Breaking News

လှကျော်ဇော - ဖေဖေနဲ့ မာရှယ်တီးတိုး



လှကျော်ဇော - ဖေဖေနဲ့ မာရှယ်တီးတိုး

(မိုးမခ) မေ ၁၅၊ ၂၀၂၀


အို မိတ်ဆွေရယ်… နှုတ်ဆက်ခဲ့ပါတယ်
နှုတ်ဆက်ခဲ့ပါတယ်… မိတ်ဆွေရယ်
တမနက်ခင်း အိပ်မက်က လန့်အနိုး
မိစ္ဆာတွေ အိမ်ထဲ ဝင်လာနေကြပြီ။

အို မိတ်ဆွေရယ်… နှုတ်ဆက်ခဲ့ပါတယ်
နှုတ်ဆက်ခဲ့ပါတယ်… မိတ်ဆွေရယ်
ပြောက်ကျားအဖွဲ့ရယ်.. ကျွန်တော် လိုက်ခဲ့ပါရစေ
ကျွန်တော် သည်းညည်းမခံနိုင်တော့ဘူး။

အို မိတ်ဆွေရယ်… နှုတ်ဆက်ခဲ့ပါတယ်
နှုတ်ဆက်ခဲ့ပါတယ်… မိတ်ဆွေရယ်
တကယ်လို့များ တာဝန်တွေ သွားထမ်းဆောင်ရင်း
ကျွန်တော် ကျဆုံးသွားရင်…
ကျွန်တော့်ကို ဟိုး တောင်အမြင့်ဆီ ခေါ်ယူသွားပါ
အလှဆုံးပန်းလေးတပွင့် တင်ထားပေးပါ။

အို မိတ်ဆွေရယ်… နှုတ်ဆက်ခဲ့ပါတယ်
နှုတ်ဆက်ခဲ့ပါတယ်… မိတ်ဆွေရယ်
အဲဒီအရပ်ကို လာလည်သူများကို
ဒီပန်းလေး ဘယ်လောက်လှတယ်ဆိုတာ ပြောပြလိုက်ပါဦး။

အို မိတ်ဆွေရယ်… နှုတ်ဆက်ခဲ့ပါတယ်
နှုတ်ဆက်ခဲ့ပါတယ်… မိတ်ဆွေရယ်။

* * *


ကျွန်မတို့မိသားစု တရုတ်ပြည်ရောက်စ တရုတ်ရုပ်မြင်သံကြားက လွှင့်ထုတ်တဲ့ (ထိုစဉ်က) ယူဂိုစလပ်ရုပ်ရှင် ‘တံတား’ထဲက ဇာတ်ဝင်သီချင်းပါ။ တရုတ်မှု ပြုထားတာပါ။ (မှတ်ချက်။ ။ တရုတ်က သူ့နိုင်ငံမှာပြတဲ့ နိုင်ငံခြားကားအားလုံးကို တရုတ်သံ ပြန်သွင်းပြီးမှ ပြသပါတယ်။)

လက်ဆွဲဘာဂျာလေး နောက်ခံနဲ့ ဒီသီချင်းဟာ တရုတ်ပြည်မှာ အတော်ခေတ်စားပါ တယ်။ နောက်ပိုင်း တရုတ်ကားများမှာ အထူးသဖြင့် ကျဆုံးသွားတဲ့ သူရဲကောင်းဇာတ်ကား တွေမှာ ပြန်ကြားရတတ်ပါတယ်။

ဇာတ်လမ်းကလည်း တရုတ်လူမျိုးအကြိုက် ပြောက်ကျားဇာတ်လမ်း။

ယူဂိုစလပ် သမ္မတကြီး တီးတိုးရဲ့ ဘဝတစိတ်တပိုင်းကို ဇာတ်လမ်းဖွဲ့ထားတာလို့ ဆိုပါတယ်။

ဒုတိယကမ္ဘာစစ်ကာလ။ ယူဂိုစလပ်ကို နာဇီ ဂျာမနီတပ်များ ဝင်ရောက်ကျူးကျော်စဉ်က တီးတိုးက မြို့ပြပြောက်ကျားတပ်ကလေး ဖွဲ့ပြီး အဲဒီဂျာမန်တပ်တွေကို နည်းပရိယာယ် ပေါင်းစုံသုံး၊ တိုက်ပွဲဝင်ခဲ့တာတွေကို ဇာတ်လမ်းဆင်ရိုက်ထားတဲ့ ကားပါ။

အဲဒီကားထဲက ပြောက်ကျားရဲဘော်လေးတဦး ကျန်ရဲဘော်များကို အကာအကွယ်ပေး ရင်း ကျဆုံးခါနီးမှာ နောက်ခံတေးအဖြစ် လွှင့်ခဲ့တဲ့ သီချင်းလေး။

ဖေဖေက အဲဒီကားကို သိပ်ကြိုက်တာ။

ကြိုက်မှာပေါ့။ မာရှယ်တီးတိုးက ဖေဖေ့ရဲ့ သူရဲကောင်းကိုး။

* * *

ဖေဖေက မာရှယ်တီးတိုးနဲ့ ပုဂွိုလ်ရေးအရလည်း သိကျွမ်းခဲ့ပါတယ်။

၁၉၅၂ ခုနှစ် ဖ.ဆ.ပ.လ အစိုးရ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း ခေါင်းဆောင်သွားခဲ့တဲ့ အနောက်နိုင်ငံသွား စစ်ဖက်လေ့လာရေးအဖွဲ့မှာ ဖေဖေက ဒုတိယခေါင်းဆောင်အဖြစ် ပါသွားပြီး ယူဂိုစလပ်မှာ တလနီးပါး နေခဲ့ဖူးပါတယ်။

အဲဒီမှာ မာရှယ်တီးတိုးနဲ့ သိခဲ့တာပါ။ အဲဒီကာလ အဖြစ်အပျက်များကိုတော့ ဖေဖေက သူ့စာအုပ်မှာ အပြည့်အစုံရေးပြီး ဖြစ်ပါတယ်။ (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော။ ကိုယ်တိုင်ရေး အတ္ထုပွတ္တိပေါင်းချုပ်။ –ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့။ -ယဉ်မျိုးစာပေ။ နှာ ၁၉၇-၂၀၀)။

အဲဒီထဲမှာ ဖေဖေက မာရှယ်တီးတိုးကို ယူဂိုစလပ်ပြည်သူတွေကို ခေါင်းဆောင်ပြီး၊ ဂျာမန်ဖက်ဆစ်တွေကို တွန်းလှန်တိုက်ခိုက်မှုများအပေါ် အတော်သဘောကျ လေးစားပေမယ့် နောက်ပိုင်း ဆိုဗီယက်တို့နဲ့ကွဲပြီး ကွန်မြူနစ်ဆန့်ကျင်ရေးသမားကြီးအဖြစ် အမေရိကန်က မြှောက်စားလာမှုအပေါ် မကျေမလည်ဖြစ်လာတာတွေ ရေးထားတာ တွေ့ရပါတယ်။

အဲဒါ ဖေဖေ ပထမအကြိမ် မာရှယ်တီတိုးနဲ့ တွေ့ဆုံတာပါ။

ဒုတိယအကြိမ် ၁၉၅၅ မှာ မာရှယ်တီးတိုး ဗမာပြည် လာလည်စဉ် တွေ့တာပါ။ အဲဒီစာအုပ်ထဲမှာတော့ မပါဘူး။ ဖေဖေ မေ့သွားဟန်ရှိတယ်။

၂၀၁၂ ဖေဖေ ကွယ်လွန်ပြီးနောက် ဖေဖေ့အကြောင်း စာအုပ်တွေ ထပ်ထုတ်ဖို့ ကျွန်မက စဉ်းစားမိပြီး ပြည်တွင်းက မိတ်ဆွေများကတဆင့် ဖေဖေ့ဓာတ်ပုံအဟောင်း၊ သတင်းစာတွေထဲက ဖေဖေ့သတင်းများ စုဆောင်းပေးဖို့ ပြောမိပါတယ်။ ဆက်သွယ်ရေးတွေကလည်း အတော်ချောင်လာလို့၊ ဓာတ်ပုံအဟောင်း တော်တော်များများ စုမိလိုက်ပါတယ်။ စုဆောင်းပေးတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ရပါတယ်။

အဲဒီထဲမှာ ပါလာတဲ့ ပုံတပုံကတော့ ‘၁၇-၁-၅၅’ လို့ နေ့စွဲတပ်ထားတဲ့ ‘ဇန်နဝါရီလ ၁၀ ရက်နေ့၊ မေမြို့၊ မြောက်ပိုင်းစစ်ဌာနချုပ်မှ ယူဂိုစလပ်သမ္မတကြီး မာရှယ်တီးတိုးအား ညစာ ထမင်းစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံရာတွင် ယူဂိုစလပ်သမ္မတကြီး မာရှယ်တီးတိုးက ဗိုလ်မှူးချုပ် သရေစည်သူကျော်ဇောအား ယူဂိုစလပ် စစ်ဘက်ဆိုင်ရာပထမတန်းဘွဲ့တံဆိပ် အပ်နှင်းစဉ်’ ဆိုတဲ့ စာတန်းနဲ့ ဖေဖေ့ကို မာရှယ်တီးတိုးက ရင်ဘတ်မှာ တံဆိပ်ချိတ်ပေးနေတဲ့ပုံ။

အဲဒီပုံ တွေ့လိုက်တော့ ကျွန်မ ရေးဖို့ ကျန်နေတဲ့ အကြောင်းအရာတခုကို သတိရလာ ပါတယ်။ ကျွန်မတို့မိသားစု ဖေဖေ ရတဲ့ ဘွဲ့တံဆိပ်တွေ၊ လက်ဆောင်ပစ္စည်း အကုန်ချရောင်း ရတဲ့ ဖြစ်စဉ်ပါ။ မာရှယ်တီးတိုး ပေးတာ ရွှေတံဆိပ်တင်မကပါဘူး။ ရွှေစီးကရက်ဘူးတဘူးပါ ပါပါတယ်။

ဖေဖေက ကျွန်မတို့တတွေ ၁၉၇၆ ခုနှစ် တောခိုစဉ် လွတ်မြောက်ရတဲ့အကြောင်းကို သူ့စာအုပ်မှာ ရေးစဉ်က (အထက်ပါစာအုပ် နှာ ၃၀၃-၃၀၄) ၁၉၇၄ ခုနှစ်က ကျွန်မတို့ အိမ်ကြီးတလုံး ဝယ်လိုက်တဲ့အကြောင်း ရေးထားပါတယ်။

၁၉၅၇ ခုနှစ် ဖေဖေ ပင်စင်ယူစဉ်ကစလို့ ကျွန်မတို့မိသားစု နေခဲ့တဲ့ စမ်းချောင်း၊ ဆီဆုံလမ်း အိမ်လေးကို ရောင်းပြီး မြောင်းမြလမ်း အိမ်ကို ဝယ်တာပါ။

အဲဒီအိမ်အတွက် လိုငွေတွေကို အခုနပြောတဲ့ ပစ္စည်းတွေ အကုန်ချရောင်းပြီး ဝယ်တာ။

အိမ်မှာ ရှိသမျှပစ္စည်း ကုန်ပါတယ်။

ဖေဖေ့ဂျပန်ဓားရှည်ကြီးကို ဂျပန်သံရုံးက ငွေ ၁၀၀၀ ကျပ်နဲ့ လာယူသွားပါတယ်။

မာရှယ်တီးတိုး ပေးထားတာတွေ၊ ဆိုဗီယက်ခေါင်းဆောင်တွေ (ဘူဂါနင်၊ ကရူးရှောဖ့်) တို့ရဲ့ လက်ဆောင်တွေ၊ ကမ္ဘောဒီးယားဘုရင် သီဟာနုရဲ့ လက်ဆောင်တွေ၊ ဖေဖေ နိုင်ငံခြားခရီးတွေ သွားတုန်းက ရလာတဲ့ လက်ဆောင်ပစ္စည်း၊ ပန်းချီကားတွေ၊ မြောက်ပိုင်းတပ် တောင်ပိုင်းတပ် အပြောင်းအရွှေ့တွေမှာ ရထားတဲ့ လက်ဆောင်တွေ၊ မေမေ့မိသားစုပိုင်ပစ္စည်းတွေ ရှိသမျှ အကုန်ပါ။ တချို့မိတ်ဆွေတွေက ငွေပေးထားပြီး ပစ္စည်းကို မယူကြလို့ နောက်က လိုက်ပို့ရပါတယ်။

ဒါပေမဲ့ ဒီအိမ်ကြီးကို ဝယ်လိုက်တော့ ဖေဖေက သားသမီး မြေးများနဲ့ အေးအေးဆေးဆေးပဲ နေတော့မယ်လို့ အထင်ရောက်သွားစေပါတော့တယ်။ ဒီတော့ ထောက်လှမ်းရေးများက ဖေဖေ့ကို စောင့်ကြည့်တာ ပေါ့လျော့မှုတွေ ရှိလာပါတယ်။

ဒီလို ရောင်းပစ်လိုက်ရတာတွေဟာ သမိုင်းဝင်ပစ္စည်းများဖြစ်လို့ အဖိုးမဖြတ်နိုင်ဘူးလို့ ဆိုနိုင်ပေမယ့် ကျွန်မတို့ တမိသားစုလုံး တော်လှန်ရေးခရီးကို ချောချောမောမော လျှောက်လှမ်းနိုင်ဖို့ အထောက်အကူ အများကြီးပေးခဲ့တာဖြစ်လို့ ထိုက်တန်ပါတယ်လို့သာ ဆိုချင်ပါတော့တယ်။


လှကျော်ဇော

၁၅-၅-၂၀၂၀။

မှတ်ချက်။ ၁။ ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ။

ဆောင်းပါးအမှတ်(၅၃)။

၂။ အရေးတော်ပုံဂျာနယ်။ အတွဲ(၃)၊ အမှတ်(၃)။