Breaking News

သားကြီးမောင်ဇေယျ - အသက်ရှုကျပ်နေတဲ့ မြန်မာ့မီဒီယာ



သားကြီးမောင်ဇေယျ - အသက်ရှုကျပ်နေတဲ့ မြန်မာ့မီဒီယာ

(မိုးမခ)မေ ၄၊ ၂၀၂၀

(တောင်ပိုင်းသား သတင်းအေဂျင်စီ တနှစ်ပြည့် အမှတ်တရ )

နှစ်ပေါင်းငါးဆယ်ကျော်ဓါးမိုးအုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေက မီဒီယာတွေကို မီးလောင်တိုက်သွင်းခဲ့ကြ။ လွန်ခဲ့တဲ့ ကိုးနှစ် ဆယ်နှစ်၊ မြန်မာ့နိုင်ငံရေးရာသီ အကူးအပြောင်းမှာ တော့ စာပေကင်ပေတိုင်လို့ အများက ခေါ်နေတဲ့ စာပေစိစစ်ရေးပိတ်သွားခဲ့ရ။ စစ်အာဏာတချို့တဝက် လူထုလက်ထဲရောက်လာ။ ပုဂ္ဂိလိက သတင်းစာတွေ၊ ဂျာနယ်တွေ၊ မီဒီယာတွေ မှိုလိုပေါက်လာ။ အင်တာနက်ကလည်း ခြေတပေါင်ကျိုးနဲ့ ဖလန်းဖလန်း ဖြစ်လာ။ မီဒီယာလောက လည်း ကံဇာတာ တက်လာ။ သတင်းလွတ်လပ်ခွင့်၊ သတင်းသိပိုင်ခွင့် အသံတွေ ပိုမိုကျယ်လောင်လာ။ သတင်းလွတ်လပ်ခွင့် အဆင့်တက်လာ။ အမှောင်ခေတ် မီးလျှံတွေကြားက ပျံတက်လာတဲ့ မီဒီယာ။

ခုလို ကိုဗစ်ကပ်ဘေး ကာလ ရောက်တော့ စစ်ပွဲတွေ မရပ်ပေမယ့် ကုန်ထုတ်လုပ်မှုတွေရပ်။ စီးပွားရေးတွေ ပြိုလဲ။ လူမှုရေးတွေ ပျက်ပြား။ တကမ္ဘာလုံး နီးပါး မျက်ကလူးဆန်ပြာဖြစ်နေ။ လူထုက သတင်းတွေကိုခါတိုင်းထက် ပိုမိုစိတ်ဝင်စားလာ။ သတင်း ဆာလောင်မှုပိုများလာ။ သတင်းအဆိပ်ခတ် သူတွေအတွက် အခွင့်အရေးပိုရလာ။ သူတို့နောက်ခံ က အင်အားတောင့်တင်းသူတွေ။

သတင်းစားသုံးသူတွေ ကိုယ်ခံအားကောင်းဖို့ သတင်းအဟာရ တိုက်ကြွေးသူ သတင်းသမားတွေ ကတော့ အကာအကွယ်မဲ့နေ။ ကြော်ငြာတွေလည်းမရ။ရပ်တည်ဖို့ အနိုင်နိုင်။ သူတို့ရဲ့ သတင်းကျင်ဝတ် သံချပ် အကျီင်္ကို အမိန့်သစ်တွေက ဖေါက်ထွင်းသွား။

တဖက်က ကူးစက်မြန်ကပ်ရောဂါ၊ တဖက်က ပုဒ်ထီးပုဒ်မ အစုံစုံ၊ ဒုက္ခအဖုံဖုံ။

အိမ်တံခါးဝမှာ ပုဒ်မ ၁၇ (၁)။ မတရာသင်းဆက်သွယ်မှု။ အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်။

တိုက်လှေကား မှာ ပုဒ်မ ၁၀(က) ၊ ပုဒ်မ ၁၀ (ခ)။ လမ်းထိပ်မှာ ပုဒ်မ ၅၀၅။ ရပ်ကွက် ထိပ်မှာ ၆၆(ဃ)

အိမ်နောက် လမ်းကြားမှာ က ပုန်းရှိုး ကွယ်ရှိုး ပုဒ်မ တွေ။

မီဒီယာငယ်ကလေးတွေ စတေးဟုမ်းရင်း အသက်ရှုကြပ်လာ။ သတင်းမှန်ပြောနေတဲ့ လည်ချောင်းတွေနာ။ လူထုကြားမှာနေရင်း ကိုယ်ပူချိန်တက်နေ။ သေရေးရှင်ရေး အတွက် အရေးပေါ်ကုသရေးခန်းမှာ နေရာရဖို့ အသက်ရှုစက် တပ်ခွင့်ရဖို့ လုံးပမ်းနေရပြီ။ နိုင်ငံခြားပြန် မီဒီယာတွေက ဒေါ်လာနဲ့ သွန်းလောင်းထားတဲ့ အသက်ရှုစက် အလှူရှင်ကိုမျှော်ရင်း အသက်ဖုတ်လိုက် ဖုတ်လိုက်ရှု။

ဘယ်တော့ ပေါ့စစ်တစ်ဖြစ်မလဲ။ မီဒီယာတွေ ဘယ်တော့ ပေါ့စစ်တစ်ဖြစ်မလဲ။ လည်တဆန့်ဆန့်။

ဒီလိုနဲ့ မီဒီယာတွေကို အနိုင်မကျင့် ဖို့ အစိုးရတွေကို သတိပေးတဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် နေ့
မေလ (၃) ရက်နေ့ကို ရောက်ခဲ့ပြန်ပေါ့။
ခုတလော မိုးလေဝသ က မုန်တိုင်းလာမယ့်သတင်းသတိပေးချက်တွေ အကြိမ်ကြိမ် ကြေညာနေ။

ဒီတခါတော့ မုန်းတိုင်းကြားမှာ ပျံသန်းမယ့် မီဒီယာသူရဲကောင်းတွေ မွေးဖွားလာမယ့် အခွင့်အရေးတခု ရလာတော့မယ်။ လာခဲ့လေ မုန်းတိုင်း။

အသက်ရှုကြပ်နေပေမယ့် မုန်တိုင်းကို ရင်ဆိုင်ဖို့ မီဒီယာတွေက ဆီးကြိုနေတယ်။

သားကြီးမောင်ဇေယျ
(၃-၅-၂၀၂၀)