Breaking News

ဆောင်းယွန်းလ - ဘာလိုလိုညာလိုလိုနဲ့ တစ်ခုခုလိုနေသလိုမျိုး"

Than Htay Maung



ဆောင်းယွန်းလ - ဘာလိုလိုညာလိုလိုနဲ့ တစ်ခုခုလိုနေသလိုမျိုး"

(မိုးမခ) မေ ၁၆၊ ၂၀၂၀

အရှင်လတ်လတ် ကြီးက
သေဆုံးခြင်းထက် ပို ဆိုးနေသလိုမျိုး
ဘာလိုလို ညာလိုလို
ထစ်ခုခု လိုနေသလိုလိုမျိုး
အများကြီး လိုနေသလိုလိုမျိုး

ဘာမှမလိုဘူးလို့ပြောရင်
ဘယ်သူ တစုံတဦးကမှ ယုံကြည်မှာမဟုတ်သလို
တစုံတခုကိုလိုချင်နေတယ်ပြောရင်လည်း
ဒီလိုပါပဲ ဖြစ်တတ်ပါတယ်လေလို့ ပြောကြပြီး
များများစားစား လိုတယ်လို့ပြောပြန်တော့
လောဘကြီးလိုက်တာလို့ ဝေဖန်ကြပြန်ဦးမယ်

ခပ်မှန် နေထိုင်ရင်း
ဘာသိဘာသာ လေညင်းခံထွက်ဖို့ အကြံ ပေါ်ပြီး
အိမ်ပြတင်းကို တွန်းဖွင့်မိတော့
လောလောလတ်လတ်
အသစ်ထွက်လာတဲ့ ပစ္စည်းတစ်မျိုးရဲ့
လေထဲမှာ တန်ခိုးထွားနေပုံက ထူးထူးဆန်းဆန်း

လေကောင်းလေသန့် ရဖို့အတွက်
မျက်နှာဖုံးတပ်ထားရတာက မဟန်ပြန်ဘူး
လောလောဆယ် ယူကျုပေါ်တက်လာတဲ့ သတင်းက
နှစ်ကုန်ပိုင်းဒီဇင်ဘာထဲ သူ့ထက်ကဲတဲ့ အမျိုးအမည်သစ်နဲ့
ရောဂါစစ်စစ် တစ်ခုထွက်ဦးမယ်ဆိုဘဲ

ဘ၀က
ရှင်ရမလိုလို သေရမလိုလို
ဘာလိုလိုညာလိုလိုနဲ့
တစ်ခုခုလိုအပ်နေသလိုမျိုး မသေမရှင်ကြီး

နောက်ထပ် ရှင်သန်ကြီးပြင်းလာကြဦးမယ့်
ဘ၀ပေါင်းများစာအတွက်က မထွေးဝံ့စရာ

ဆာလောင်မွတ်သိပ်နေမှုထဲ
ရောဂါကို ဗုံးလိုထပ်အကြဲခံနေရတဲ့
လူသန်းပေါင်းများစွာရဲ့ ကမ္ဘာအတွက်ကလည်း
ရင်လေးစရာ

ဟိုက်ဒရို အောက်ဆီကလိုရိုကွင်း သောက်ရုံလောက်နဲ့
ရင်အေးလို့မရနိုင်သေးတဲ့ ကမ္ဘာ

ကပ်ဟာ အနားမှာ ကပ်နေတုန်း ဆိုတော့
ဘာလိုလို ညာလိုလိုနဲ့ တစ်ခုခုလိုနေသလိုမျိုး။