Breaking News

မောင်လူရေး - အိုဘယ့် အပိန်းတို့မြေ


မောင်လူရေး - အိုဘယ့် အပိန်းတို့မြေ

(မိုးမခ) မေ ၂၂၊ ၂၀၂၀

ကျန်းမာရေးကိစ္စတွေဟာ ယုံကြည်စွဲလမ်းမှုတွေနဲ့ မဆိုင်ဘူးလေ။ စနစ်တကျ သိရ ကုရ သင်ရတဲ့ဟာ။ ကိုယ်ဖြစ်ရင်လဲ ရေမန်းသောက်ကြမှာမှ မဟုတ်ဘဲ ဘာ့လို့ လျှောက်ပြောနေကြတာလဲ။ ရှင်းပါတယ်။ ငွေနဲ့ မလျော်သြဇာအတွက်ပါဘဲ။ လောကကြီးမှာ ငွေနဲ့ မလျော်သြဇာက မင်းစည်းစိမ်နဲ့ တန်းတူတယ်လေ။ ဒီလိုပြောကြတာတွေကြည့်ရင် နတ်ဆရာ ဂိုဏ်းဆရာနဲ့ ဘာသာရေးဆရာတွေချည်းဘဲ။ လူအုပ်စုကို လွှမ်းမိုးထိန်းချုပ်လို့ရတာကလဲ ဘာသာရေးနဲ့ နိုင်ငံရေးဘဲရှိတာကိုး။ ဒါ့ကြောင့် ဒီစည်းစိမ်ကို တသက်လုံးရဖို့ အာဏာရှင်တွေဟာ နိုင်ငံရေးစနစ်ကောင်းတွေကို ဖျက်ဆီးချင်ကြတယ်၊ ဥပဒေလုပ်ကြတယ်။ မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြဆိုပြီး မင်းအစိုးရဖြစ်လာသူတွေတောင် ကိုယ်တော်လှန်ဖီဆန်ခဲ့တဲ့ဥပဒေဆိုးတွေကို ထွေးပိုက်ထားကြရုံမက ဗားရှင်းပါ မြှင့်လိုက်ကြသေးတာမဟုတ်လား။

ခုလဲ ဆက်အက်ဂျူကေးရှင်းပြဌာန်းစာကို ယဉ်ကျေးမှု ဘာသာရေးနဲ့နွယ်ပြီး နိုင်ငံရေးဗန်းခင်းဖို့ လုပ်လာကြတယ်။ အသက် ဉာဏ်စောင့်ပါတယ်ဆိုတာ စကားပုံအနေနဲ့ကို မွေးကတည်းက ကြားနေရတဲ့တိုင်းပြည်နော်။ အာရောဂျံ ပရမံ လာဘံကို ဆောင်ပုဒ်လုပ်တဲ့နိုင်ငံတော်။ ဒါကို ဆက်အက်ဂျူကေးရှင်းသင်တာ ကန့်ကွက်တယ်၊ ဘာသာ ယဥ်ကျေးမှုနဲ့ ဘာဖြစ်တယ်၊ ညာဖြစ်တယ် လုပ်နေကြတယ်။ ဒါဟာ တကယ်တော့ အငုံ့စိတ်တမျိုးပါ။ နိုင်ငံရေးအောက်လမ်းဆရာနဲ့ လိမ်မဖွယ်မရာပြုမူကြံစည်စိတ်ကူးတတ်သူတွေရဲ့အလိုအလျောက်တုန့်ပြန်မှုပါ။ 

လောကမှာ လူ့အဖွဲ့အစည်းအဓွန့်ရှည်ဖို့၊ ကောင်းကောင်းမွန်မွန် စနစ်တကျ သားစဥ်မြေးဆက်ဖို့ထက် အရေးကြီးတာ ဘာများရှိသေးလဲ။ တနည်းအားဖြင့် ကျန်းမာဖို့ထက် အရေးကြီးတာ ဘာမှ မရှိတော့ဘူးလေ။ ဆိုတော့ HIVနဲ့ Cပိုးက ခုထိ ကာကွယ်ဆေး မတွေ့သေးဘူး။ HIVဆို နှစ် ၃၀ကျော်ပြီ။ 

စစ်ကိုင်းတိုင်းဆို ကောလင်းကနေ ကချင်ပြည်နယ်အဆုံးထိ လူငယ်လူရွယ် တော်တော်များများခု ကလေးတွေပါ ဖိုးသမားဖြစ်နေကြပြီ။ ဖိုးသမားတိုင်းလိုလိုလဲ အပ်မျှသုံးရင်း HIVပေါ့စတစ်တွေ ဖြစ်နေကြပြီ။ ရှမ်းပြည်မပြောသေးဘူး။ တနိုင်ငံလုံးမှာ တခြားကူးစက်ရောဂါတွေကလဲ ပွထလို့။ တော်တော်များများကလဲ လိင်ကတဆင့် ကူးစက်တာ။ FDAက ကောင်းကောင်းအလုပ်မလုပ်လို့ ဆီဆိုး အရက်ဆိုး အစားဆိုး အသောက်ဆိုးတွေနဲ့ ကမ္ဘာမှာ ကင်ဆာကထိပ်။ အင်း ဒီကြားထဲ ဘာသာပေါင်းစုံမေတ္တာနဲ့ ရွှေဝါပြည့်အနာဂတ်ကတော့ မသာပြတ်မည့်ပုံမမြင်။

မကျန်းမာရင် မချမ်းသာဘူး။ မချမ်းသာရင် ရပ်ကွက်ထဲက ဘုရားပွဲသွားငေးဖို့မပြောနဲ့ အသုဘအိမ်နားတောင် ကပ်လို့မရဘူး။ ဘယ်ကမှလဲ လက်မခံဘူး။ ခုဆို ကိုဗစ်ဖြစ်ရင် ရွာရိပ်တောင် အနင်းမခံဘူး။ သွား ကွာရင်တင်း၊ မိဘလေရာ ဆရာရော ဘုန်းကြီးရော မယားရော သားရော လင်ရော သမီးရော အမျိုးရော အဆွေရော အစိုးရသော မရသော၊ ဘာရောကောသောကောမှ မရ။ လူ့အဖွဲ့အစည်းက သူ့ဖြစ်တည်မှုကို မထိခိုက်သေးလို့သာ၊ ထိခိုက်မယ်ဆိုရင်တော့ ဘာဘာသာ သာသနာ ယဥ်ကျေးမှုမှ လာမလုပ်နဲ့။ နုတ်နုတ်စင်းပစ်မှာ။ ကိုယ် မကျန်းမာတဲ့နေ့ ကိုယ့် ဘာသာ သာသနာ ယဉ်ကျေးမှု ဆုံးခန်းတိုင်မယ့်နေ့ဘဲ။

မောင်လူရေး