ညိုထက်ညို - ညိုသောသူ ရဲ့ ပုံပြင်
ညိုသောသူ ရဲ့ ပုံပြင်
ညိုထက်ညို
(မိုးမခ) မေ ၂၊ ၂၀၂၀
ကျွန်တော်တို့
မြန်မာစာပေလောက မှာ 'ကလောင်အမည်' ဆိုတာ အတော်အရေးကြီးတယ် ထင်တယ်....
ဘယ်ကဘယ်လို
အချက်အလက် တွေက သက်ရောက်ခဲ့လို့ ကျွန်တော်တို့ ဗမာပြည်မှာ လူအမည်က တခြားကလောင်အမည်ကတခြား သီးသန့်ကြီးလို ဖြစ်နေရသလဲတော့ မသိ၊ ကျွန်တော်တို့ကမ္ဘာ့စာပေ လောကမှာတော့ သေသေချာချာလိုက်ပြီး မစူးစမ်းနိုင်လို့သာ ယတိပြတ် မပြောဝံ့တယ်၊ များသောအားဖြင့်တော့ လူအမည်ကလည်း
ဒါပဲ၊ ကလောင်အမည်ကလည်း ဒါပဲ ဖြစ်နေကြတာ များမယ် ထင်ပါတယ်....
အမေရိကန်စာရေးဆရာကြီး John Steinback ဟာ အပြင်မှာလည်း John Steinback ပဲ.... A.J. Cronin ဟာ
A.J. Cronin ပဲ.... Pearl S. Buck ဟာ Pearl S. Buck ပဲ....
ကျွန်တော်တို့
မြန်မာမှာဖြင့် ရွှေဥဒေါင်း က ဦးဖေသိန်း တဲ့၊ ဇော်ဂျီ ဟာ ဦးသိန်းဟန် တဲ့၊ သော်တာဆွေ
က မောင်ကြင်ဆွေ တဲ့၊ ဒဂုန်တာရာ နာမည်က ကိုဌေးမြိုင် တဲ့၊ နောက်ဆုံး မြသန်းတင့်တောင်မှ
နာမည်ရင်းမှာ 'တင့်' မပါ မြသန်း, သာတဲ့၊ ဒါက ဟိုးယခင် တစ်ခေတ်တစ်ခါ မြန်မာစာပေ ခေတ်စမ်းမှသည်
ခေတ်လယ်အထိ စာရေးဆရာတွေ၊ ဒီဘက် ကျွန်တော်တို့မွေးဖွားစ ၁၉၇၀ ပြည့်လွန်နှစ်တွေ ၁၉၈၀
ပြည့်လွန် နှစ်တွေ ကျတော့လည်း ကျတော့လည်း ဘာထူးလဲ၊ ဒီတိုင်းပဲ လို့ ပြောရမယ်.... ငြိမ်းကျော်၊
မောင်သင်းခိုင်၊ အောင်ဝေး၊ ဖော်ဝေး၊ မြေချစ်သူ၊ အောင်ချိမ့်၊ ကောလ်ထန်မောရီယယ်၊ မင်းလူ...စသည် ...။
ရေးမယ်ဆို အကုန်လုံး၊ တစ်ယောက်မှ နာမည်ရင်းမဟုတ်၊ မဟုတ်ရုံမက ဆင်ပါမဆင်၊ အားလုံးတခြားစီ
များကြတယ်။ အမျိုးသမီးစာရေးဆရာတွေဘက်ကော လှည့်ဦးမလား၊ အခု ကျွန်တော်မေ့နေလို့သာ ကောက်ကာငင်ကာ
မပြောနိုင်တယ် အမည်ရင်း ကတောင် ယူတဲ့ ကလောင်အမည်ထက် ပိုလှနေပါလားလို့ စာရေးဆရာတွေ အပြောပါခံရတဲ့
မေငြိမ်းကလည်း ကိုယ့်အမည်ရင်း ကိုယ်ပြန်မသုံး၊ မေငြိမ်း လို့ပဲသုံး၊ မိုချာ့ တဲ့ ဘယ်က
မမိုချာ့ ရှိရမလဲ၊ ပြောမဆုံးပေါင် တောသုံးထောင်၊ ကျွန်တော်တို့ မြန်မာ စာရေးဆရာ တွေအတွက်
'ကလောင်အမည်' ဆိုတာ အမေ ပေးလိုက်တဲ့ မွေးစာရင်း ထဲက အမည် ထက်တောင် အလွန် အရေးပါ အရာရောက်
တဲ့ အဆင့်မှာ ရှိပါတယ်။
ဆရာသမားတစ်ယောက်ကတော့ နည်းနည်းကံကောင်းတယ် ပြောရမယ်။ ဘဝတလျှောက်လုံး သူ ကျင် လည်လာတာက စာပေအနုပညာနယ်ပယ်မှာ။
ပြည်တွင်းက ထွက်ပြေးလာရပြီး နယ်စပ်တော်လှန်ရေး စာပေလောကထဲရောက်တော့လည်း သူ့ကလောင်အမည်
တစ်ခုတည်းသာ၊ နောက်ဆုံး ကျွန်တော်နဲ့ လာဆုံချိန်မှာ သူ့ကလောင်အမည်ဟာ သူ့အမည်အရင်းပါဖြစ်ခဲ့ပြီ ထင်ပါတယ်။ ဒီလို ဘဝနဲ့ဆန္ဒ ထပ်တူကျသူ၊ ထပ်တူကျအောင် နေနိုင်သူတွေက
လွဲလို့ တခြားသူတွေ အဖို့တော့ 'နှစ်ဘဝ' ကို ဖြတ်သန်းရပါတယ်။
A.J.
Cronin ပြောသလိုဆို 'နှစ်လောက' လို့ ပြောရမယ်ထင်တယ်။
ဘာပဲဖြစ်ဖြစ်
ကျွန်တော်တို့ မြန်မာစာရေးဆရာတွေကျင်လည်ကြရတဲ့ 'နှစ်လောက' ထဲက ဒုတိယ လောက လို့ ခေါ်လို့ရတဲ့
'စာပေဘဝ' ကို ကျွန်တော်တို့ အသည်းထဲထိ စွဲအောင် နှစ်သက်တယ်။
ဒီ ကလောင်အမည်တွေအသီးသီးနဲ့ နှီးနွယ်ယှက်ဖောက်ပြီး စာပေလောကထဲမှာ ကျင်လည်ကြ၊ ရုန်းကြကန်ကြ လှုပ်ရှားကြ၊
နောက်ဆုံး ကိုယ့် အရေးအသားတွေ ကိုယ့်အသွေးအသားတွေအတွက် ထောင်တွေတန်းတွေ ကျကြ၊ ဘဝမှာ
စုတ်ပြတ်သတ်ရ၊ တချို့ အသက်ပါ ပေးရ၊ ဒီလို ဖြတ်သန်းမှု ထုတွေထည်တွေ ကြားမှာ ကျွန်တော်တို့ရဲ့
ကိုယ့်ကလောင်အမည်ကလေးတွေ ကိုယ် တပ်မက်ပုံက တပ်လည်း တပ်မက်ထိုက်တယ်လို့ ဆိုရမယ်ထင်ပါတယ်။
အမေ ပေးတဲ့နာမည်ထက်ပါ 'မြတ်နိုး' တယ်။
.......................
.................... ...................
၁၉၉၄ ဆယ်တန်းစာမေးပွဲ
ပြီးကာစမှာ ကျွန်တော့် ‘စာပေဘဝ’ ကို စတယ်…
စတဲ့ နေရာက
ဒိုင်ယာရီ ထဲမှာ… စ ရေး မိတာက ကဗျာ…. ကျွန်တော် ချစ်သော အိပ်မက်ကဗျာ။
အဲဒီမှာပဲ
ကျွန်တော် ‘ကလောင်အမည်’ ယူဖို့ ဖြစ်လာတယ်။
အဲဒီမှာပဲ
ကျွန်တော့်ဘဝ ရဲ့ အမေပေးတဲ့ အမည် အပြင် ဒုတိယအမည် ဖြစ်လာမယ့် ကလောင်အမည် ကလေး တစ်ခု
ကို ယူခဲ့မိတယ်။
ဘာရယ်မသိပါဘဲ
စိတ်ထဲမှာ ‘ငြိ’ နေတဲ့ ‘ညို’ ဆိုတဲ့စာလုံးလေးနဲ့တွဲပြီး ယူလိုက်မိတဲ့ကလောင်အမည်ကလေးက ‘ညိုထက်’ တဲ့….
ကျွန်တော့်နာမည်
‘ညိုထက်’ တဲ့။
………………………. …………………….
………………………
၁၉၉၄ မှာ
စခဲ့တဲ့ ကျွန်တော့် ဒိုင်ယာရီ ကဗျာဆရာ ဘဝဟာ ၂၀၀၂ မှာ ဆုံးတယ်။
အဲဒီကာလ အတောအတွင်းထဲ
ဒိုင်ယာရီထဲက ကဗျာတွေကို မဂ္ဂဇင်းကို ပို့ဖြစ်တာ ဆိုလို့ တစ်ပုဒ် နှစ်ပုဒ် လောက်ပဲ
ရှိမယ်ထင်တယ်။
၉၀ရာခိုင်နှုန်းသော
မြန်မာကဗျာဆရာတို့ရဲ့ထုံးစံအတိုင်း ကျွန်တော်ပို့မိတဲ့ကဗျာတွေက မဂ္ဂဇင်းမှာ မပါ။
ကျွန်တော်ကလည်း ပျင်းတာနဲ့ ထပ်မပို့မိ။ တကယ်ဆို ကျွန်တော် နေတာက မြို့ထဲမှာ။ မဂ္ဂဇင်းတိုက်
အများစု ရဲ့ တည်နေရာကလည်း မြို့ထဲမှာ။ ဒါပေမဲ့ ကျွန်တော် မပို့ဖြစ်။ ရံဖန်ရံခါသာ ၃၃လမ်းက
‘လေထန်ကုန်း’ မှာ ကဗျာဆရာဂိုက်ဖမ်းပြီး သွားသွားထိုင်ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ကဗျာဆရာလို့ ရဲရဲတင်းတင်း ပြောနိုင်ဖို့ မဂ္ဂဇင်းတွေမှာ ကျွန်တော် ဗိုလ်ဝင်မခံဖြစ်။ အဲဒီအနေအထားမှာပဲ ကျွန်တော့်ဒိုင်ယာရီ ကဗျာဆရာဘဝ ဟာ နိဂုံးချုပ်ခဲ့ပါတယ်။
တကယ်တော့
တစ်ဘဝစာ ကို နိဂုံးချုပ်ခဲ့ရပြီလို့ ကျွန်တော် ထင်ခဲ့မိတယ်။
ဒါပေမဲ့လည်း
ကျွန်တော့်ရဲ့ နောက်ထပ် တစ်ဘဝဟာ ကျွန်တော့်ရဲ့ ရှေ့မှာ ရှိနေတယ်။
………………………….. ……………………….
…………………….
ဘာစာမှ မရေးဖြစ်ဘဲ
ငါးနှစ်လောက်ကြာအပြီး ၂၀၀၇ ခုနှစ် နှစ်ဆန်း လောက်မှာ ကျွန်တော် ပြည်ပကို ရောက်တယ်….
အဲဒီ ၂၀၀၇
ခုနှစ်ထဲလောက်မှာပဲ မြန်မာမှာကော ကျွန်တော့်စိတ်ထင် ကမ္ဘာမှာပါ အင်တာနက်ကွန်ယက်တွေ ပေါ်မှာ blog လို့ ခေါ်တဲ့ ကိုယ့်ကိုယ်ပိုင် ကိုယ့်စိတ်ကြိုက်အမည်လေးပေးပြီး
ကိုယ်ရေးချင်တာတွေ ကိုယ်ပေးချင်တာတွေကို ရေးလို့ရပေးလို့ရ ဝေမျှလို့ရတဲ့ ကိုယ့်ကိုယ်ပိုင်
website ပုံစံမျိုးလေး ပေါ်လာတယ်….
အဲဒီမှာတင်
ဗမာပြည်မှာနေစဉ်က Gmail လောက်သုံးစွဲခွင့်ရဖို့ကို ကျော်ရခွရ၊ ရာဇဝတ်မှုအဖြစ်
သတ်မှတ်ခံရ၊ အဲဒီလိုအနေအထားကနေ အထူးသဖြင့် ပြည်ပကိုရောက်လာကြတဲ့ ဗမာလူငယ်တွေကြား
blog ဆိုတာ ရေပန်းအစားကြီးကို စားလာတယ်….
ဟိုလူ့ကြည့်လည်း
ဘလော့ရေးတယ်၊ ဒီလူ့ကြည့်လည်း ဘလော့ရေးတယ်၊ ပြည်တွင်းလည်း ပါတယ်၊ ပြည်ပလည်း ပါတယ်၊
ပြည်တွင်းကလူတွေကတော့ လုံခြုံရေးအခြေအနေကြောင့် အုပ်အုပ်ထိန်းထိန်းရေးကြသားကြရတယ်၊
ကျွန်တော်တို့လို ပြည်ပရောက် ဗမာလူငယ်တွေကတော့ တစ်သက်လုံး စစ်အာဏာရှင် တွေလက်အောက်မှာ
အဖိနှိပ်ခံခဲ့ကြရာက ဘဝမှာ ပထမဆုံးအဖြစ် ကိုယ့်မွေးရာပါ လူ့အခွင့်အရေး ဖြစ်တဲ့ ‘လွတ်လပ်စွာ
ဆန္ဒ ထုတ်ဖော်ခွင့်’ ‘လွတ်လပ်စွာ ရေးသားခွင့်’ ကို ပထမဆုံး ရကြတယ်။
တိုက်တိုက်ဆိုင်ဆိုင်
အဲဒီ အချိန်မှာပဲ နောင်အချိန်မှာ Saffron
Revolution လို့ ကမ္ဘာကျော်သွားမယ့် သံဃာ တော်တွေ ဦးဆောင်တဲ့ ‘ရွှေဝါရောင်တော်လှန်ရေး’
ကြီး ဗမာပြည် မှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ထဖြစ်တယ်။
အဲဒီမှာပဲ
ရန်ကုန်မြို့မှာ သံဃာတော်တွေ စီတန်းလှည့်လည်နေ၊ လူတွေက လိုက်ပါဝန်းရံနေတဲ့ ပုံတွေနဲ့တကွ
ဆန္ဒပြပွဲကြီးကို ဖြိုခွင်းတဲ့အချိန်မှာ လမ်းတွေပေါ်မှာ ပစ်သတ်ခံရတဲ့ ရန်ကုန်က ဆန္ဒပြသူတွေ၊
သံဃာတော် တွေရဲ့ ပုံတွေ ဗီဒီယိုဖိုင်တွေက အဲဒီ blog တွေက တစ်ဆင့် ပြည်ပကကော ပြည်တွင်းက
ဗမာပြည်သူ တွေပါ ကြည့်ဖို့ တက်လာတယ်။
ဘာမှလည်း
ထိထိရောက်ရောက်မလုပ်နိုင်ဘဲ အဲဒီကာလတွေကို ကြိတ်မနိုင်ခဲမရ နဲ့ မျက်ရည်စက်လက် ဖြတ်သန်းအပြီး
၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာပဲ ကွဲပြားတဲ့ပြည်ပနိုင်ငံအသီးသီးမှာ နေနေကြတဲ့
ကျွန်တော်နဲ့ ကျောင်းနေဘက် သူငယ်ချင်းသုံးယောက် စုစည်းမိပြီး blog လေးတစ်ခုရေးဖို့
ဖြစ်လာတယ်။
Blog လေးရဲ့
အမည်က ‘စပ်မိစပ်ရာ’ တဲ့ ….
ကျွန်တော်က
ကဗျာနဲ့ အက်ဆေး ရေးတယ်၊ ကျန်တဲ့ သူငယ်ချင်းသုံးယောက်က နည်းပညာဆိုင်ရာတွေက အစ အခြားအခြား
အတိုအထွာလေးတွေ ရေးကြသားကြ တင်ကြပြကြတယ်။
အဲဒီမှာပဲ
ကျွန်တော့် ဒုတိယဘဝကို ကျွန်တော် ဒုတိယအကြိမ် စတယ်။
…………………… …………………
……………………
ဒီတစ်ခါရေးမယ်လုပ်တော့
ဟိုးအရင် ငယ်တုန်းကလို ကိုယ်ရေးပြီး ကိုယ်ပဲဖတ်ဖို့ ရှိတဲ့ ဒိုင်ယာရီထဲမှာ မဟုတ်တော့ဘဲ
အခြားစာဖတ်သူတွေ မုချဖတ်ကြတော့မယ့် နေရာမှာဆိုတော့ ကျွန်တော် ဘာမှမရေးခင် ကို
ကလောင်အမည်ကို ပြန်ပြီး စိစစ်ရတယ်။
ကျွန်တော်တို့
စာပေလောကမှာ ‘ညို’ တွေ ရှိပါတယ်။ ကိုယ့်ရှေ့မှာ ညိုသစ်၊ မောင်ညိုဝင်း၊ မောင်ညိုပြာ
စသဖြင့် စသဖြင့်
ရှိပါတယ်။ ဟိုးအရင် ငယ်ငယ်တုန်းက ‘ညိုထက်’ ဆိုတဲ့ကလောင်အမည်ကိုယူကတည်း ကလည်း ကလောင်အမည်တူမရှိဘူးဆိုတာ
ကျွန်တော် သိတန်သလောက်တော့ သိပါတယ်။
ဒါပေမဲ့လည်း
ကျွန်တော် သေချာချင်တယ်….
ဒီတစ်ခါ ပြန်စရမယ့်
ကျွန်တော့်ဒုတိယဘဝမှာ ဘာ အမှားအယွင်းမှမရှိဘဲ ရှေ့ကို ဖြောင့်ဖြောင့်တန်းတန်း သွားချင်တယ်။
ပြီးတော့
စိတ်ထဲမှာလည်း ကျွန်တော့် ကလောင်အမည်ကလေးကို အခုထက် ‘ဆန်း’ ပြီး စာနဲ့ တွဲပြီး မြင်လိုက်တာနဲ့ စိတ်ထဲမှာ ဘာမှရောရောထွေးထွေးမရှိဘဲ မှတ်မိသွားနိုင်မယ့်အမည်ကလေး ဖြစ်စေချင်တယ်။
အဲဒီမှာပဲ
စိတ်ထဲမှာလည်း မတော်တဆကလောင်အမည်တူ ရှိနေနိုင်မယ့် သင်္ကာရှင်း သွားအောင်၊ အခု ထက်လည်း
ပိုပြီးလှသွားအောင် ကျွန်တော့်ကလောင်အမည်ကိုပြင်ဖို့ ဖြစ်လာတယ်။
လူမသိသူမသိပေမယ့်
ရင်နဲ့ လွယ်ပြီး မွေးခဲ့ရတဲ့ ‘ညိုထက်’ ကိုတော့ ကျွန်တော် မစွန့်နိုင်ပါ။ အဲဒီမှာပဲ
‘ညိုထက်’ ရဲ့ နောက်က နောက်ဆက်တွဲ အမည်ကလေးတစ်လုံးကိုထပ်ဖြည့်ဖို့ ကျွန်တော် စဉ်းစားရတယ်။
ကျွန်တော်သိသလောက်တော့
ကျွန်တော့် ရှေ့က ‘ညို’ ခဲ့လေသူ ဆရာတွေရဲ့အမည်တွေဟာ နှစ်လုံးတွေချည်း။ ဒီတော့ ကျွန်တော်သာ
နောက်တစ်လုံးထပ်ဖြည့်လိုက်ရင် ကလောင်အမည်တူဖို့တော့ ဘယ်လိုမှ မရှိနိုင် လောက်တော့ဘူးလို့
ကျွန်တော်တွေးမိတယ်။
အဲဒီမှာ နောက်ထပ်
ဖြည့်ဖို့ လိုတဲ့ တစ်လုံးကို စဉ်းစားနေတုန်းမှာပဲ အရင်က ဖတ်ခဲ့ဖူးတဲ့ ကွယ်လွန်သူပန်းချီ
ဆရာ ‘ဝသုန်’ ရဲ့ အင်တာဗျူးမှာ ဆရာဝသုန် ပြောဖူးခဲ့တဲ့ဟာလေးက ခေါင်းထဲ ရောက်လာတယ်….
ဝသုန်က ပြောခဲ့တယ်။
သူ ‘ဝသုန်’ ဆိုတဲ့ကလောင်အမည်ကို ယူခဲ့တာ သူဟာ မြေကြီး ‘ဆန်’ ချင်လို့ပါတဲ့….
သူဟာ မြေကြီးလိုပဲ
ဖြစ်ချင်လို့ပါတဲ့ ….
အဲဒီမှာပဲ
မြေကြီးရဲ့ အရောင်ကိုကိုယ်စားပြုတဲ့ ‘ညို’ ဆိုတဲ့ စကားလုံးကလေး နောက်တစ်လုံးကိုပဲ ကျွန်တော့်
ရှိရင်းစွဲ ကလောင်အမည်ရဲ့ နောက်မှာထပ်တိုးလိုက်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်မိတယ်။
တကယ်တော့
ကျွန်တော်လည်း မြေကြီးပဲဆန်ချင်ပါတယ်….
ဟောဒီ ဘာမှမတည်မမြဲ
အစဉ်မပြတ် ဖောက်လွဲဖောက်ပြန်နေတဲ့ လောကကြီးထဲမှာ ဘာအတွက်နဲ့မှ မာန်မာန တွေ ထားမနေဘဲ
ဖြစ်နိုင်ရင် မြေကြီးပဲ ဆန်ချင်ပါတယ်….
တစ်ခါသားမှာ
ဗုဒ္ဓက ပြောခဲ့ဖူးပါတယ်။ ရဟန်း ဆိုတာ သူဖုန်းစား လို နှိမ့်ချပြီး မာန်မာန ကင်းစင်
နေရမတဲ့….
ပြီးတော့
တစ်ဆက်တည်း ရဟန္တာ ပယ်ရမယ့် ကိလေသာဆယ်ပါး မှာ ‘မာန’ ကိုပါ ထည့်သွင်းဟောကြား သွားပါတယ်။
ဒီတော့ ကျွန်တော်လည်း
အခု အနေနဲ့ အကြွင်းမဲ့ မာနကင်းစင်ဖို့ မဖြစ်နိုင်တောင် နောင်တစ်ချိန်မှာ ကင်းစင်ဖို့
အထောက်အကူ ပြုဖို့ ရည်ရွယ်ချက် နဲ့ မာန နည်းပါးသူပဲ ဖြစ်ချင်ပါတယ်။
ဒီတော့ ဆရာဝသုန်လို
မြေဝသုန် ကို ကိုယ်စားမပြုနိုင်သေးတောင်မှ မြေဝသုန်နဲ့ နီးစပ်အောင် ကျွန်တော့် ကလောင်အမည်
ကို ‘ညိုထက်ညို’ လို့ ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
…………………….. ………………..
……………………
အဲဒီ ကလောင်အမည်
နဲ့ပဲ ကျွန်တော် စာပေလောက ကို ၂၀၀၉ ခုနှစ်
မှာ စတင် ဝင်ရောက်ခဲ့ပါတယ်….
အဲဒီ ကလောင်အမည်နဲ့ပဲ ကျွန်တော်ကဗျာဆရာ ဖြစ်ခဲ့ပါတယ်….
တကယ်တော့
ဘယ်နည်းနဲ့မှ အသားမညို သူ ကျွန်တော့်အတွက် ကျွန်တော့်ကလောင်အမည်ဟာ ‘ဗျပ္ပတ်’ မှန်ခြင်းမရှိဘဲ လုံးဝ လွဲမှားနေပါတယ်။
ဒါပေမဲ့လည်း
‘မာန’ ကိုတောင်ခဝါချချင်မှတော့ ဗျုပ္ပတ်ကိုလည်း ခဝါချနိုင်ရပေလိမ့်မယ်။
ဘာပဲဖြစ်ဖြစ်
မြေမှုန်ဘဝကို ပြန်သွားရမယ့်နေ့ကို ရောက်မလာခင် ကျွန်တော်မြေကြီးဆန်တဲ့ နာမည်ကလေးနဲ့ပဲ
စာတွေအများကြီး ဆက်ရေးသွားနိုင်ဖို့ ရင်ထဲမှကို မျှော်လင့်မိနေပါတယ်….
အဲဒီ မျှော်လင့်ချက်ကို
‘စာပေသစ္စာ’ လို့လည်း ခေါ်မယ်ထင်ပါတယ်။
။
ညိုထက်ညို