Breaking News

ကျော်ဟုန်း - နားပင်းနေသော လှေကားများ

Than Htay Maung

ကျော်ဟုန်း - နားပင်းနေသော လှေကားများ

(မိုးမခ)မေ ၂၂၊ ၂၀၂၀ 

အဆိပ်လွှတ် မြို့ပြဟာ
ခမ်းနားကြီးကျယ်မှုတွေဖွဲ့
ဆောင်ကြာမြိုင်ဖွင့်ပြီး
ကျုံးသွင်းနေဆဲပဲ။

မြို့ပြဟာ
ဖောက်သည်ရှာဖို့
ဘယ်တော့မှ မခဲရင်းဘူး။

မြို့ပြရဲ့ဆောင်ကြာမြိုင်ထဲရောက်ရင်
သူ့ ပဉ္စလက်အတတ်နဲ့
လူစင်စစ်က
စက်ရုပ်တပိုင်း လူတပိုင်းဖြစ်သွားရမြဲပဲ။

စက်ရုပ်တပိုင်း လူတပိုင်းဝိဉာဉ်တွေဟာ
လှေကားထောင်တက်နိုင်ဖို့
အလုအယက်ကြိုးပမ်းရင်း
မနက်ဆိုရင်
ကော်ဖီခါးခါးသောက်တတ်လာတယ်
ညဆိုရင်
အရက်ပြင်းပြင်း နှစ်ချိုက်လာတယ်။

ဒါတွေကိုပဲ
လောကစည်းဇိမ်အမည်တပ်ရင်း
ကျဉ်းမြောင်းတဲ့ အတ္တစက်ဝန်းထဲမှာ
ဆုံလည် လူစက်ရုပ်ဖြစ်
နေ့တဓူဝနီးပါး
မြို့ပြအတွက်
ဆီကြိတ်ပေးနေရတာပေါ့။

မြို့ပြဟာ
အေးငြိမ်းတဲ့ တောက လူတွေကိုလည်း
သူ့ရဲ့ နတ်ဘုံနတ်နန်းအသွင်နဲ့
ဖြားယောင်းသွေးဆောင်တတ်သေး။

တကယ်တမ်း မြို့ပြမှာ
​မြို့ရော တောပါ
သူ့ဖောက်သည်ကြီးပဲမို့
တောက လူတွေလည်း
မြို့ရောက်သွားရင်
မကြာဘူး စက်ရုပ်ဖြစ်လာတယ်
တချို့ဆို
လူစက်ရုပ်ရဲ့ စက်ရုပ်ဖြစ်သွားတယ်။

တကယ်တော့
မြိုဲ့ပြမှာ အပြစ်ရှိသလား
လူစက်ရုပ်ဝိဉာဉ်တွေရဲ့ အပြစ်လား။

မြို့ပြနဲ့ လူစက်ရုပ်တို့
အပြန်အလှန် အပြစ်စွတ်စွဲကြချိန်
လောဘက ထိုင်ကြည့်ပြီး
ဟားတိုက် ရယ်နေတာ မြင်လိုက်ရတယ်။

လောဘရဲ့ ရယ်သံကိုတောင်
နားစွင့်တတ်သူမှ
ကြားနိုင်တာပါ
ရယ်သံကို မကြားမိသူက ဒုနဲ့ဒေး။

သတိထားမိသူများက
သမိုင်းဦး ကျောက်ခေတ်ကို
ပြန် လွမ်းနေသလိုလို ဖြစ်မိကြသတဲ့။

အရိုင်းဟာ အယဉ်ဆုံးများလား။

ကျော်ဟုန်း
၂၀၂၀၀၅၁၉