Breaking News

ဇင်လင်း - ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမည်လား



ဇင်လင်း - ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမည်လား

(မိုးမခ) မေ ၂၆၊ ၂၀၂၀

လွတ်လပ်ရေးရရှိချိန်မှ အစပြု၍ မြန်မာနိုင်ငံ တိုင်းရင်းသား ပြည်သူလူထု၏ အပြင်းပြဆုံး ဆန္ဒမှာ ငြိမ်းချမ်းရေးရရှိရေး ဖြစ် သည်။ စိတ်နေစိတ်ထား ရိုးရိုးရှင်းရှင်းဖြင့် ငြိမ်းချမ်းရေးရရှိရန် ချဉ်းကပ်ကြမည်ဆိုလျှင် ငြိမ်းချမ်းနိုင်ပါလျှက် မလိုလားအပ် သည့် ကြိုတင်စည်းကမ်းကန့်သတ်ချက်များကို ရှေ့တန်းတင်လွန်းသဖြင့် အပြန်အလှန် ယုံကြည်မှု ပျက်ပြားနေရသည်။ ဆွေးနွေးညှိနှိုင်းခြင်းဆိုသည်မှာ ယုံကြည်မှုအခြေခံ၍ အပေးအယူ အလျော့အတင်း လုပ်ရခြင်းဖြစ်သည်။ ညှိနှိုင်းကြရာတွင် ငါလိုချင်တာရမှ သဘောတူစာချုပ်၌ လက်မှတ်ထိုးမည်ဆိုသော စိတ်ထားတင်းမာမှုမျိုးကို တရားသေ ဆုပ်ကိုင်မထားသင့် ပေ။ တိုင်းပြည် တစ်ခုအတွင်း အတူယှဉ်တွဲ နေထိုင်ကြသည့် တိုင်းရင်းသားညီနောင်အချင်းချင်းအကြား နိုင်ငံရေးအရဖြစ် စေ၊ စီးပွားရေးအရဖြစ်စေ၊ တန်းတူရည်တူ တရားမျှတစွာ မျှဝေခံစားခွင့်ပေးသင့်သည်ဆိုသော အပြုသဘော စိတ်စေတနာ ကို ကြိုတင်ခံယူထားသင့်သည်။ အပြုစိတ် စေတနာအခံ အားနည်းခြင်းကြောင့် အပြန်အလှန်ယုံကြည်မှု ပျက်ပြားကာ ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ ယနေ့တိုင် တစ်ဆို့နေရသည်။ အလားထူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေး(NCA)ဖြစ်စဉ်သည်လည်း လောဘ ဒေါသ မာန်မာနများဖြင့် ပိတ်ဆို့နေရသည်။ အကျိုးဆက်အဖြစ် တိုင်းရင်းသား ဒေသ အသီးသီးတွင် ယနေ့တိုင် သေနတ်သံများ ဆက်လက်ကြားနေရသည်။

လက်ရှိ မြေပြင်အခြေအနေကို လေ့လာကြည့်ပါက လက်နက်ကိုင်လမ်းစဉ်နှင့် စစ်အင်အားသုံးမှုကို ဆက်လက် ကျင့်သုံး နေကြဆဲ ရှိသည်။ နိုင်ငံရေး စီးပွားရေး၊ တရားစီရင်ရေးအစရှိသော ကဏ္ဍအသီးသီး၌ နိုင်ငံသားများကို ခွင့်တူ ညီမျှမှု မပေး သမျှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပသော်လည်း အကျိုးရလဒ် ထူးမည်မဟုတ်ပေ။ တိုင်းရင်းသားတို့အား ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် မပေးသ၍ ပြည်တွင်းစစ် ဖြစ်စဉ် ပြောင်းလဲဖွယ်မရှိဘဲ စစ်ပွဲများဆက်လက် သက်ဆိုးရှည်နေ လိမ့်ဦးမည်။ ထိုနည်းတူ စစ်အင်အားကြီးသူက စစ်ရေးဖြင့် ချောင်ပိတ် ဖိအားပေးခြင်းမျိုး လုပ်နေသမျှ ငြိမ်းချမ်းရေးဖို့ လမ်းမမြင်ပေ။ ပြည်တွင်း စစ်ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးရရှိရေးကိစ္စသည် တရားဥပဒေစိုးမိုးရေး၊ အမျိုးသားရင်ကြား စေ့ရေးတို့နှင့်လည်း တိုက်ရိုက်အချိုးကျနေသည်။ ထို့ကြောင့် နိုင်ငံရေး ပြဿနာ အရပ်ရပ်၏ မူလဇစ်မြစ်ဖြစ်သော ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒီမိုကရေစီခေတ်နှင့် ဆီလျော်အောင် ပြင်ဆင် ရေးဆွဲပြဋ္ဌာန်းနိုင်မှသာ နိုင်ငံတည်ငြိမ်အေးချမ်းမည် ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံ အေးချမ်းတည်ငြိမ်ရေးပြဿနာသည် ရခိုင်စစ်ရေးပဋိပက္ခဖြစ်စဉ်ပေါ်၌ တည်မှီနေသည်။ မြန်မာနိုင်ငံ တွင် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ် ကြေညာထားသော အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေ များတွင် မေလ (၁၀) မှ သြဂုတ်လ (၃၁) ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက မေလ (၉) ရက်နေ့တွင် ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် Covid -19 ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် အပစ်ရပ်စဲထားမည်ဟု ဆို သည်။ မြန်မာနိုင်ငံအစိုးရမှ ရက္ခိုင့်တပ်တော်(AA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) တို့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် မတ်လ(၂၃) ရက်နေ့တွင် ကြေညာခဲ့သဖြင့် တပ်မတော်၏ အပစ်ရပ်စဲထားရာ နေရာများတွင် AA ရှိရာ နေရာများမပါဝင်ပေ။

ရခိုင်ပြည်နယ်ရှိ ဒေသခံ ပြည်သူများမှာ Covid -19 ကပ်ရောဂါထက် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမည်ကို ပို၍ စိုးရိမ်နေကြသည်။ လက်ရှိ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။ တပ်မတော်၏ အပစ်ခတ်ရပ်စဲထားသည်ဆိုသော်လည်း ထိုနယ်မြေများကို ချန်ထားခြင်း အပေါ်တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက "အခုလက်ရှိ မြန်မာနိုင်ငံမှာ တိုက်ပွဲအပြင်းအထန်ဖြစ် နေတာက AA နဲ့ ဖြစ်နေတာ။ ပြီးတော့ AA ကို အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတယ်။ ပူးပေါင်းဆောင်ရွက်ရေး၊ စေ့စပ်ဆွေးနွေးပွဲတွေ မလုပ်ဘူး ဆိုရင်တော့ ဒီစစ်ပွဲက ဘယ်တော့မှ ရပ်တန့်နိုင်မှာ မဟုတ်သလို Covid -19 အတွက် ပူးပေါင်းဆောင်ရွက်နိုင်မှာလည်း မဟုတ်ဘူး။" ဟု ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်အချို့ကလည်း တပ်မတော်အနေဖြင့် အပစ်ရပ်ကြေညာရာတွင် AA ကို ချန်လှပ်ထားရန် မသင့်ကြောင်း ပြောဆိုကြသည်။ AA ကို ချန်လှပ်ထားခဲ့ခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအပေါ် ဆိုးကျိုး သက်ရောက်စေနိုင်ကြောင်း AA ၏ စစ်ရေး၊ နိုင်ငံရေးမဟာမိတ်အဖွဲ့ဖြစ်သည့် တအာင်းအဖွဲ့(TNLA) ပြောခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။ TNLA၊ AA၊ ကိုးကန့်အဖွဲ့(MNDAA)နှင့် ကချင်အဖွဲ့ (KIA) လေးဖွဲ့ပူးပေါင်း၍ ၂၀၁၉ ခုနှစ်အတွင်း အစိုးရနှင့်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ငါးကြိမ်ပြုလုပ်ခဲ့သည်။ ထပ်မံညှိနှိုင်းမှုများ ပြုလုပ်ရန် စီစဉ်ထားသော်လည်း ၂၀၂၀ မတ်လ ၂၃ ရက်တွင် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ကြေညာလိုက်သဖြင့် ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ရပ်တန့်သွားခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အေးစက်သွားပြီး၊ စစ်ရေးပဋိပက္ခတင်းမာလာရခြင်းမှာ ၂၀၁၉ ခုနှစ် လွတ်လပ်ရေးနေ့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကို ရခိုင်လက်နက်ကိုင်အဖွဲ့AA က တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ အစပြု၍ စစ်ရေး ပဋိပက္ခ နယ်ကျယ်ခဲ့သည်။ ယခုအထိလည်း ရခိုင်ဒေသ မြောက်ဦးမြို့နယ် အထိပင် စစ်ဘောင်ကျယ်လာသည်။ ၂၀၁၉ မတ် ၂၁ ၌ နေပြည်တော်တွင် AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့၏ ကိုယ်စားလှယ်များနှင့် အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များအကြား အပစ်အခတ်ရပ်စဲရေး စာချုပ်များ ချုပ်ဆိုနိုင် ရေးအတွက် ဆွေးနွေးနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။ နေပြည်တော်ဆွေးနွေးပွဲပြီးနောက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲ ၈ ကြိမ် ထပ်မံ ဖြစ်ပွားသည်ဟု AA ၏ သတင်း/ပြန်ကြားတာဝန်ခံက ဧရာဝတီ သတင်းသို့ ပြောခဲ့သည်။

ဆွေးနွေးပွဲများ ရပ်တန့်သွားစေခဲ့သော အခြားအရေးကြီးကိစ္စတစ်ခုမှာ ပြင်ဦးလွင်နှင့် နောင်ချိုနယ်မြေအတွင်း မြောက် ပိုင်း မဟာမိတ်တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။ ယင်း တိုက်ပွဲဖြစ်စဉ်သည် အစိုးရနှင့် တပ်မတော် အပေါ် အလွန် သက်ရောက်မှု ကြီးမားခဲ့သည်။ လုံခြုံရေး အစီအမံ အကောင်းဆုံး မြို့တစ်မြို့ဖြစ်သော ပြင်ဦးလွင်ရှိ တပ်မတော် စစ်အင်ဂျင်နီယာတက္ကသိုလ်အား ပစ်ခတ်တိုက်ခိုက်ခံရခြင်း၊ တိုင်းရင်းသားပူးပေါင်းတပ်ဖွဲ့များက မန္တလေး- လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အထင်ကရ ဂုတ်တွင်းတံတားနှင့် အခြားတံတားသုံးစင်းကို ဖျက်ဆီးလိုက် ခြင်းဖြင့် တရုတ်-မြန်မာ ကုန်စည်စီးဆင်းရာ လမ်းကြောင်းကို ရပ်သွားအောင် ထိုးနှက်ပြခဲ့သည်။

ထိုဖြစ်ရပ် ဖြစ်ပွားချိန်တွင် လက်ရှိအစိုးရနှင့် တပ်မတော်ဘက်က NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန် ဆောင်ရွက်နေချိန်ဖြစ်သည်။ ထိုအချိန်က ကရင်အမျိုးသား အစည်းအရုံး(KNU) က ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်သော တရားဝင်ဆွေးနွေးပွဲများတွင် ပါဝင်ခြင်း မပြုဘဲ ဆိုင်းငံ့ထားသဖြင့် တစ်ဆို့မှုဖြစ်ပေါ်နေချိန်ဖြစ်သည်။

ယင်းပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် အစိုးရက တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်ရန် ကြိုးစားနေသည့်အပြင်၊ NCA စာချုပ် လက်မှတ်မထိုးရသေးသည့် အဖွဲ့ များကိုလည်း NCA လမ်းကြောင်းပေါ် တက်ရောက်လာအောင် ညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်သည်။ ယင်းကိစ္စတွင် ဝ၊ မိုင်းလား၊ SSPP/SSA ရှမ်းမြောက်တပ်ဖွဲ့၊ KNPP ကရင်နီတပ်ဖွဲ့ စသည်တို့ ပါဝင်ကြသည်။

အစိုးရ၊ တပ်မတော်တို့နှင့် အပစ်အခတ်ရပ်စဲရေး မလုပ်နှိုင်သေးသည့် အဖွဲ့များအနက် KIA ကချင်လက်နက်ကိုင်အဖွဲ့၊ ရခိုင်တပ်ဖွဲ AA ၊ တအာန်းပလောင်တပ်ဖွဲ့ TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAA၊ တို့လည်း ပါဝင်သည်။ ၎င်းတို့အနက် ကချင်လက်နက်ကိုင်အဖွဲ KIA သည် ၁၉၉၄ ခုနှစ်က ယခင်စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့သည်။ သို့သော် ၁၇ နှစ်ကြာပြီးနောက် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်၌ ပြန်လည် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ နောက်ပိုင်းတွင် KIA ကချင်လက်နက်ကိုင်အဖွဲ့သည် ရခိုင်တပ်ဖွဲ AA ၊ တအာန်းပလောင်တပ်ဖွဲ့ TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့နှင့် မဟာမိတ်ဖြစ်လာသည်။

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်း ရေးဆွေးနွေးပွဲများမှတဆင့် အများသဘောတူညီမှုရှိခဲ့သော NCA စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့ရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင် လက်မှတ်ရေးထိုးရေးကိစ္စ ဖြစ်မလာခဲ့ပေ။ ယင်းသို့ အာလုံးပါဝင်လက်မှတ်ထိုးရေးကိစ္စ ပျက်ခဲ့ရခြင်းမှာ ရခိုင်တပ်ဖွဲ AA ၊ တအာန်းပလောင်တပ်ဖွဲ့ TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAA လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ အပေါ် အစိုးရနှင့် တပ်မတော် တို့၏ သဘောထားကြောင့်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် အစိုးရနှင့် တပ်မတော် တို့က အဆိုပါ ၃ ဖွဲ့ကို အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တန်းတူအခွင့်အရေးမပေးဘဲ NCA တွင်ပါဝင် လက်မှတ်ရေးထိုးခွင့် မပေးခဲ့သောကြောင့် ဖြစ်သည်။ ယင်းသို့ AA ၊ TNLA၊ MNDAA လက်နက်ကိုင် ၃ ဖွဲ့ကို လက်မှတ် ထိုးခွင့် မပေးသဖြင့် ကချင်လက်နက်ကိုင်အဖွဲ့ KIA အပါအဝင် အခြားလက်နက်ကိုင်အချို့သည်လည်း NCA ကို လက်မှတ် ရေးထိုးရန် ငြင်းပယ်ခဲ့သည့် အခြေအနေသို့ရောက်သွားစေခဲ့သည်။ ယေဘုယျအခြေအနေကို ပြန်လည် သုံးသပ်ကြည့်ပါ ထိုကဲ့သို့ ငြိမ်းချမ်းရေးနှင့် လက်တစ်ကမ်း အလိုအထိ ရောက်ရှိခဲ့သော မြောက်ပိုင်း ၄ ဖွဲ့ကို အမြော်အမြင်ရှိရှိ နွေးထွေး စွာ လက်ခံ၍ ညှိညှိနှိုင်းနှိုင်း နေရာထိုင်ခင်းပေးခဲ့ပါက၊ ယနေ့တွေ့ကြုံနေရသော တိုက်ပွဲများကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။

သို့သော် အစိုးရ၏ မဟာဗျူဟာ နည်းဗျူဟာ အခင်းအကျင်း အားနည်မှုကြောင့် မြောက်ပိုင်းလေးဖွဲ့ကို NCA လုပ်ငန်းစဉ် အတွင်းသို့ ပါဝင်လာအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

သမိုင်းကြောင်းကို လေ့လာလျှင် ၂၀ဝ၈ ခုနှစ်၌ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကိုလည်းကောင်း၊ ၂၀ဝ၉ ဧပြီ(၁၀)ရက် တွင် ရခိုင်တပ်တော် AA ကိုလည်းကောင်း KIA ဌာနချုပ် ကချင်ပြည်နယ် လိုင်ဇာတွင် စတင်ဖွဲ့ စည်းခဲ့သည်ဟု Myanmar Peace Monitor ၏ ၂၀၁၇-၁၈ သုတေသနအစီရင်ခံစာ၌ ဖေါ်ပြထားသည်။ ရခိုင်တပ်တော် AA မတိုင်မီက ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP/ALA) ကို ၁၉၆၈ ခု၌ဖွဲ့ခဲ့သည်။ ၁၉၇၀နှင့် ၁၉၈၀ ခုနှစ်များအကြား အိန္ဒိယ-မြန်မာနယ်စပ်၊ ထိုင်း-မြန်မာနယ်စပ် တို့တွင် တပ်မတော်နှင့် တိုက်ခိုက်ခဲ့သည်။ ALP သည် UNFC အဖွဲ့ဝင်ဖြစ်ခဲ့ပြီး၊ ဦးသိန်းစိန်အစိုးရ လက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်ပါဝင်ခဲ့ပြီး၊ ၂၀၁၂ ဧပြီလ ၅ ရက်နေ့၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် ပါဝင်လက်မှတ်ထိုးခဲ့သည်။ တပ်မတော်က ရခိုင်တွင် AA အခြေစိုက်လာမှုကို မလိုလားပေ။

TNLA တအာန်းပလောင်တပ်ဖွဲ့မှာမူ ၁၉၉၂ ရောက်မှ ပြန်လည်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ၁၉၆၃ ခုနှစ်က တည်ထောင်ခဲ့ သော ပလောင်အမျိုးသားတပ်ဖွဲ့ကို ၁၉၇၆ ခုနှစ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့/ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဖွဲ့ (PSLO/ PSLA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ပလောင်တပ်ဖွဲ့(PSLA)သည် ၁၉၉၁ ၌ အစိုးရ နှင့် အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့ပြီးနောက်၊ ၂၀ဝ၅ ခုနှစ်တွင် လက်နက်ချသွားခဲ့သည်။ လက်နက်ချခြင်း သဘောမတူသူ များက ၁၉၉၂ ဇန္နဝါရီလ၌ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)ကို ဖွဲ့စည်းခဲ့သည်။ ၂၀ဝ၉ ခုနှစ်တွင် တအာန်း ပလောင်ဒေသ ကာကွယ်ရေးအတွက် တအာန်းပလောင်တပ်ဖွဲ့ (TNLA) ကို ဖွဲ့စည်းခဲ့သည်။ PSLF/ TNLA သည် UNFC အဖွဲ့ဝင်ဖြစ်ခဲ့ပြီး၊ NCA မူကြမ်းဖြစ်ပေါ်လာသည်အထိ တွေ့ဆုံဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည်။ သို့သော် NCA လက်မှတ်ထိုးချိန်တွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည်ကို အကြောင်းပြ၍ အစိုးရက ဖိတ်ခေါ်မှု မပြုခဲ့ပေ။

ဖုန်ကြားရှင် ဥက္ကဋ္ဌအဖြစ် ခေါင်းဆောင်သော ကိုးကန့်အဖွဲ့၏ တရားဝင်ပါတီမှာ “အမှန်တရားနှင့် တရားမျှတမှုအတွက် မြန်မာအမျိုးသားပါတီ” (MNTJP) ဖြစ်ပြီး၊တပ်အမည်မှာ “မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့” (MNDAA) ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်၍ ၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်၌ ထူထောင်ခဲ့သည်။ ၂၀ဝ၉ စက်တင်ဘာ တွင် စစ်အစိုးရက MNDAA ကို တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲရန် ဖိအားပေးခံရသဖြင့် တပ်မတော်နှင့် တိုက်ပွဲများပြန်ဖြစ်ခဲ့သည်။ ၂၀၁၃ ခုနှစ်ကတည်းက UNFC အဖွဲ့ဝင်ဖြစ်ခဲ့သော်လည်း ဦးသိန်းစိန်အစိုးရနှင့် တပ်မတော်တို့က အသိအမှတ်မပြုသဖြင့် ၂၀၁၅ တွင် တိုက်ပွဲများ အပြင်းအထန်ပြန်ဖြစ်ခဲ့သည်။ လက်ရှိတွင် MNDAA သည် UWSA ဦးဆောင်သော FPNCC အဖွဲ့ဝင်ဖြစ်သည်။ လက်ရှိတွင် KIA၊ AA ၊TNLA၊တို့နှင့်အတူ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွင်ပါဝင်၍ တပ်မတော်နှင့် တိုက်ပွဲဆက်ဖြစ်နေဆဲရှိသည်။ ၂၀ဝ၉ ဖေဖေါ်ဝါရီလထဲတွင် ကွမ်းလုံမြို့နယ်အတွင်း၌ တပ်မတော်နှင့် တိုက်ပွဲအချို့ဖြစ်ပွားခဲ့သည်။

၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့၌ NCA စာချုပ် လက်မှတ်ရေးထိုးရာတွင် AA ၊TNLA၊ MNDAA တို့ကို အစိုးရနှင့် တပ်မတော်တို့က ပါဝင်ခွင့်အပြုခဲ့ပေ။ ထို့ကြောင့် KIA ကလည်း NCA စာချုပ်တွင် လက်မှတ်မထိုးတော့ဘဲ သပိတ် မှောက်ခဲ့သည်။ နောက်ပိုင်းတွင် အစိုးရနှင့် တပ်မတော်တို့က အဆိုပါ ၃ ဖွဲ့အား လက်နက်ကိုင်တိုက်ခိုက်မှု ရပ်စဲမည်ဟု ကြေညာချက် ထုတ်ပြန်ပေးလျှင် NCA ၌ ပါဝင်ခွင့်ပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။ သို့သော် အဆင်မပြေခဲ့ပေ။ ထို့နောက် အစိုးရနှင့် တပ်မတော်ဘက်က ကမ်းလှမ်းချက် တစ်ခုမှာ AA ၊TNLA၊ MNDAA တပ်ဖွဲ့ ၃ ဖွဲ့၏ လှုပ်ရှားမှုများ နှင့် ပတ်သက်၍ KIA နယ်မြေထဲ၌သာ လှုပ်ရှားမည်ဟု KIA က တာဝန်ယူမည်ဆိုလျှင် ထိုသုံးဖွဲ့ကို NCA စာချုပ်လုပ်ငန်း စဉ်တွင် ပါဝင်ခွင့်ပေးမည် ဆိုသည်။ သို့သော် ထိုကမ်းလှမ်းချက်လည်း အဆင်မပြေပါ။ အထူးသဖြင့် တပ်မတော်၏ ကမ်းလှမ်းချက်တွင် ကြိုတင်စည်းကမ်းကန့်သတ်ချက်များပါနေခြင်းကြောင့် အဆင်မပြေခြင်းဖြစ်သည်။ ယင်းကဲ့သို့ ညှိနှိုင်းမှုများ လုပ်နေစဉ်မှာပင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွား ခဲ့သည်။ ငြိမ်းချမ်းရေးအခြေအနေမှာ ကြာလေ ဆိုးလေဖြစ်လာသည်။ ကြိုတင်စည်းကမ်းကန့်သတ်ချက်များထား၍ ညှိနှိုင်းနေသရွေ့ အောင်မြင်ရန် အလားအလာ နည်းပါးလွန်းသည်ကို မြင်လာရသည်။

အဆုံးစွန်အားဖြင့် Bi-Lateral နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေးလုပ်ရေးပင်လျှင် မအောင်မြင်နိုင်သော အခြေအနေရောက်ခဲ့သည်။ ဥပမာတစ်ခုမှာ ရခိုင်တပ်ဖွဲ AA အနေဖြင့် ရခိုင်ပြည်နယ်ထဲတွင် အခြေချခွင့်မရှိဘဲ KIA ထိန်းချုပ်ရာဒေသထဲ၌သာ နေရမည် ဟူသည့် ကန့်သတ်ချက်မျိုး ပါဝင်နေ၍ ဖြစ်သည်။ ထို တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ကို အစိုးရနှင့် တပ်မတော်အနေဖြင့် မည်သည့်အတွက် NCA စာချုပ်လုပ်ငန်း စဉ်တွင် ပါဝင်ခွင့် မပြုဘဲ ချန်ထားခဲ့သနည်းဆိုသော မေးခွန်းကို ငြိမ်းချမ်းရေးကိစ္စ လေ့လာသူတိုင်း သိလိုကြပေသည်။ ထိုအဖွဲ့များလောက် စစ်အင်အားမရှိသော အဖွဲ့တို့ကို ပါဝင်ခွင့်ပေးပြီး၊ အင်အားနှင့် စစ်ရေးစွမ်းရည် ပိုမိုကြီးမားသော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တို့ကို ပါဝင်ခွင့်မပေးသည့်အတွက် ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံးအတွက် နစ်နာလှပေသည်။

ထို့ပြင် ၂၀၁၈ နှစ်ကုန်ပိုင်း၌ တပ်မတော်က မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှု အဆင်ပြေစေရန် ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် စစ်တိုင်း ၅ တိုင်းတွင် တစ်ဖက်သတ် အပစ်ရပ် ကြေညာခဲ့ပြီး၊ အပစ်ရပ်သက်တမ်း သုံးကြိမ်တိုးပေးခဲ့သည်။ ၂၀၁၉ သြဂုတ်လကုန်တွင် အပစ်ရပ် သက်တမ်းကုန်ခဲ့သည်။ တပ်မတော်၏ ထိုစဉ်က အပစ်ရပ် ကြေညာမှုကို တိုင်းရင်းသား လက်နက်ကိုင်များဘက်က ကြိုဆိုခဲ့သော်လည်း ရခိုင်ပြည်နယ် မပါဝင်သဖြင့် ဘဝင်မကျခဲ့ ကြပေ။ အကျိုးဆက်ကိုကြည့်လျှင် အပစ်ရပ်ကာလ၌ စစ်တိုင်း ၅ တိုင်းတွင် တိုက်ပွဲများ လျော့ကျခဲ့သော်လည်း ရခိုင်ပြည် နယ်တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့သည်။ ထိုကဲ့သို့ တပ်မတော်၏ ပြင်းထန်သော စစ်ဆင်ရေးများကို တန်ပြန် သည့်အနေဖြင့် သြဂုတ်လ ၁၅ ရက်၌ ပြင်ဦးလွင် နောင်ချိုဒေသအား ထိုးနှက်ခဲ့ပုံရသည်။ လက်ရှိမြေပြင်အခြေအနေကို ကြည့်လျှင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများရပ်နေသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။ ယင်းအခြေအနေအထိ မရောက်သင့်ဘဲ ရောက်ခဲ့ရသည်မှာ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကို NCA စာချုပ်တွင် ပါဝင်ခွင့်မပေးခဲ့ဘဲ ချန်ထားခဲ့ရာမ အစပြုသည်ဟု သုံးသပ်မိသည်။ မြန်မာနိုင်ငံ၏ ပြည်ထဲရေး အခြေအနေသည်ယခုတိုင် ပေါက်နှင့်ကျေးသဖွယ် ရှိနေဆဲဟု ဆိုရတော့မည်။ 

ရွှေပြည်တော်သည်ကား မျှော်တိုင်း ဝေးနေဆဲဟု ဆိုရတော့မည်။