Breaking News

မောင်ရစ် - ကပ်ရောဂါကာလ ထိုးဇာတ်တွေက များ

Facebook file photo


မောင်ရစ် - ကပ်ရောဂါကာလ ထိုးဇာတ်တွေက များ

(မိုးမခအယ်ဒီတာ့လက်ရေး) မေ ၂၊ ၂၀၂၀

အမေရိကားကြီးကတော့ ပြန်ဖွင့်ချင်နေပြီ ဆိုပါလား ...
ကျန်းမာရေးထက် နိုင်ငံရေး စီးပွားရေးက ပိုအရေးပါလာပြီ လိုလိုတွေ ဖြစ်လာပြီ။

ထရန့်ကြီးကတော့ PPE ထုတ်ဖို့ အမိန့်မပေးခဲဲ့သော်လည်း သားသတ်ရုံတွေ ဆက်သတ်နေကြဖို့အတွက် နိုင်ငံတော်အမိန့်ထုတ်ပြန်လိုက်တယ်။ အရင်တုန်းက နို့ထွက်ပစ္စည်းတွေ လွှင့်ပစ်နေရတယ်။ လယ်ယာစိုက်ပျိူးရေးထုတ်ကုန်တွေ ဖျက်ဆီးပစ်နေရတယ် ဆိုတုန်းက သူ ဘာမှမလှုပ်ဘူး။ အခုု သားသတ်စက်ရုံံံံံံံံတွေမှာ လူတွေ ကိုဗစ်ကူးကုန်လို့ ပိတ်ပစ်နေရပြီဆိုတော့မှ "မပိတ်ရဘူး။ ဒါ နိင်ငံတော် အငတ်ဘေးဆိုက်ကုန်မယ်၊ အရေးပေါ်ဥပဒေထုတ်ပြီး သားသတ်စက်တွေ ဆက်ဖွင့်ရမယ်" ... တဲ့။ ဒေါ်နယ်ထရန့်ဟာ သမတကြီးဖြစ်နေသော်လည်း အသက်ကယ်ရေးထက် အသက်််သတ်ရေးဦးစားပေးတဲ့ အကုသိိုလ်ကြီးတဲ့ အလုပ်တွေပဲ ရွေးလုပ်နေတာ သနားစရာလို့သာ တွေးမိတာပဲ။

အမေရိကန်တွေကတော့ ပြန်ဖွင့်ချင်နေတာ သေချာပါတယ်။ ကျောင်းတွေလည်း ပြန်တက်ချင်လှပြီ။ အလုပ်တွေလည်း ပြန်ဆင်းချင်နေပြီ။ အခု အမေရိကန် အလုပ်သမား သန်း ၃၀ အလုပ်ပြုတ်သွားပြီ။ အလုပ်သမားဦးရေ၏ ၂၄% ရှိတယ် ပြောပါတယ်။ လူနာနဲ့ သေနှုန်းလည်း ကျနေပြီ။ ဆေးရုံတွေမှာလည်း အခြေအနေ မဆိုးတော့ဘူး။ ကာကွယ်ရေး (မတ်စ်၊ လက်အိတ် အစရှိသဖြင့်) ပစ္စည်းတွေ နဲ့ ကပ်ဘေး ကာကွယ်ရေး စည်းကမ်းတွေ သတ်မှတ်နိင်ရင်တော့ ဖွင့်ကြမှာ သေချာပါတယ်။ မသေချာတာက လူတွေ အရဲကိုးပြီး ပေါ့ဆပြီး မလိုက်နာဘဲနေကြမှာကိုပဲ စိုးရိမ်ရတာပါ။

နိုင်ငံရေးထိုးဇာတ်တွေ ဒရာမာတွေ ကောလဟာလတွေ လုပ်ကြံဇာတ်တွေကလည်း စင်မြင့်တွေပေါ် တက်လာကြပြီ။ သဘောကတော့ လူတွေကို ကျန်းမာရေးအသိနိုးကြားမှု ရေချိန်ကနေ နိုင်ငံရေးနိုးကြားမှုတွေ လှုံဆော်ပြီး အရင်ကာလတွေတုန်းကအတိုင်း အာရုံပြောင်း စိတ်ပြောင်း မှိုင်းတိုက်တဲ့အလုပ်တွေ ပြန်ခေတ်စားလာတယ်လို့ ပြောရမယ်။ တရုတ်ကိို ဝိုင်းတိုက်ကြ ဆိုတာမျိူး တရားမဝင်လုပ်သားတွေ နှင်ထုတ်ကြ ဆိုတာမျိူးတွေ လှိုင်းတွေလို တက်လာတယ်။ မြန်မာပြည်မှာတောင် ကပ်ဘေးဒဏ်ကြောင့် စီးပွားပျက်တာ အလုပ်သမားကို အပြစ်တင်၊ အလုပ်ရှင်ကို ပြစ်တင် သွေးထိုး သွေးခွဲဇာတ်တွေ ခင်းချင်နေကြပြန်ပြီီီ။

စီးပွားရေးထိုးဇာတ်ဆိုတာကတော့ ခုနင်က ပြောသလို အလုပ်လက်မဲ့ သန်း ၃၀ ဖြစ်နေပြီ။ အကြွေးတွေ တင်ကုန်ပြီ။ တိုင်းပြည်ပျက်တော့မယ်။ လွတ်လပ်ရေးတွေ ဆုံးတော့မယ် ဆိုတာမျိုး ကြောက်စိတ်တွေ မီးမွှေးပေးနေတာ မျိုးပါ။ သတင်းကတော့ မှန်ပါရဲ့။ သို့သော် အလုပ်လက်မဲ့ဖြစ်ရင် နိုင်ငံတော်က အနည်းဆုံး ၃လ ၄လတော့ သင့်တော်တဲ့ ထောက်ပံ့ကြေးပေးထားတယ်ဆိုတော့ ၃လ၄လ ရုပ်မပျက်သေးဘူးဆိုတာ ထောက်မပြဘဲ အလွန်အမင်း ပူပင်အောင် သွေးထိုးနေတာက ဆင်ခြင်စရာပါ။

အခုချိန်ဟာ အားနည်းသူကို ဖေးမ၊ အားရှိသူက ဝန်ပိုထမ်း၊ ကပ်ဘေးကြီးအတွင်းမှာ အားလုံးအတူတူ လက်တွဲပြီး ရုန်းထွက်ကြဖို့ မေတ္တာ စေတနာ ဂရုဏာ မုဒိတာ ကုသိုလ်စိတ်တွေ တိုးပြီး ပွားများ ထုတ်လုပ် ကျင့်ကြံကြဖို့ အားစိုက်ရမယ့် ကာလ၊ အရှုံးတွေထဲက အမြတ်ထွက်အောင် လုပ်ရမယ့် အခြေအနေလို့ မြင်ကြမှ ဖြစ်မှာပါ။

အားနည်းသူ သူအို သူနာ သူသေတွေ ချန်ထားခဲ့ ... အားကောင်းသူ အားကြီးသူတွေချည်း ကိုယ်လွတ်ရုန်းပြီး ဆက်ချီတက်ကြဆိုရင် သည်တောင်ကို ကျော်ပြီး ဟိုဘက်တောင် ရောက်သွားတဲ့အခါ တကိုယ်ကောင်းသမားတွေချည်း ကျန်ရစ်တဲ့ တိုင်းပြည်ကြီးနဲ့သာ ဆိုရင် နေလို့ ပျော်မယ် မထင်ဘူး။