Breaking News

ဇင်လင်း - ကြောက်ရွံ့မှုနှင့် မြှောက်ပင့်မှု ကင်းရှင်းသော သတင်းများ လွတ်လပ်စွာ စီးဆင်းပါစေ



ဇင်လင်း - ကြောက်ရွံ့မှုနှင့် မြှောက်ပင့်မှု ကင်းရှင်းသော သတင်းများ လွတ်လပ်စွာ စီးဆင်းပါစေ

(မိုုုုုုးမခ)  မေ ၄၊ ၂၀၂၀

လွတ်လပ်၍ အမှီအခိုကင်းသော သတင်းထုတ်လုပ်ခွင့်ကို အစိုးရက ကာကွယ်ထောက်ကူရမည်။ သတင်းထောက် များနှင့် သတင်းမီဒီယာသမားများအနေဖြင့် ခြိမ်းခြောက်မှုများကို ကြောက်စရာမလိုဘဲ သတင်းပေးပို့ခွင့် ရရှိစေရန် အစိုးရက အာမခံသင့်သည်။ လွတ်သော သတင်းစာ၏ အာဘော်သည် ပြည်သူလူထု၏ အကျိုးစီးပွားကို ပဓါနထားရမည်။

ကိုဗစ်နိုင်တင်းဗိုင်းရပ်စ် (Covid-19) ကပ်ရောဂါ ပျံ့ပွားနေစဉ် သတင်းလိုက်ရာ၌ သတင်းသမားများအနေဖြင့် မိမိတို့၏ ကျန်းမာရေးကို ပထမဦးစားပေးအဖြစ် သတိမူရမည်။ ယခုနှစ် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ (World Press Freedom Day) ၏ ဆောင်ပုဒ်သည် Journalism Without Fear or Favour ဖြစ်သည်။ “ကြောက်ရွံ့မှုနှင့် မြှောက်ပင့်မှု ကင်းရှင်း သည့် သတင်းစာပညာ” ဟု ဆိုလိုသည်။ သြဇာအာဏာရှိသူတို့၏ ခြိမ်းခြောက်မှုကို ကြောက်၍ဖြစ်စေ၊ မင်းလိုလိုက် မင်း ကြိုက်လိုက်ကာ မြှောက်ပင့်၍ဖြစ်စေ ကျင့်ဝတ်နှင့် မညီသော သတင်းများ မရေးသားမိစေရန်မှာ ယနေ့ သတင်းမီဒီယာ သမားတို့ ပဓါနပြုရမည့် အချက်ဖြစ်သည်။ ကျင့်ဝတ်ဖေါက်ဖျက်သော သတင်းသမားတို့၏ မှားလေ့ရှိသော ကိစ္စမှာ အာဏာပိုင်ကို ကြောက်သဖြင့် ဖြစ်စေ၊ အာဏာပိုင်အကြိုက်လိုက်မှ မိမိမျက်နှာရမည်ဟု ယူဆ၍ဖြစ်စေ၊ သတင်းအချက် အလက် မခိုင်လုံဘဲ၊ ဘက်လိုက်ရေးသားလေ့ရှိခြင်းဖြစ်သည်။ ထိုသို့သော ဘက်လိုက်မှုမျိုးကို ကျင့်ဝတ်လိုက်နာသော သတင်းသမားများ(Professional Journalists) ပြုလုပ်လေ့မရှိပေ။

ယခုအချိန် ကဲ့သို့သော ကိုဗစ်နိုင်တင်းဗိုင်းရပ်စ် (Covid-19) ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကာလမျိုး၌ သတင်းအချက် အလက် ခိုင်လုံ တိကျ မှန်ကန်မှုကို အထူးအလေးဂရုပြု သတင်းရေးသားတင်ပြခြင်းအားဖြင့် လူ့အသက်ပေါင်းများစွာ ကယ်တင်နိုင်သည်ဆိုသော အချက်ကို မမေ့သင့်ပေ။ ကောလဟလသတင်းများ၊ သတင်းအတုအယောင်များ၊ အတု အယောင် ရောဂါပျောက်ဆေးနည်းများ၊ အဆက်မပြတ်ပေါ်ထွက်နေသော သတင်းဇာတ်လိုက်များ၊ အစရှိသည့် အကြောင်း အရာများကို ယုံကြည်သင့်/မသင့် အမှန်တကယ် ကူညီမည့်သူများမှာ ကျင့်ဝတ်လိုက်နာသော သတင်းစာနှင့် သတင်း သမားများ ဖြစ်သည်။

သတင်းစာတစ်စောင်သည် တရာမျှတမှုကို လျစ်လျူပြုကာ ဘက်လိုက်ခြင်း မပြုရပေ။ အထူးသဖြင့် လူတစ်ဦး၊ လူမျိုး တစ်မျိုး၊ ပါတီအဖွဲ့အစည်းတစ်ခုခုအကျိုးအတွက် ဘက်လိုက်ခြင်း၊ အကြမ်းဖက်မှုလုပ်ရန် လှုံ့ဆော်ခြင်းစသဖြင့် မပြု လုပ်ဘဲ၊ တာဝန်ယူမှု တာဝန်ခံမှုရှိစွာ သတင်းစာကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာကာ၍ သတင်းထုတ်လုပ် ရမည်။ နိုင်ငံ၊ လူမျိုး၊ ကိုးကွယ်သည့် ဘာသာ၊ နိုင်ငံရေးယုံကြည်မှု စသည်တို့ကို အခြေခံ၍ ဥပဒေအရ တားမြစ်ထားသော နှိမ့်ချခွဲခြားဆက်ဆံခြင်း၊ အမုန်း စကားဖြန့်ချိခြင်း၊ အကြမ်းဖက်ရန်လှုံ့ဆော်ခြင်း သဘောပါသည့် သတင်းအရေးအသား မျိုးဖြင့် စာဖတ်သူတို့အား ရန်လိုမုန်းတီးစိတ်များ ဖြစ်ပေါ်အောင် လှုံ့ဆော်ခြင်းကို ရှောင်ကြဉ်ရမည်။

သတင်းရင်းမြစ် ခိုင်ခိုင်လုံလုံဖြင့် တိကျသေချာ မှန်ကန်သော သတင်းအချက်အလက်များဖြင့်သာ လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်နိုင်တင်းဗိုင်းရပ်စ် (Covid-19) ကပ်ရောဂါဘေး အကျပ်အတည်းကို ဖြတ်ကျော်နိုင်မည်ဖြစ်သည်။ အခြားတစ်ဖက်၌ သတင်းအမှာများနှင့် ကောလဟလသတင်းဖြန့်သူများကိုလည်း အစိုးရပိုင်း တာဝန်ရှိသူတို့က စစ်ဆေးဖေါ်ထုတ်အရေးယူ ရမည်ဖြစ်သည်။ သတင်းခေတ်(Information Age) တွင် သတင်းများပုံမှန်စီးဆင်းစေရန် အလုပ်လုပ်နေကြသော သတင်း သမားများကို တည်ဆဲ သတင်းမီဒီယာ ဥပဒေများဖြင့် အစိုးရက အတတ်နိုင်ဆုံး အကာအကွယ်ပေးရန်လိုသည်။ ငြိမ်းချမ်း ရေးနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ သတင်းများရရှိရေးအတွက် သတင်းအလုပ် လုပ်နေကြသော သတင်းထောက်များ ကို တရားဥပဒေ အကာအကွယ် ရရှိစေရန် အစိုးရအာဏာပိုင်များက တာဝန်ယူသင့်သည်။ ထို့ပြင် အစိုးရနှင့် သတင်း မီဒီယာ၊ သတင်းမီဒီယာနှင့် လွှတ်တော်၊ သတင်းမီဒီယာနှင့် လူမှုအခြေပြု အဖွဲ့များ (CSOs) အကြား သတင်းစီးဆင်းမှု ဆက်သွယ်ရေးစနစ် ကောင်းမွန်စေရန် ညှိနှိုင်းဆောင်ရွက်သင့်သည်။ လွတ်လပ်စွာထုတ်ဖေါ် ပြောဆိုခွင့် ‘Freedom of Expression’ နှင့် သတင်း သိရှိပိုင်ခွင့် ရရှိရေး “Access to Information” တို့ကို အာမခံရေးအတွက်လည်း အစိုးရတွင် တာဝန်ရှိသည်။ အပစ်ပယ်ခံ သာမန်ပြည်သူများ၏ အမြင်ခံစားချက်များကို သတင်းထုတ်လုပ်ဖေါ်ပြပေးသော သတင်း ထောက်များထံမှ သတင်းအချက်အလက်များ ရရှိရေးအတွက် အစိုးရက ကူညီဆောင်ရွက်ပေးမှသာ ဒီမိုကရေစီလမ်းစဉ်ကို ကျင့်သုံးရာ ရောက်မည် ဖြစ်သည်။

အစိုးရနှင့် တပ်မတော်တို့၏ ထိပ်တန်းလျှို့ဝှက်သတင်းများမှလွဲ၍ အများပြည်သူသိခွင့်ရှိသော သတင်းများကို သတင်း ထောက်များအား လွတ်လပ်စွာ သတင်းရယူခွင့်ပေးခြင်းဖြင့် ကောလဟလသတင်းများ ပျံ့နှန့်ခြင်းကို ကာကွယ်သင့်သည်။ သတင်းလွတ်လပ်ခွင့် အဆင့်အတန်း အနိမ့်အမြင့်ကို မူတည်၍ နိုင်ငံတစ်ခုသည် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသည် လား၊ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နေသည်လား ဆိုသည်ကို အကဲဖြတ်နိုင်ပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အစိုးရ အနေဖြင့် သတင်းစာလွတ်လပ်ခွင့် ပြဿနာကို ပေါ့ပေါ့တန်တန် မကိုင်တွယ်သင့်ဟု ယူဆသည်။ ပြည်ထဲရေး၊ ကာကွယ် ရေးနှင့် နယ်စပ်ဒေသစီမံအုပ်ချုပ်ရေး ဝန်ကြီးဌာနများအနေဖြင့်လည်း သတင်းစာလွတ်လပ်ခွင့်ကိစ္စကို အမြင်ကျယ်ကျယ် ထားကာ အစိုးရ၏ ဒီမိုကရေစီမူဝါဒများကို မထိခိုက်စေရန် ကူညီဆောင်ရွက်သင့်သည်။

မြန်မာနိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသည်။ ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ (World Press Freedom Day) သည် မြန်မာနိုင်ငံအတွက်လည်း အရေးကြီးသောနေ့ ဖြစ်သည်။ သတင်း လွတ်လပ်ခွင့် ရရှိရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် ပေးဆပ်မှုများဖြင့် အနစ်နာခံကြိုးပမ်းခဲ့ကြသည့် ကမ္ဘာတစ်ဝှမ်းမှ သတင်းသမား ပုဂ္ဂိုလ်များ၊ လက်ရှိအချိန်တွင် လွတ်လပ်စွာ သတင်းစီဆင်းရေးအတွက် ဆက်လက် ကြိုးပမ်းတိုက်ပွဲဝင်နေကြသူများ၊ သတင်းလိုက်ရင်း အသက်ဆုံးရှုံးခဲ့့ကြရသည့် သတင်းသမားများ၊ သတင်းလိုက်ရင်း ထိခိုက်အနာတရ ဖြစ်ခဲ့ရသူများကို နှစ်စဉ် မေလ ၃ ရက် “ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့” တွင် ဂုဏ်ပြုမှတ်တမ်း တင်လေ့ရှိသည်။ ယနေ့မြန်နိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အခြေအနေသည် ယခင် စစ်အစိုးရခေတ်ကထက် အသင့်အတင့် တိုးတက်လာသည်ဆိုသော်လည်း သတင်းရယူရာတွင်၊ သတင်းများထုတ်လုပ်ဖြန့်ဖြူးရာတွင် အကန့်အသတ်များ ရှိနေဆဲ ဖြစ်သည်။ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် သတင်းများရယူရာ၌ သတင်းထောက်များ၏ လုံခြုံရေး အခြေအနေမှာ စိုးရိမ်နေရဆဲဖြစ်သည်။ အထူးသဖြင့် ရှေ့တန်းစစ်မျက်နှာသဖွယ် ဖြစ်နေသော တိုင်းရင်းသားဒေသများတွင် သတင်းထောက်များ အတွက် လုံခြုံရေးအာမခံချက် လုံးဝမရှိဟု ဆိုနိုင်သည်။

မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် အခြေအနေကို ပြန်လည်သုံးသပ်ကြည့်လျှင် သတင်းရယူရေး၊ သတင်း ထုတ်လုပ်ဖြန့်ဖြူး ရေး ကိစ္စများတွင် အကန့်အသတ်များ၊ ခွဲခြားဆက်ဆံမှုများ ရှိနေဆဲ ဖြစ်သည်။ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများတွင် သတင်း ရယူရာ၌ သတင်းထောက်များ၏ လုံခြုံရေးမှာ စိုးရိမ်နေရဆဲဖြစ်သည်။ အထူးသဖြင့် ရှေ့တန်း စစ်မျက်နှာသဖွယ် ဖြစ်နေ သော တိုင်းရင်းသားဒေသများတွင် သတင်းထောက်များအဖို့ လုံခြုံရေး အာမခံချက် လုံးဝ မရှိ ဖြစ်နေသည်။ ၎င်းပြင် တိုင်းရင်းသားဒေသ သတင်းသမားများအား သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် ဌာနဆိ်ုင်ရာများက သတင်းရယူခွင့်ပေးရာ၌ ခွဲခြားဆက်ဆံမှု ပြုနေဆဲရှိသည်။ နိုင်ငံသားတစ်ဦး၏ အခြေခံရပိုင်ခွင့်များပင်လျှင် ဆုံးရှုံးလျက်ရှိသည်ဟု ဝေဖန်သုံးသပ်မှု များ ရှိနေသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့က ရွေးကောက်တင်မြှောက်ခံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ၂၉ ဦး တို့ နိုင်ငံတော်အား ကတိသစ္စာပြုပွဲ သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည်။ ထိုအခမ်းအနား၌ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဝေဖန်၊ ထောက်ပြမှုများ မရှိပါက ဒီမိုရေစီမရှိနိုင်ဟု ပြောကြားခဲ့သည်ကို ကြားနာခဲ့ရသည်။ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က “ကျွန်တော်တို့ အစိုးရအနေနဲ့ ဒီမိုကရေစီအရေးအတွက် သတင်းမီဒီယာရဲ့ ဥပဒေနှင့်အညီ လွတ်လပ်ခွင့်ဟာ အရေးပါတယ်ဆိုတာကို နားလည် သဘောပေါက်ပါတယ်။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့ မီဒီယာ ကောင်စီရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အရေးပါတဲ့နေရာမှာ ရှိတယ်လို့ ခံယူထားပါတယ်။” ဟုလည်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားသွားခဲ့သည်။

လက်ငင်းဖြစ်ပေါ်နေသည့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းထောက်များအား အကာအကွယ်ပေး ရေးကိစ္စများသည် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ပြောကြားချက်များနှင့် ကွာဟနေသည်ဟု သတင်းလွတ်လပ်ခွင့် စောင့် ကြည့်လေ့လာသူတို့က ယူဆသည်။ သတင်းစာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ ယေဘုယျ အခြေအနေကို ဖေါ်ညွှန်းပြသ သည့် နယ်စည်းမခြား သတင်းသမားများ အဖွဲ့(RSF)၏ ၂၀၁၇ ခုနှစ် ညွှန်းကိန်း(Index)အရ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံ၏ အဆင့်သည် ၁၃၁ တွင် ရှိခဲ့သည်။ ၂၀၁၉ ခုနှစ် ညွှန်းကိန်း(Index) အရဆိုလျှင် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံ၏ အဆင့်သည် ၁၃၈ ၊ ယခု ၂၀၂၀ ပြည့်နှစ်တွင် ၁၃၉ အထိ ကျဆင်းခဲ့သည်။ ၂၀၁၇ ခုနှစ်က မြန်မာ့ သတင်းလွတ်လပ်ခွင့်သည် အဆင့် ၁၃၁ ဖြစ်သဖြင့် ယခုနှစ်တွင် ၈ ဆင့် ကျဆင်းသွားခြင်း ဖြစ်သည်။ အထူးသဖြင့် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးအား ထောင် ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် နိုင်ငံ၏ သတင်းလွတ်လပ်ခွင့် ပုံရိပ်ကို အကြီးအကျယ် ထိခိုက် သွားစေခဲ့သည်။ ရိုက်တာသတင်းဌာန အယ်ဒီတာချုပ် စတီဖင်အက်ဒလာ (Stephen J. Adler) က ယင်းကိစ္စ သည် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်ကို အကြီးအကျယ် နောက်ပြန်ဆုတ်သွားသည့် လက္ခဏာဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ ပြောဆိုခွင့် စသည်တို့နှင့် လွဲချော်နေ၍ အစိုးရအနေဖြင့် အမြန်ဆုံး ပြန်လည်ပြင်ဆင်သင့်ကြောင်း ၎င်းက တိုက်တွန်းထားသည်။

ရိုက်တာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးအား ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ် ချမှတ် လိုက်ခြင်း၊ ထို အမှုနှင့်ပတ်သက်သည့် အယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ပယ်ချလိုက်ခြင်း စသည့် ဖြစ်ရပ်တို့သည် သတင်းထောက်များအပေါ် စံနမူနာပြ ခြိမ်းခြောက် ဖိနှိပ်မှုဟု ဆိုနိုင်သည်။ တနည်းအားဖြင့် တပ်မတော် နှင့် အစိုးရတို့ အနေဖြင့် နိုင်ငံ၏ ပုံရိပ်ကို ကျဆင်းမှု မဖြစ်စေရန် ယခုကဲ့သို့မလုပ်သင့်ဟု ဝေဖန်မှုများ ရှိနေသည်။ ၂၀၁၉ ဧပြီလ ၂၄ ရက်နေ့က မြန်မာနိုင်ငံတွင် သတင်းထောက်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက် လူ့အဖွဲ့အစည်း ဝင်များ၊ သံချပ်ဖြင့် ဝေဖန်ထောက်ပြသူများကို ဖမ်းဆီးခဲ့မှုများအတွက် အထူးစိုးရိမ်ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြား ရေးဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့သည်ကိုတွေ့ရသည်။ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ အမှုနှင့်ပတ်သက် သည့် အယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ပယ်ချခဲ့ပြီးနောက် အမေရိကန်သံရုံးက များစွာ စိတ်ပျက်မိကြောင်း၊ လက်ရှိ မြန်မာနိုင်ငံအတွင်း တရားစွဲဆိုမှုများ၊ ပြစ်ဒဏ် စီရင်မှုများသည် လွတ်လပ်စွာပြောဆိုခွင့်အပေါ်သည်းခံမှု မရှိခြင်း ပိုမိုတိုးလာသည်ကို ပြသနေသည်ဟု အမေရိကန်သံရုံးက ဧပြီ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်၊ ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ဝင်များ စသူတို့ကို ဖမ်းဆီးခြင်း၊ မကြာသေးမီက သတင်းထောက်များကို တရားစွဲဆိုခြင်းများနှင့် ပတ်သက်၍ ယင်းသို့ ရည် ညွှန်းထုတ်ပြန်ခြင်းဖြစ်သည်။ ပူလစ်ဇာဆုရ ရိုက်တာသတင်းထောက်များဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ အယူခံကို ဗဟိုတရားရုံးချုပ်က ပယ်ချလိုက်ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အခြေအနေကို စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းထောက်များကို အကာအကွယ်ပေးရေးကိစ္စသည် အနှုတ်လက္ခဏာ ပြနေသည်ဟုလည်း အမေရိကန် နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်၌ ဝေဖန်ခဲ့သည်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ သက်တမ်း လေးနှစ်တာကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု နှင့်ပတ်သက်၍ တရားစွဲဆိုထားသော အမှုအရေအတွက် (၅၃၉)မှုရှိပြီး၊ တရားစွဲခံရသူ ဦးရေ (၁၀၅၁) ဦးရှိသည်ဟု လွတ် လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရရေးအတွက် လှုပ်ရှားသည့် "အသံ" အဖွဲ့က ထုတ်ပြန်သည့်အစီရင်ခံစာအရ သိရသည်။ တရားစွဲဆိုခံရသူများမှာ ဆက်သွယ်ရေး ဥပဒေ၊ ငြိမ်းစုစီဥပဒေ၊ နိုင်လွတ်လုံဥပဒေ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)၊ (ခ)၊ (ဂ)၊ ပုဒ်မ၅၀ဝ၊ ပုဒ်မ၁၁၄၊ မတရားအသင်းအက်ဥပဒေ၊ သာသနာညှိုးနွမ်းစေမှု၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု စသည်တို့ဖြင့် တရားစွဲဆိုခံထားရသည်။

တရားစွဲဆိုခံရသူ(၁၀၅၁)ဦးတွင် ရန်ကုန်တိုင်းဒေသကြီးသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရားစွဲဆိုခံရသူ အများဆုံး ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။ မန္တလေးတိုင်းဒေသကြီးသည် တရားစွဲဆိုခံရသူအရေအတွက် ဒုတိယ အများဆုံး ဖြစ်သည်။ ပြည်နယ်များအနက် ရခိုင်ပြည်နယ်သည် တရားစွဲဆိုခံရမှု အရေအတွက် အများဆုံးဖြစ်သည်ဟု သိရသည်။ ချင်းပြည်နယ်သည် တရားစွဲဆိုခံရမှုမရှိသည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်သည်။ တရားစွဲဆိုခံရသူများမှာ အရပ်သား ပြည်သူ ၄၉၅ ဦး၊ တက်ကြွလှုပ်ရှားသူ ၃၂၆ ဦး၊ သတင်းမီဒီယာသမား ၆၇ ဦး၊ နိုင်ငံရေးပါတီဝင် ၆၀ ဦိး၊ ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်၂၇ ဦး၊ အနုပညာရှင်၂၄ ဦး၊ အစိုးရဝန်ထမ်း ၁၇ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင် ၁၅ ဦး၊ စီးပွားရေး လုပ်ငန်းရှင် ၇ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၇ ဦး၊ အခြား ၆ ဦးတို့ ဖြစ်သည်ဟု အသံအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

အသံအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခ က တရားစွဲဆိုမှုများလာသည့်အတွက် လက်ရှိအစိုးရ၏ လွတ်လပ်စွာ ပြောဆိုခွင့် အပေါ်သဘောထား မကောင်းသည့် ဘက်မှာ ရှိနေကြောင်း ပြောကြားသည်။ အသံအဖွဲ့က ပြုစုထားသော စာရင်းအရ ယခင်အစိုးရလက်ထက် သတင်းသမားများအပေါ် တရားစွဲဆိုမှုအခြေအနေသည် လက်ရှိ အစိုးရ၏ ထက်ဝက် မျှပင် မရှိကြောင်းလည်း မောင်ဆောင်းခက ဆိုသည်။ သတင်းယူရင်း Live လွှင့်သောကြောင့် ဖမ်းဆီးထောင်ချခံနေရသော Channel Mandalay သတင်းထောက် ကိုနန္ဒ(ခေါ်)ကိုအောင်ကြည်မြင့်ကို အမြန်ဆုံးလွှတ်ပေးရန်လည်း အသံအဖွဲ့က တောင်းဆိုထားသည်။ မန္တလေးအခြေစိုက် Voice of Myanmar သတင်းဌာန အယ်ဒီတာချုပ် ကိုနေမျိုးလင်းကလည်း လက်ရှိ အစိုးရ လက်ထက်၌ သတင်းလွတ်လပ်ခွင့် ထက်ဝက်ကျော် ကျဆင်းသွားကြောင်း RFA သတင်းသို့ ပြောကြား သည်။ ကိုနေမျိုးလင်းသည် မတ်လအတွင်း ရက္ခိုင့်တပ်တော် အေအေ၏ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ၍် သတင်း မေးမြန်းသဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ၁၀ ရက်ကြာ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည်။ ယခု လက်ရှိ အခြေ အနေတွင် နရဉ္စရာသတင်းဌာနနှင့် ခေတ်သစ်သတင်းဌာနတို့၏ အယ်ဒီချုပ်များကိုလည်း အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ထားသည်ဟု ဆိုသည်။ လတ်တလောတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက အတိုပါ အမှုများကို ကြားဝင်စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။ မည်သို့ဆိုစေ လက်ရှိမြန်မာနိုင်ငံ၏ သတင်းစာ လွတ်လပ်ခွင့် အခြေအနေသည် အကျဖက်သို့ ဦးတည်နေကြောင်း တွေ့ရသည်။

ထို့ကြောင့် ယခု ၂၀၂၀ မေလ ၃ ရက်၌ ကျရောက်သော ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်နေ့ (World Press Freedom Day) အခါသမယတွင် မြန်မာနိုင်ငံ သတင်းစာလွတ်လပ်ခွင့် အဆင့်အတန်း တိုးတက်ရေးအတွက် အစိုးရက မူဝါဒ ပြုပြင်ပြောင်းလဲရေးပြုလုပ်၍ နိုင်ငံတကာအဆင့်မှီစေရန် Press Freedom ကို မြှင့်တင်ပြီး၊ သတင်းသမားများကို ဥပဒေဖြင့် ကာကွယ်ပေးသင့်ပြီ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၁၉ အရ ‘လွတ်လပ်စွာသတင်း ရေးသားဖြန့်ချိ ပိုင်ခွင့်’ ကို အသိအမှတ်ပြုရန်လည်း အစိုးရ၌ တာဝန်ရှိသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖေါ်ဆောင် ရာတွင် ‘လွတ်လပ်စွာ သတင်း ရေးသား ဖြန့်ချိပိုင်ခွင့်’ ကို အစိုးရက လုံးဝတာဝန်ယူရပေမည်။ ယနေ့မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ကိုဗစ်နိုင်တင်း ကပ်ရောဂါ တိုက်ဖျက်ရာတွင် သတင်းအတုပြဿနာနှင့် ကောလဟလပြဿနာတို့ကို ချေမှုန်းရန် အစိုးရနှင့် တပ်မတော်တို့ အနေဖြင့် ကျင့်ဝတ်နှင့်ညီသော သတင်းသမားများအား သတင်းစာ လွတ်လပ်ခွင့် အပြည့်အဝပေးသင့်သည်။ တိကျမှန်ကန်သော သတင်းအမှန်များ ပုံမှန်စီးဆင်းခွင့် ရရှိနေမှသာ တိုင်းပြည်တည်ငြိမ် အေးချမ်း၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းများကို ကျော်လွှားနိုင်မည်ဟု သုံးသပ်လိုသည်။

မေလ ၃ ရက်၊ ၂၀၂၀။