Breaking News

ကျော်၀ဏ္ဏ (LA) - ကိုရိုနာကူးစက်ခံရေတပ်သားတွေဘက်က ရပ်တည်တဲ့ ကပ္ပတိန် ဖယ်ရှားခံရ


 ကျော်၀ဏ္ဏ (LA) - ကိုရိုနာကူးစက်ခံရေတပ်သားတွေဘက်က ရပ်တည်တဲ့ ကပ္ပတိန် ဖယ်ရှားခံရ

(မိုးမခ) ဧပြီ ၄၊ ၂၀၂၀
(သူ့ဖေစ်ဘွတ်ကနေ ယူပါတယ်)

ဆုံးဖြတ်ချက်အမှားတွေအပြင် ဦးဆောင်နိုင်စွမ်းမရှိဘူးဆိုတဲ့ အထက်ကမှတ်ချက်နဲ့အတူ အမေရိကန် နူကလီးယား လေယာဉ်တင်သင်္ဘောကြီး သီအိုဒိုရူစဗဲ့ရဲ့ ကွန်မန်ဒါ မာလိန်မှူးကြီး ခရော်ဇီရာဟာ ရေတပ်ကနေ အလုပ်ထုတ်ခံလိုက်ရပါတယ်။

လေယာဉ်တင်သင်္ဘောကြီးရဲ့လှေကားကနေ တလှမ်းချင်းဆင်းလျှောက်သွားတဲ့ မာလိန်မှူးကြီးကို သင်္ဘောကုန်းပတ်ပေါ်က ရာနဲ့ချီတဲ့ စစ်သည်တော်တွေဟာ "ကပ်ပတိန်ခရော်ဇီရာ" "ကပ်ပတိန်ခရော်ဇီရာ" လို့ သူတို့ ကပ္ပတိန်ကြီးရဲ့ အမည်ကို အဆက်မပြတ် ချီးကျူး ဂုဏ်ပြု အော်ဟစ်နှုတ်ဆက်ခဲ့ကြပါတယ်။

ကပ္ပတိန်ကြီးဟာ လေယာဉ်တင်သင်္ဘောကြီးရဲ့ အပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူတွေရှိနေကြောင်းသိရှိခဲ့ရပြီးနောက် အထက်အဆင့်ဆင့်ကို အကူအညီတောင်းခံစာတွေ ရေးသားခဲ့ပါတယ်။ ရေတပ်သားငါးထောင်ခန့် လိုက်ပါနေတဲ့ လေယာဉ်တင် သင်္ဘောကြီးပေါ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို သီးခြားခွဲထားစရာနေရာအလုံအလောက်မရှိတဲ့အတွက် အကူအညီအမြန်ဆုံး လိုအပ်နေကြောင်းနဲ့ သင်္ဘောရဲ့လက်ရှိအရေးပေါ်အခြေအနေအစီအမံတွေဟာ မလုံလောက်တဲ့အပြင် တပ်သားတွေ အားလုံးနီးပါးကို ကမ်းဆင်းခွင့်ပေးပြီး ဆေးစစ်ပေးဖို့လိုအပ်ကြောင်းအကူအညီတောင်းခဲ့တာပါ။

ဒါပေမယ့် ဒီသတင်းဟာ မီဒီယာတွေအထိ ပေါက်ကြားသွားခဲ့ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ရေတပ်အရာရှိဘဝ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့အကူအညီတောင်းခံတဲ့စာဟာ လုံခြုံစိတ်ချရတဲ့ သတင်းပို့နည်းမျိုးမဟုတ်တဲ့အပြင် ရေတပ်ရဲ့လုပ်ထုံးလုပ်နည်းတွေအတိုင်း မဆောင်ရွက်ခဲ့ဘူးလို့ စွတ်စွဲခံခဲ့ရပါတယ်။

ကပ္ပတိန် ခရော်ဇီရာကို သင်္ဘောရဲ့ကွန်မန်ဒါ မာလိန်မှူးအဖြစ်ကနေ ဖယ်ရှားအပြီးမှာတော့ ဂူအမ်ကျွန်းမှာဆိုက်ကပ်ထားတဲ့ လေယာဉ်တင်သင်္ဘောကြီးပေါ်က ရေတပ်သားတွေကို ဆေးစစ်မှုတွေပြုလုပ်ခဲ့ပါတယ်။ လောလောဆယ် ရေတပ်သား ၁၃၂ဦးမှာ ဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ သင်္ဘောသား ၂ရဝဝကျော်ကို ဂူအမ်ကျွန်းပေါ်က ဟိုတယ်တွေမှာသီးခြား ခွဲထားပြီး ကွာရမ်တင်း လုပ်ဖို့အမိန့်ထုတ်ခဲ့ရပါတယ်။

အငြင်းပွားဖွယ်ဖြစ်နေတဲ့ ရေတပ်ရဲ့အရေးယူဆောင်ရွက်မှုနောက်ပိုင်းမှာတော့ ကပ္ပတိန် ခရော်ဇီရာဟာ ရာထူးက ထုတ်ပယ်ခံရတာ မဟုတ်ကြောင်းနဲ့ အခြားမှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေမှာဖြစ်ကြောင်း တာဝန်ရှိသူများက သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ရေတပ်သားတွေရဲ ့ အော်ဟစ်နှုတ်ဆက်နေတဲ့ ဗီဒီယိုဖိုင်ပြန့်နှံ့နေတဲ့အပေါ်မှာ အဲဒါဟာ တကယ့်မြင်ကွင်းကျယ်ကို မြင်ရတာမဟုတ်ဘဲ၊ အဖြစ်အပျက်ရဲ့တစိတ်တပိုင်းသာဖြစ်ပြီး စိတ်လှုပ်ရှားနေကြတဲ့အချိန်ဖြစ်နေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

ကပ္ပတိန် ခရော်ဇီရာဟာ မတရားသဖြင့် ရာထူးကနေဖယ်ရှားခံခဲ့ရတယ်လို့ ယုံကြည်နေကြသူတွေကတော့ ကပ္ပတိန်ကြီးကို ထောက်ခံတဲ့ အွန်လိုင်းလှုပ်ရှားမှုတခုပြုလုပ်ခဲ့ကြပြီး "သူ့သင်္ဘောသားတွေလုံခြုံရေးအတွက် ဆောင်ရွက်ခဲ့တာဟာ အပြစ် မဟုတ်ဘူး၊ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တာဖြစ်ပြီး ဂုဏ်ပြုမှုနဲ့ထိုက်တန်တဲ့ သူရဲကောင်းတယောက်လို့" ဆိုပါတယ်။

ဒီကိစ္စဟာ လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဆွေးနွေးစရာ ခေါင်းစဉ်တခုဖြစ်လာလိမ့်မယ်လို့ ယုံကြည်သူများ နေကြောင်းပါခင်ဗျာ။