Breaking News

ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ ၄၃


ခွန်ဆိုင်း - ကိုဗစ် ဒိုင်ယာရီ ၄၃

(မိုးမခ) မေ ၂၁၊ ၂၀၂၀


COVID-19 .ကာကွယ်ဆေး . လူတွင် စမ်းသပ်အောင်မြင်ပြီ လို့ အမေရိကန် က MAYO ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာကျော်ဇောဟိန်းက သူ့ ဖဘ စာမျက်နှာကနေ ခုလို တိုတို ရှင်းရှင်း ဖေါ်ပြခဲ့ပါတယ်။
.
mRNA-1273 (အမ်အာအင်အေ−1273) လို့ခေါ်တဲ့ ကိုဗစ်−19 ကာကွယ်ဆေးကို
လူတွေမှာ စမ်းသပ်အောင်မြင်ပြီလို့မေလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ် ..
.ဒီကာကွယ်ဆေးကို အမေရိကန် အခြေစိုက် Moderna, Inc., (မိုဒါးနား) ကုမ္ပဏီက
ထုတ်လုပ်တာ ဖြစ်ပါတယ် .. အမေရိကန် ကျန်းမာရေးဌာန (NIAID) ဦးဆောင်ပြီး
ဒီကာကွယ်ဆေးကို လူတွေမှာ၂ ကြိမ်ထိုးပေးလိုက်တဲ့ အခါ ကိုးရိုးနားဗိုင်းရပ်ကို ကာကွယ်နိုင်စွမ်းရှိတာ တွေ့ရပါတယ် .. (mRNA-1273 elicited neutralizing antibody titer levels in all eight initial participants) mRNA-1273 ကာကွယ်ဆေးဟာယေဘုယျအားဖြင့် လူတွေမှာ ဘေးထွက်ဆိုးကျိုး မရှိနိုင်ဘူးလို့သိရပါတယ် အလွန်မင်္ဂလာရှိသောသတင်းကောင်းတစ်ခုဖြစ်ပါတယ်ခင်ဗျာ..
Dr. ကျော်ဇောဟိန်း, MD, PhD

.
(ဖြည့်စွက်ချက်.. အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်မှာ စမ်းသပ်နေတဲ့
ChAdOx1 nCoV-19 လို့ခေါ်တဲ့ နောက်ကာကွယ်ဆေးတစ်မျိုးကတော့ မအောင်မြင်ဘူးလို့ သိရ. )

မူရင်း ဆေးသိပ္ပံ စမ်းသပ်မှု ကြည့်ရန် :
https://clinicaltrials.gov/ct2/show/NCT04283461
https://www.niaid.nih.gov/…/nih-clinical-trial-investigatio…
https://investors.modernatx.com/…/moderna-announces-positiv…

ဒေါက်တာ ကျော်ဇောဟိန်း ပေးထားတဲ့ လင့်ခ် ၃ ခု ကို ဝင်ကြည့်ခဲ့ပါတယ်။

ပထမလင့်ခ်မှာ အစမ်းသတ်ခံ လူ ၁၀၅ ယောက် ကို ၉ အုပ်စု ခွဲထား ပြီး( mRNA-1273 ) ကာကွယ်ဆေး ကို မတ်လ ၁၆ရက် က စပြီး စမ်းသတ် ထိုးနှံ ထားကြတာကို တွေ့ရ တယ်။ ။ ပထမ အုပ်စု မှာ အသက် ၁၈ နှစ်နဲ့ ၅၅ ကြားအသက်အပိုင်းအခြားရှိတဲ့ လူတွေ ။ သူတို့ကို အုပ်စု ၃စု ထပ်ခွဲတယ် ။ ဆေးက လက်မောင်းမှာထိုးပေးရတာ။ထိုးတဲ့ဆေးပမာဏတွေက လဲ ၃ စု အတွက် ၃ မျိုး ။ ၂၅ မိုက်ခရိုဂရမ် အချိန်အဆကို အုပ်စု တစုမှာ ထိုးတယ် ၊ ၁၀၀ မိုက်ခရို ဂရမ် ကို နောက် တစုမှာ ထိုးတယ် ၊ ၂၅၀ မိုက်ခရိုဂရမ် ကို နောက်တစုမှာ ထိုးတယ်။
ဒုတိယ အုပ်စု ၃စု က အသက် ၅၆ နဲ့ ၇၀ ကြား ။ ပထမ အုပ်စု တုန်းကလို ဆေး ပမာဏ ၃ မျိုး ကိုပဲ အုပ်စု ၃ စု ခွဲထိုးပေးတယ် ။
တတိယအုပ်စု ၃ စု က အသက် ၇၁ နှစ်အထက်တွေ ။ပထမအုပ်စုတုန်းကလိုပဲ ဆေး ပမာဏ ၃ မျိုး ကို အုပ်စု ၃စု ခွဲထိုး တယ်။
၂၈ ရက်ပြည့်သွားတဲ့ အခါမှာ အားလုံးကို နောက်တကြိမ်ထပ် ဆေးထိုး တယ်။
ထိုးနေတဲ့ ကာလမှာ ဆေးရဲ့ အန္တရာယ်ကင်း စိတ်ချရမှု ။ ဆေးရဲ့ တုံ့ပြန်မှု ။ ဆေးရဲ့ ကိုဗစ် ကာကွယ်နိုင်စွမ်းတွေကို စမ်းသတ်သွားကြတယ် ။ the safety, reactogenicity and immunogenicity of mRNA-1273 manufactured by ModernaTX, Inc. mRNA-1273 )

၂၀၂၁- စက်တင်ဘာ ၂၀ ရက်နေ့ ကျမှ အဲဒီ စမ်းသတ်မှုတွေ ပြီးဆုံးမယ့်အကြောင်း လဲ ဖေါ်ပြထားပါတယ်။

အမေရိကန် ကိုဗစ်တိုက်ဖျက်ရေးမှာ တာဝန်အရှိဆုံး ။ သမတ ထရမ့် ရဲ့ ကိုဗစ် သတင်းစာ ရှင်းလင်းပွဲတွေ မှာ ဆေးသိပ္ပံ အကြံပေးအဖြစ် အမြဲ ဘေးက ပါလေ့ရှိတဲ့ ဆေးပညာရှင်ကြီး အန်တိုနီဖေါဆီ ရဲ့ ဌါန က The National Institute of Allergy and Infectious Diseases (NIAID) ဖြစ်ပါတယ်။ NIAID ဌါနရဲ့ ငွေကြေးထောက်ပန့်မှုနဲ့ ဆီရဲတယ်လ် မြို့က ကိုင်ဇာ သုတေသန ဌါန ( Kaiser Permanente Washington Health Research Institute (KPWHRI) in Seattle) မှာ အဲဒီ ကာကွယ်ဆေးကို ပဲ စမ်းသတ်ကြပြန် တဲ့ အကြောင်း ဖေါ်ပြထား ချက်များကို ဒုတိယ လင့်မှာ ရှာတွေ့နိုင်ပါတယ်။ အဲဒီစမ်းသတ်မှုမှာတော့ လူ ၄၅ ဦး ပါတယ်။ မတ်လ ၁၆ ရက်နေ့က စတင် စမ်းသတ်တယ် ။ အဖြေကို ၃လအတွင်း ရမယ်လို့ ဖေါ်ပြထားတာတွေ့ပါတယ်။

တတိယလင့်ခ် မှာ တော့ မိုဒါနား ModernaTX, ကုမ္ပဏီ ရဲ့ ဝက်ဘ်ဆိုဒ် မှာ ဖေါ်ပြထားချက်တွေ ကိုလေ့လာနိုင် ပါတယ်။မိုဒါနားကုမ္ပဏီကြီးက အမေရိကန် မက်ဆာချူးဆက်ပြည်နယ် ကင်းဘရစ် မှာ ဌါနချုပ်ရှိပြီး ကာကွယ်ဆေး ကိုးမျိုးလောက် စမ်းသတ်ဖေါ်ထုတ်ခဲ့- ဖေါ်ထုတ်ဆဲ ဆေးကုမ္ပဏီကြီးပါ ။ 

သူ့ဖေါ်ပြထားချက်တွေမှာ တော့ သူ့ထုတ်လုပ်လိုက်တဲ့ mRNA-1273 ကာကွယ် ဆေးကို ၂ကြိမ်ထိုးပြီးသွား တဲ့ အခါ မှာ အစမ်းသတ်ခံလူသားတွေ ရဲ့ ကိုယ်ခန္ဓာ ထဲမှာ ဖြစ်ပေါ်လာတဲ့ ခုခံ ကာကွယ်နိုင်မှု စွမ်းအား ပမာဏတွေဟာ ကိုဗစ်ဗိုင်းယပ်စ် တကယ် ကူးစက်ခံရ ပြီး သက်သာပျောက်ကင်းလာတဲ့ လူတယောက်ဆီမှာ ရှိတဲ့ ခုခံအားနဲ့ ညီမျှမှု ရှိ တယ်။ ဒါမှမဟုတ် သာလွန်တဲ့ ခုခံအားကို ပေးနိုင်စွမ်းရှိနေတယ်ဆိုတဲ့ အကြောင်း၊ သူတို့ ကာကွယ်ဆေးဟာ ဘေးထွက်ဆိုးကျိုး မတွေ့ရတဲ့ အပြင် အထိုးခံရတဲ့ လူ ကလဲ ဆေးဒဏ်ကို ကောင်းကောင်း ခံနိုင် ရည် ရှိတဲ့ အကြောင်း ။ သူတို့ ရဲ့ တတိယအကြိမ် ဆက်လက် ဆေးထိုးစမ်းသတ်မှုတွေကိုလာမယ့် ဇူလိုင်လ မှာ ထပ်မံပြုလုပ်မယ့် အကြောင်း ဖေါ်ပြထားတာ တွေ့ပါတယ်။

အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ်က စမ်းသတ်ဖေါ်ထုတ် နေတဲ့ ကိုဗစ် ကာကွယ်ဆေး- ChAdOx1 nCoV-19 မအောင်မြင်ဘူးဆိုတဲ့ အချက်ကိုတော့ ကျနော် ရှာမတွေ့မိသေး ။ ရိုက်တာ(Reuters) - သတင်းဌါနက တင်လိုက် တဲ့ ( AstraZeneca) အက်စ်ထျာဇင်နကာ ဆေးကုမ္ပဏီကြီး နဲ့ တခြားအစိုးရတွေ ကိုဗစ် ကာကွယ်ဆေးထုတ်မယ့်အကြောင်း စကားပြောဆိုနေကြပြီ -ဆိုတဲ့ ခေါင်းစဉ်နဲ့ အားတက်စရာသတင်း တခု ကို ၁၈ ရက်နေ့စွဲနဲ့ တွေ့မိပါတယ် ။
AstraZeneca အက်စ်စထျာ ဇင်နကာဆိုတဲ့ ဆေး ကုမ္ပဏီ ကြီး ဟာ အင်္ဂလန် ကင်းဘရစ် အရပ်မှာ အခြေဆိုက်တဲ့ ဗြိတိန် ဆွီဒင် ဖက်စပ် နိုင်ငံတကာ ဆေးကုမ္ပဏီကြီးပါ ။ လာမယ့်စက်တင်ဘာမှာ ကိုဗစ် ကာကွယ်ဆေး ၃သန်း ကို ထုတ်မယ် ၊ ဒီ နှစ်ကုန်ရင် ထိုးဆေး သန်း ၁၀၀ ထုတ်မယ်။ အင်္ဂလန် အတွက်ဒါဆို လုံလောက်ပြီ။ တခြားတိုင်းပြည်တွေနဲ့လဲ ထုတ်လုပ်ဖို့ အတွက် စကားပြောနေတဲ့ အကြောင်း ။

အက်စ်ထျာဇင်နကာ ကုမ္ပဏီ နဲ့ အောက်စ်ဖို့ တက္ကသိုလ်တို့ဟာ တကမ္ဘာလုံးအတွက် ကာကွယ်ဆေး ထုတ်လုပ်ဘို့ ဖြန့်ဖြူးဘို့ ဧပြီလမှာ သဘောတူညီချက်ရခဲ့ကြပါသတဲ့ ။ အောက်စ်ဖို့တက္ကသိုလ် က စမ်းသတ်ဖေါ်ထုတ်နေတဲ့ ကာကွယ်ဆေး က ChAdOx vaccine လို့ ခေါ်တယ် ။ ဗြိတိသျှ စီးပွါးရေးဝန်ကြီး အလော့ရှားမား ( Alok Sharma ) က အဲဒီ ကာကွယ်ဆေး ထုတ်လုပ်ဖို့အတွက် အောက်စ်ဖို့တက္ကသိုလ် ကို ပေါင် ၆၅.၅သန်း ။ အင်ပီးရီးရဲလ်ကောလိပ်လန်ဒန်ကိုလဲ ကာကွယ်ဆေးနဲ့ ဆက်စပ်တဲ့ အလုပ်တွေ လုပ်ကိုင်နိုင်ဖို့ ပေါင် ၁၈.၅သန်း ထုတ်ပေးဘို့ သဘောတူညီပြီးတဲ့ အကြောင်း ထုတ်ပြောပါ တယ်။ အက်စ်ထျာဇင်နကာ ကုမ္ပဏီကြီးဟာ အမေရိက ဥရောပ တရုတ် အိန္ဒိယ အပြင် တခြားတိုင်းပြည်တွေနဲ့လဲ တချိန်ထဲ ကာကွယ်ဆေး ထုတ်လုပ်နိုင် ဖို့ စကားပြောနေတဲ့ အကြောင်း ။ စျေးနှုန်းကိုလဲ လူတိုင်းကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်အောင် အတတ်နိုင်ဆုံး ရည်ရွယ်ထုတ်လုပ်သွား မယ်လို့ ဆေးကုမ္ပဏီကြီးက ဆိုပါတယ်။

တဖက်မှာ ကာကွယ်ဆေးတွေ ကို ဖုတ်ပူမီးတိုက် အလျင်အမြန် ထုတ်လုပ်ဖို့ အဖွဲ့ ၁၀၀ လောက်က ကမ္ဘာတဝှမ်း အပြင်းအထန် ကြိုးစားနေကြ ပေမယ့် တိုင်းပြည် အစိုးရတွေ မှာတော့ အဲဒီ ကာကွယ်ဆေး ရလာမယ့် လပိုင်း နှစ်ပိုင်းအထိတောင် မစောင့်နိုင်တဲ့ အခြေအနေတွေဖြစ်လာနေပါတယ်။ စီးပွါးရေး ၉ ရာခိုင်နှုန်း ကြုံ့သွားဘို့ ရှိတဲ့ အီတလီ က စားသောက်ဆိုင်တွေ အရက်ဆိုင်တွေ ပင်လယ်ကမ်းစပ် က အပန်းဖြေနေရာတွေပြန်ဖွင့်လိုက်ပါပြီ ။ အီတလီဝန်ကြီးချုပ် ကွန်တီ ( Giuseppe Conte ) က ကာကွယ်ဆေးရတဲ့ အထိ စောင့်နိုင်တဲ့ အင်အား သူတို့မှာ မရှိဘူးလို့ ပွင့်ပွင့် လင်းလင်းပြောတယ်။

ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကလဲ ကာကွယ်ဆေးရဖို့ အများကြီးလိုသေးတယ်။ အများကြီး လုပ်ရဦးမယ်။ ရချင်မှ လဲ ရလာမယ်။ မသေချာဘူး ။ ဒါကြောင့် ကာကွယ်ဆေးပေါ်တဲ့ အထိ မစောင့်ပဲ တခြားနည်းလမ်း တွေလဲ ကြိုးစား လုပ်ရမယ်။ လူထုတရပ်လုံး ကိုဗစ် ပိုး ရှိမရှိ စစ်ဆေးပေးတာ။ ရောဂါပိုး ရှိတဲ့ လူ ကနေတဆင့် ခြေရာခံလိုက်တာ ၊ သီးသန့်ခွဲထုတ်တာတွေ လဲ လုပ်ရမယ်လို့ ပြောပါတယ်။ 

အမေရိကားမှာလဲ အလုပ်လက်မဲ့ ၃၅ သန်းအတွက် ကြီးစွာသော ဒုက္ခကြီးရှိတယ်။ သူတို့ စီးပွါးရေးကို အမြန် ပြန်လည်ပတ်နိုင်ဘို့လိုတယ်။ ထရမ့် အနေနဲ့ တိုင်းပြည် စီးပွါးရေးကို ပြန်လည်ပတ်စေချင်တယ်။ ကျန်းမာရေး နဲ့ ဆေးပညာရှုထောင့်ကနေ ကြည့်တဲ့ ဆေးသိပ္ပံ ပညာရှင်တွေအပိုင်း ကတော့ စိုးရိမ်နေကြတာပေါ့ ။ CDC က ညွှန်ကြားရေးမှူးဟောင်း Dr Tom Frieden က ခုလို တင်းကြပ်ထားတာတွေကို မြန်မြန် ဖြေလျော့လိုက်ရင် အဆမတန် ကူးစက်ပျံ့နှံ့တာတွေ ဖြစ်ကုန်မယ်လို့ သတိပေးတယ်။

ကိုဗစ် ဗိုင်းယပ်စ် .. ကာကွယ်ဆေးဘယ်တော့ ရမလဲ ဆိုတာကို လူတိုင်း သိချင်နေ ကြတယ်။ အမေရိကန်သမတထရမ့်က ဒီနှစ် ကုန်တာနဲ့ ရမယ် လို့ အကောင်းမြင်တယ်။ နိုဝင်ဘာရွေးကောက်ပွဲ ရှိနေတယ်။ သူက မြန်မြန်ရမယ်ပြောထားမှ ဖြစ်မယ့် အနေအထား။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီး ရဲ့ ဥရောပညွန်ကြားရေးမှူး ဒေါက်တာဟန်စ်ကလုဂျ် ( Dr Hans Kluge, the World Health Organisation's regional director for Europe) ကတော့ နှစ်ကုန်ရင် ရမယ်ဆိုတာ အကောင်းမြင် နဲ့ ပြောတာ ။ တကယ့်ကျိုးကြောင်းတကျ ဆီလျော်တဲ့ အဖြေကတော့ ၁၈ လ အတွင်း လို့ ဆိုပါတယ်။

ဒီဆေးကို ဘယ်သူ အရင် ရသင့်သလဲ ဆိုတဲ့နေရာမှာလဲ ကာကွယ် ဆေးထုတ်နေတဲ့ ဆန်နိုဖီ ဆေးကုမ္ပဏီ အကြီးအကဲ ပေါလ်ဟတ်ဆန်က အမေရိကန်က အရင် ရသင့်တယ်။ အမေရိကန်က ငွေကြေးအရင်စိုက်ထုတ်ထားလို့ ဖြစ်သင့်တယ်လို့ သူ က ယူဆတယ်။

ပြင်သစ်ဝန်ကြီးချုပ် Prime Minister Edouard Philippe ကတော့ ကိုဗစ်ရောဂါ ဟာ တကမ္ဘာလုံး ဆိုင်ရာ ကိစ္စမို့ နိုင်ငံတိုင်း အညီအမျှ ရသင့်တယ်လို့ ဆိုပါတယ်။ ကိုဗစ် ကာကွယ်ဆေးကို စမ်းသတ်ထုတ်လုပ်နေတဲ့ ကုမ္ပဏီ တရာကျော် မှာ ၁၀ ခုကတော့ လူတွေကို စတင် စမ်းသတ်ထိုးနှံတာတွေ လုပ်နေကြပါပြီ။

အိပ်ချ်အိုင်ဗွီ လဲ ပျောက်မသွားဘူး ။ ကိုဗစ်လဲ ဒေသဆိုင်ရာ ဗိုင်းယပ်စ်ရောဂါ လို ဘယ်တော့မှ ပျောက်မသွားပဲ အမြဲ ရှိနေနိုင်တယ် လို့ ဂျီနီဗာမှာ မေလ ၂ရက်နေ့က အရေးပေါ်ကျန်းမာရေးအစီအစဉ်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ရိုင်ယန် ( Dr. Mike Ryan, executive director of the World Health Organization health emergencies program ) က ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်ကြီးရဲ့ သိပ္ပံပညာရှင်အကြီးအကဲ ဒေါက်တာ ဆွာမိနသန် ( Dr. Soumya Swaminathan, the World Health Organization’s chief scientist) က လဲ ကိုဗစ်ကို ထိန်းချုပ်နိုင် ဘို့ ၄နှစ်ကနေ ၅နှစ်အထိ ကြာသွားနိုင်တယ်။ 

ကာကွယ်ဆေး ကတော့ အကောင်းဆုံး ထွက်ရပ်လမ်း ပေါ့ ။ ဒါပေမယ့်လဲ ဆေးရဲ့ စိတ်ချရမှု -ထုတ်လုပ်နိုင်မှု- ညီညီမျှမျှ ဖြန့်ဖြူးနိုင်မှုတွေနဲ့ ပတ်သက်လာရင် ...... အကယ်၍တွေ - သို့သော် တွေ အများကြီး ပဲ ရှင့် လို့ သတိပေးလိုက်ပါ တယ်။

ခွန်ဆိုင်း ( ၂၀-၅-၂၀၂၀ )