြီးလူငယ်အယူအဆ မျိုးဆက်ကွာဟမှုကို အကျိုးရှိရှိ အသုံးချဖို့ တင်ပြတဲ့ မှိုင်းဗေဒ ဖြစ်ပါတယ်။ မှိုင်းဗေဒ လေးနက်ပုံ စွမ်းပကားကြီးပုံကို ဆရာမောင်မောင်အေးဟာ ဒေါင်းအိုးဝေနှင့် သခင်ကိုယ်တော်မှိုင်း စာအုပ်ထဲက “၀တ္ထုနဲ့ ဒဿန” မှာ အခုလို တင်ပြခဲ့ပါတယ်။

“တစ်ဖန် “ဟောင်းသာ ဟောင်း၍ မကောင်းသည့်အရာလည်း ရှိသည်။ ဟောင်းလည်းဟောင်း၍ ကောင်းလည်းကောင်းသည့်အရာလည်း ရှိသည်” ဆိုသော ရွှေဘုံနိဒါန်းကို ခေတ်အမြင် ခေတ်အတွေးများဖြင့် ထိထိမိမိ ကြောင်းကျိုးပြ ဝေဖန်ဆန်းစစ်ပြခဲ့သေးသည်။ မြန်မာစာပေတွင် အစောဆုံးတွေ့ရသော ရွှေဘုံနိဒါန်း ဝေဖန်စာဟု ထင်သည်။ မန္တလေးခေတ်စာပေမှ လမ်းခွဲထွက် လာသည့် သဘောပါတကား။ စာဆို၏ ဝတ္ထု သည် စာဆို၏ ဒဿန အတွေးအခေါ်များကို ကြေးမုံရိပ်သွင် ထင်ဟပ်ဖော်ပြနေပါတကား။ ကိုလိုနီခေတ်အမျိုးသားရေး ကြိုးပမ်းစဉ်က လမ်းညွှန်မှုသဖွယ် ဖြစ်ခဲ့ရသည်။ လူကြီးလူငယ်မကွဲပြားဘဲ ''အောက်ကျတဲ့ ဝဋ်ကြမ္မာကို၊ လွတ်စရာ ခဲကြမှ'' ဟု ဖွဲ့ဆိုခဲ့သည့်အတိုင်း သူကိုယ်တိုင် လူငယ်များနှင့် လက်တွဲကာ ရုန်းကန်ခဲ့သည် မဟုတ်ပါလော။ လွတ်မြောက်ခဲ့သည် မဟုတ်ပါ လော။

မှိုင်းက မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းထွက်။ ရှေးလည်း ဆန်သည်။ ခေတ်အမြင်လည်း ရှိသည်။ စာဆိုသည် ဉာဏ်ခံကြီးသူ လည်းဖြစ်၊ ခေတ်ပေါ်စာနယ်ဇင်းသမားလည်းဖြစ်သောကြောင့် ထိုသို့ တိုးတက်သော ခေတ်အမြင်များ ရှိသည်ဟု ဆိုချင်သည်။ ဗီဇနှင့် ပတ်ဝန်းကျင်၏ ရိုက်ခတ် မှုပါတကား။ ထို့ကြောင့်လည်း သူ့ထက် အသက် ၂ဝ၊ ၃ဝ၊ ၄ဝ ငယ်သော သားအရွယ်၊ မြေးအရွယ် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် (ဖေပုရှိန်)၊ ကာတွန်း ရွှေတလေး၊ ဒီးဒုတ်ဦးဘချို၊ ဦးဖိုးကျား၊ နေရှင်နယ်ဦးမြင့်၊ သခင်ဘသောင်း၊ သခင်သိန်းမောင်ကြီး၊ သခင်လှဘော်၊ သခင် လေးမောင်၊ သခင်ဗစိန်၊ သခင်နု၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်း စသည့် လူငယ်များနှင့် ခေတ်အဆက်ဆက် လက်တွဲကာ ရုန်းကန်ခဲ့ သည် မဟုတ်ပါလော။ ဝိုင်အမ်ဘီအေခေတ်၊ ဂျီစီဘီအေခေတ်၊ တို့ဗမာအစည်းအရုံးခေတ်။ လွတ်လပ်ရေးခေတ် ကမ္ဘာ့ငြိမ်းချမ်းရေး၊ မြန်မာ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင်လည်း ဝိဓူရသခင်ချစ်မောင်၊ ပါမောက္ခ ဦးအောင်လှ၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ မုံရွာမောင်တင်ရွှေ စသည့် လူငယ်များနှင့် လက်တွဲကာ ဆောင်ရွက်ခဲ့သည် မဟုတ်ပါလော။”

ဆရာမှိုင်းဟာ သူ့ အယူအဆ၊ အတွေးအခေါ်တွေကို ဆောင်းပါး၊ ဝတ္ထု၊ ကဗျာအနုပညာနဲ့ ရေးသားတင်ပြခဲ့ရာမှာ လူကြီးနဲ့ လူငယ်ဝါဒ သဘောတရားကိုလည်း ထည့်သွင်းဖေါ်ပြဖို့ မမေ့ခဲ့ပါဘူး။ နိုင်ငံတကာက နိုဗယ်ဆုရ စာရေးဆရာတွေထက် စောစီးစွာတင်ပြခဲ့တာ ကိုလည်း အခုလို ဖော်ပြခဲ့ပါတယ်။

“မှိုင်းသည် သူ၏ ဒဿနအတွေးအခေါ် (မှိုင်းဗေဒ)များကို ဆောင်းပါး စာမွန်ဖြင့် တစ်နည်း၊ ဝတ္ထုအနုပညာဖြင့်တစ်ဖုံ ရေးသားတင်ပြခဲ့သူ ပါတကား။ သူ၏ ဒဿနအတွေးအခေါ် (လူကြီးနှင့် လူငယ်ဝါဒသဘောတရား)ကို မှာတော် ပုံဝတ္ထုမှတစ်ဆင့် တိုင်းပြည်သို့ ထုတ်ဖော်ပြခဲ့သည်။
စာရေးဆရာ၏ အတွေးအခေါ် ဒဿနများကို ဝတ္ထုနည်းဖြင့် တင်ပြခဲ့သည့် သာဓကတွေများစွာ ရှိသည်။ ၁၉၆၄ ခုနှစ်က နိုဗဲလ်ဆုကို ငြင်းပယ်ခဲ့သူ ပြင်သစ်စာ ရေးဆရာ (ဒဿနပညာရှင်) ယန်းပေါဆတ် (၁၉ဝ၅-၁၉၈၁)သည် သူ၏ ဒဿနအတွေးအခေါ် (ဖြစ်တည်မှု ပဓာနဝါဒ)များကို ဝတ္ထုအနုပညာမှတစ်ဆင့် တင်ပြခဲ့သည် မဟုတ်ပါလား။ မှိုင်း၏တင်ပြမှုသည် ယန်းပေါဆတ်ထက် စော ပါတကား။ ထို့ကြောင့် ဝတ္ထုသည် ဖျော်ဖြေမှု (ရသ)အတွက်သာမက ဒဿန အတွေးအခေါ်များကိုပါ ရရှိစေနိုင်သည် မဟုတ်ပါလော။”

ခေတ်ပြိုင်မှိုင်းဗေဒ

ဆရာမောင်မောင်အေး(စစ်ကိုင်း)ရဲ့ ဆောင်းပါးတွေကို စာပေဂျာနယ်၊ မိုးဂျာနယ်၊ ရနံ့သစ်၊ ရုပ်ရှင် တေးကဗျာ၊ ရွှေအောင်လံ၊ ပိတောက်ပွင့်သစ်၊ အတွေးအမြင်၊ နွယ်နီ၊ စပယ်ဖြူ၊ ပန်းလင်္ကာ၊ ခေတ်ရနံ့ စတဲ့ မဂ္ဂဇင်းတွေမှာ ဖတ်ခဲ့ရစဉ်ကတည်းက သတိထားမိတာ ရှိပါတယ်။ သူက ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့၊ သခင်အောင်ဆန်းတို့ အကြောင်းကို သာမာန်တင်ပြတာမျိုး မဟုတ်ဘဲ။ နိုင်ငံရေး၊ စာပေ၊ ယဉ်ကျေးမှု၊ ရာဇဝင်နဲ့ ခေတ်ပြိုင်သမိုင်း အမြင်အထိ ဆက်စပ်တင်ပြတာ တွေ့ရပါတယ်။ အထူးသဖြင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာတွေ၊ ကဗျာတွေထဲက သမိုင်းဝင်အဖြစ်အပျက်တွေနဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တွေအကြောင်းကို ဆရာ ရေးသားတင်ပြသွားပုံက မှိုင်းဗေဒရဲ့ ခေတ်ပြိုင်ခံစား မှုနဲ့ ခေတ်ပြိုင်ဒဿနကို ဆက်စပ် ရှင်းလင်းတင်ပြခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဆရာမောင်မောင်အေး(စစ်ကိုင်း)အား ခေတ်ပြိုင်မှိုင်းဗေဒ ကို ဖွင့်ဆိုသူလို့ ဆိုရတာ ဖြစ်ပါတယ်။

လက်ရှိခေတ်ကာလရဲ့ ခေါင်းဆောင်ဆိုသူတွေဆီမှာ ပျောက်ကွယ်နေတဲ့တန်ဖိုးတွေကို ဝေဖန်၊ ထောက်ပြ၊ ဖြည့်ဆီးပေးနိုင်ဖို့ မှိုင်းဗေဒဟာ အနုပညာအရ၊ နိုင်ငံရေးအရ အရေးကြီးတဲ့ စံချိန်စံညွှန်းဖြစ်ပါတယ်။ ဒါကြောင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့လို စာပေသူရဲကောင်းတွေ၊ သခင်အောင်ဆန်းတို့လို အာဇာနည်တွေကို ချီးကျူးဂုဏ်ပြုတဲ့နိုင်ငံမှာ သူရဲကောင်းတွေ၊ အာဇာနည်တွေ ထွက်ပေါ်လာဦးမယ်ဆိုတာ သေချာ နေတာပဲ မဟုတ်ပါလား။

ထွန်းဝင်းငြိမ်း
၂၃၊ ၃၊ ၂၀၂၀

ကိိုုးကား
၁။ မောင်မောင်အေး(စစ်ကိုင်း) ဒေါင်းအိုးဝေနှင့် သခင်ကိုယ်တော်မှိုင်း မဟာမှိုင်းစာပေ၊ ၂၀၁၆၊ ဇန်နဝါရီ
၂။ မောင်မောင်အေး(စစ်ကိုင်း) ဆန်းကထာ၊ မှိုင်းကဗျာ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၉၊ နိုဝင်ဘာ