Breaking News

မောင်လူပေ - ကိုရိုနာ မေ ၂၂၊ ၂၀၂၀



မောင်လူပေ - ကိုရိုနာ မေ ၂၂၊ ၂၀၂၀

(မိုးမခ)

အမေရိကန်ပြည်ထောင်စုမှာ ရောဂါကာကွယ်ဆေးစမ်းသပ်မှု တွေထဲက အဖြစ်နိုင်ဆုံး ဒါဇင်ဝက်ခန့်ကို လူတစ်သိန်းခန့်နဲ့ စမ်းသပ်ဖို့ရှိနေတယ်။ စိတ်ချရပြီး ဆေးစွမ်းရှိတဲ့တစ်ခုကို နှစ်ကုန်လောက်မှာ ရရှိဖို့ သေချာနေတယ်။ တရုတ်ပြည်က စမ်းသပ်နေတဲ့ CanSino ရောဂါကာကွယ်ဆေးလည်း လူနဲ့စမ်းသပ်မှုမှာ အောင်မြင်တယ်လို့ ကြေညာတယ်။ အင်္ဂလန်ပြည် အောက်စဖို့ဒ်တက္ကသိုလ်မှ စမ်းသပ်နေတဲ့ ကာကွယ်ဆေးကိုလည်း လူတစ်သောင်းကျော်နဲ့ အဆင့်နှစ်၊ အဆင့်သုံးကို စမ်းသပ်မှာ ဖြစ်တယ်။ ဒါကြောင့် ကာကွယ်ဆေးရဖို့ မဝေးတော့ပြီ။

ရောဂါခံစားနေရသူတွေကို သမ္မတထရန့်ပြောတဲ့ ငှက်ဖျားဆေး ဟိုက်ဒရိုစီကလိုရိုကွင်း နဲ့ ကလိုရိုကွင်း ဆေးနှစ်မျိုး စလုံးနဲ့ ကုသကြည့်ရာမှာ အဲဒီဆေးမပေးတဲ့အုပ်စုထက်ပိုပြီး သေဆုံးမှုနှုန်း ပိုမြင့်မားခဲ့တယ်လို့ လေ့လာချက်တစ်ခုက ဆိုတယ်။ အဲဒီငှက်ဖျားဆေးကြောင့် ရောဂါသက်သာနိုင်ခြေထက် သေဆုံးနိုင်ခြေ ပိုမြင့်လာနိုင်တယ်လို့ ဆိုလိုပါတယ်။

ဘရာဇီးမှာ ရောဂါကြောင့်သေဆုံးသူ နှစ်သောင်းကျော်ရှိသွားပြီး ကူးစက်သူ သုံးသိန်းကျော် ရှိတယ်။ တောင်အမေရိကဟာ ရောဂါကူးစက်မှု ဗဟိုချက်ဖြစ်လာနေပြီလို့ WHO က သတိပေးတယ်။

အိန္ဒိယနိုင်ငံမှာ တစ်ရက်အတွင်း ကူးစက်သူ ခြောက်ထောင်အထိ အမြင့်ဆုံးတွေ့ရပြီး ကူးစက်ခံ တစ်သိန်းနှစ်သောင်းခွဲခန့် ရှိလာတယ်။ သေဆုံးသူ သုံးထောင့်ခုနှစ်ရာကျော်ရှိတယ်။

မွတ်စလင်တို့ရဲ့ ဥပုဒ်လပြီးဆုံးခြင်း အိစ်ကလေးလို့ခေါ်တဲ့ Eid Al-Fitr ပွဲကို ဗလီတွေ ပိတ်ထားဆဲမို့ အိမ်မှာသာ ကျင်းပကြဖို့ဆော်ဒီ၊ UAE တို့မှာ တိုက်တွန်းထားတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကူးစက်ခံ ၁.၆သန်းကျော်ရှိလာပြီး သေဆုံးသူ ကိုးသောင်းခုနှစ်ထောင်ကျော်ခန့် ရှိလာတယ်။

မြန်မာပြည်မှာ ကူးစက်သူအသစ်မတွေ့ရှိခဲ့ပါ။

ကမ္ဘာ့လူဦးရေ ၅.၂၇သန်း ကူးစက်ခံခဲ့ရပြီး သုံးသိန်းသုံးသောင်းကျော် သေဆုံးခဲ့ကာ ၂.၁ သန်းကျော် သက်သူပျောက်ကင်းခဲ့ပြီ။