Breaking News

ဆောင်းယွန်းလ - "ဒီလိုနဲ့ ငါ့ဆံပင်တွေတောင် အတော်ရှည်ခဲ့ပြီပေါ့"

Graffiti shows Gollum from "Lord of the Rings" holding a roll of toilet paper and saying "My precious" in Berlin, Germany. (Maja Hitij/Getty Images)


ဆောင်းယွန်းလ - "ဒီလိုနဲ့ ငါ့ဆံပင်တွေတောင် အတော်ရှည်ခဲ့ပြီပေါ့"

(မိုးမခ)  မေ၂၆၊ ၂၀၂၀

အပြင်လည်းမထွက်ချင်ဘူး
ဆံပင်လည်းမညှပ်ချင်ဘူး အချစ်ရေ
မြစ်ရေ အတက်အကျကို
မနက် ည တွေနဲ့ အလှည့်ကျမှတ်သားရင်း
အိမ်တွင်းပုန်းနေခြင်းဟာ
အန္တရာယ် ပိုကင်းပါတယ်ဆိုတဲ့ ခေတ်ကြီးမှာ

စစ်ကြီးပြီးခဲ့ပါပြီဆိုပေမယ့်လည်း
ငြိမ်းချမ်းရေးနဲ့ ကျ မနီးသေးပြန်ဘူး
ဘယ်လိုတွေ များပါလိမ့်ကွယ်

ဘဦးလည်း ရေကူးကောင်းနေတုန်းဘဲ
မေခလာ နတ်သမီးက တစ်ပါးတည်း
လှေစီးဒုက္ခသည်ပေါင်းက သိန်းသန်းချီလို့

ကိုယ့်နည်းကိုယ့်ဟန် မနက်ဖြန်ဟာ
ဘယ်လိုအချိန်မှာ ကိုယ့့်ထံ ပြန်ရောက်လာမှာလဲ
ဝေခွဲမှုတွေကို ဝေပုံချလို့မရနိုင်သေးတဲ့ ကာလကြီးမှာ

အတ္တကြီးသူ အစိုးရတွေ ပြီးတဲ့နောက်
မာနကြီးသူ အစိုးရတွေက
နေလေမိုးမလုံတဲ့ ကိုယ့်အိမ်ရှေ့ကိုရောက်ချလာပြန်တယ်
အမှန်တရားတွေက ရန်များလှပါလား အချစ်ရေ

ကိုယ့်ကိုကိုယ်လုပ်ကြံမှုမှာ
အဖန်ငါးရာ ငါးကမ္ဘာတဲ့
သူတပါးလုပ်ကြံမှုမှာ အပြစ်ဒဏ်လွတ်ကင်းတဲ့ ခေတ်ကြီး
ဒီမီးဟာ ရှို့ဖို့မလိုဘဲတဟုန်းဟုန်းတောက်နေပါရောလား

လောလောဆယ်မှာ
ကိုယ့်အလောင်းကိုယ်မျှောချဖို့ မြစ်တွေ ပျောက်နေပြီး
ကိုယ့်အခေါင်းကိုယ်စပ်ဖို့က သစ်တောလည်း ရှားလှပေါ့

ဘယ်အရပ် ဘယ်ဌာနေမှာ
ဘာကိုရှာရပါ့ အချစ်ရေ
ဒီလို ခေတ်ကာလကြီးထဲ
ဘယ်ကိုရောက်ဖို့အတွက် ဘာထွက် စီးရမှာလဲ
သဘာဝတရားရဲ့လေထဲမှာ ရောဂါပိုးတွေပါနေသလို
လူတွေရဲ့ စိတ်ထဲမှာလည်း အကြိတ်အခဲတွေ ပါနေလေရဲ့

အိမ်ထဲ အိပ်နေမဲ့အစား
တိမ်တွေပေါ် တက်အိပ်ရရင် သိပ်ကောင်းမှာဘဲ
လေယာဉ်ပျံတွေထဲ ရောဂါပိုးတွေတွေ့တယ်တဲ့ အချစ်ရေ
ဒီလို ဆိုပြန်ကြားပြန်တော့
အပြင်လည်း မထွက်ချင်ဘူး
ဆံပင်လည်း မညှပ်ချင်ပြန်ဘူး အချစ်ရေ

ဒီလိုနဲ့ ငါ့ဆံပင်တွေတောင် အတော်ရှည်ခဲ့ပြီပေါ့။

ဆောင်းယွန်းလ