Breaking News

ဧရာ(မန္တလေး) -ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၃)


ဧရာ(မန္တလေး) -ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၃)

ပါရမီတော်ခန်း

(မိုးမခ) မေ ၁၇၊၂၀၂၀ 

“ဗုဒ္ဓ” ဟူသည် အသိဉာဏ်ပွင့်လင်းသူ (The Enlightened One), အမှောင်ထုမှ နိုးထသူ (The Awakened One) ဟု အဓိပ္ပါယ်ရကြောင်း ဖော်ပြခဲ့သည်။ ယေဘုယျအားဖြင့် သစ္စာလေးပါးကို ထိုးထွင်း သိမြင်သူတိုင်းကို “ဗုဒ္ဓ” ဟုပင် ခေါ်ဝေါ်သုံးစွဲနိုင်သည်။

(၁) သစ္စာလေးပါးကို ဆရာမရှိဘဲ မိမိ ကိုယ်တိုင် ထိုးထွင်း သိမြင်ကာ သတ္တဝါတို့အား သစ္စာတရားကို ပြန်လည် ဟောကြား ကယ်တင်တော်မူသည့် “သမ္မာသမ္ဗုဒ္ဓါ” (The Fully Enlightened Ones) မြတ်စွာဘုရားရှင်များ၊
(၂) သစ္စာလေးပါးကို ဆရာမရှိဘဲ မိမိ ကိုယ်တိုင် ထိုးထွင်းသိမြင်သော်လည်း သူတပါးတို့ သိမြင်စေရန်ကား ပြန်လည် ဟောကြားပြသနိုင်ခြင်း မရှိသည့် “ပစ္စေကဗုဒ္ဓါ” (Individual Buddhas or Silent Buddhas) ခေါ် သီးခြားဘုရားငယ်များ၊
(၃) “သမ္မာသမ္ဗုဒ္ဓ” မြတ်စွာဘုရားရှင်တို့ ဟောကြားသည့် တရားကို နည်းယူ အစဉ်လိုက်ကာ သစ္စာလေးပါးကို ထိုးထွင်း သိမြင်တော်မူကြသည့် “အနုဗုဒ္ဓါ” (Enlightened after the Enlightened One) ခေါ် တပည်သာဝက ရဟန္တာများ ဟူ၍ ဗုဒ္ဓ သုံးမျိုး ရှိလေသည်။ (သံယုတ်အဋ္ဌကထာတွင် ပရိယတ်ပဋိပတ် ဗဟုဿုတ ရှိသူများကိုလည်း သုတဗုဒ္ဓ ဟုပင် ခေါ်နိုင်ကြောင်းပြထားသည်)။

သမ္မာသမ္ဗုဒ္ဓ ဘုရား ဖြစ်ရန်အတွက် ပါရမီတော်ဆယ်ပါး အပြားသုံးဆယ်ကို အနည်းဆုံး လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ဖြည့်ကျင့်ရသည်။ ပစ္စေကဗုဒ္ဓါ ဖြစ်ရန်အတွက် နှစ်အသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီ ဖြည့်ကျင့်ရသည်။ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်တို့ကဲ့သို့ အဂ္ဂသာဝကကြီးများသည် တစ်အသင်္ချေနှင့် ကမ္ဘာတသိန်း၊ အရှင်မဟာကဿပ စသည့် ရှစ်ဆယ်သော မဟာသာဝကကြီးများသည် ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ကျင့်ရသည်ဟု အဋ္ဌကထာ ဋီကာကျမ်းတို့တွင် ဖော်ပြသည်။

အဂ္ဂသာဝကနှင့် မဟာသာဝကတို့မှ ကြွင်းသည့် ပကတိသာဝကတို့အတွက်ကား ပါရမီဖြည့်ကျင့်ရန် ကာလအပိုင်းအခြား ပြထားသည် မရှိ။ သို့သော်လည်း ပကတိသာဝကတို့၏ ပုဗ္ဗေနိဝါသဉာဏ်သည် ကမ္ဘာရာ, ထောင်ကို ပြန်၍ အောက်မေ့နိုင်သည်ဆိုသည့် စကားကို ထောက်၍ ပကတိသာဝကတို့သည်လည်း ကမ္ဘာတစ်ရာ, ကမ္ဘာတစ်ထောင်မျှ ပါရမီ ဖြည့်ရသည်ဟု ယူနိုင်ကြောင်း၊ အချို့ကလည်း ဖားနတ်သားဝတ္ထုကို ထောက်၍ တစ်ဘဝ နှစ်ဘဝမျှ ပါရမီဖြည့်ကျင်လျှင်ပင် ရနိုင်သည်ဟု ယူကြကြောင်း လယ်တီဆရာတော်က ဥတ္တမပုရိသဒီပနီတွင် ဆုံးဖြတ် ရေးသားထားသည်။

သို့သော် ထူးခြားသည့် အချက်မှာ ဒီဃ, မဇ္ဈိမ, သံယုတ္တ, အင်္ဂုတ္တရ ဟူသည့် နိကာယ်ကြီး လေးရပ်တို့တွင် “ပါရမီ” ဖြည့်ကျင့်ခြင်း အကြောင်းကို တိုက်ရိုက် ထည့်သွင်း ဟောကြားထားခြင်း အလျဉ်းမရှိဘဲ၊ ခုဒ္ဒနိကာယ်မှ ဗုဒ္ဓဝံသပါဠိတော်, စရိယာပိဋကပါဠိတော်နှင့် အပါဒါနပါဠိတော် သုံးကျမ်း၌သာလျှင် “ပါရမီ” ဖြည့်ကျင့်ခြင်း အကြောင်းကို တွေ့ရသည်။ ဒီပင်္ကရာ မြတ်စွာဘုရားထံမှ ဗျာဒိတ်စကားကို ခံယူတော်မူပြီးနောက် အလောင်းတော် သုမေဓာ ရှင်ရသေ့သည် ဘုရားအဖြစ်ကို ပြုမည့် တရားများကို စူးစမ်းဆင်ခြင်ရာ ဒါန, သီလ, နိက္ခမ, ပညာ, ဝီရိယ, ခန္တီ, သစ္စာ, အဓိဋ္ဌာန, မေတ္တာ, ဥပေက္ခာ ဟူ၍ “ပါရမီတော် ဆယ်ပါး” ကို တွေ့ရကြောင်း ဗုဒ္ဓဝံသပါဠိတော်တွင် လာသည်။

သာဝကဗောဓိယာန, ပစ္စေကဗောဓိယာနနှင့် မဟာဗောဓိယာနဟူသည့် လမ်းသုံးသွယ်တွင် မဟာယာန ဗုဒ္ဓဘာသာဂိုဏ်းက မဟာဗောဓိယာန (ဗောဓိသတ္တယာန) နှင့် ပါရမီ ဖြည့်ကျင့်ခြင်းကို အထူး အလေးပေးသည်။ သက္ကတဘာသာဖြင့် ရေးသားထားသည့် ပညာပါရမိတာသုတ္တ, ဗောဓိသတ္တဘူမိသုတ္တ စသည့် မဟာယာန သုတ္တန်များတွင် ပါရမီသည် “ဒါန, သီလ, ခန္တီ, ဝီရိယ, ဈာန, ပညာ” ဟု ၆-ပါးအပြား ရှိကြောင်း ဖော်ပြလေ့ရှိသည်။ လောကုတ္တရာဝါဒဂိုဏ်း၏ မဟာဝတ္ထုကျမ်းတွင်လည်း ပါရမီ ၆-ပါးဟုပင် ပြသည်။ သဗ္ဗတ္ထိကဂိုဏ်း၏ အဘိဓမ္မာမဟာဝိဘာသသုတ္တ ကျမ်းတွင်မူ “အခြားဆရာများက ပါရမီ ၆-ပါးဟု မှားယွင်းစွာ ရေးသား ဟောပြောနေကြကြောင်း, စင်စစ် ခန္တီကို သီလပါရမီတွင်၎င်း, ဈာနကို ပညာပါရမီတွင် ထည့်သွင်းအပ်ကြောင်း” ရေးသားထားသည်။ နှောင်းခေတ်တွင် ပေါ်သည့် မဟာယာန ဒသဘူမိကသုတ္တကျမ်းတွင် ဥပါယကောသလ္လပါရမီ, ဗလပါရမီ, ပဏိဓာနပါရမီ, ဉာဏပါရမီ လေးပါးကို ပညာပါရမီ၏ ဆင့်ပွားအဖြစ် ထပ်တိုး၍ ဖော်ပြသည်။

အရှင်ဓမ္မပါလက စရိယာပိဋက အဋ္ဌကထာကျမ်း၏ အဆုံးပိုင်းတွင် မဟာဗောဓိယာနကို ကျင့်ရန် ရည်သန်သူများ အတွက် “ပါရမီ” အကြောင်းကို ပြိုးပြွမ်းမှတ်ဖွယ် ပကိဏ္ဏကထာ အဖြစ် အကျယ်တဝင့် ရေးသားထားသည်။ (မဟာယာန စသည့် အခြားသော ဗုဒ္ဓဘာသာဂိုဏ်းကွဲတို့မှ) ပါရမီခြောက်ပါးကို “အချို့သောသူတို့၏ အယူအဆ” (ကေစိဝါဒ) ဟု ထုတ်ပြသည်။ ထို့နောက် နေက္ခမပါရမီကို သီလပါရမီနှင့် ဈာနပါရမီ, တနည်း ပါရမီခြောက်ပါးလုံးတွင်၎င်း၊ သစ္စပါရမီကို သီလပါရမီနှင့် ပညာပါရမီတွင်၎င်း၊ မေတ္တာပါရမီနှင့် ဥပေက္ခာပါရမီတို့ကို ဈာနပါရမီတွင် ထည့်သွင်းကာ၊ ပါရမီ ခြောက်ပါးလုံးတွင် အဓိဋ္ဌာနပါရမီ ပါဝင်ကြောင်း ရှင်းပြသည်။ တဖန် ပါရမီ ခြောက်ပါးလုံးသည်လည်း သစ္စာ, စာဂ, ဥပသမာ, ပညာဟူသည့် အဓိဋ္ဌာန် လေးပါး (အခြေခံရပ်တည်ချက်လေးပါး) ပေါ်တွင် တည်နေကြာင်း၊ ထပ်၍ အကျဉ်းခြုံးပါက ဗောဓိဉာဏ်၏ အဆောက်အဦ (ဗောဓိသမ္ဘာရ requisites of enlightenment) ဖြစ်သော ပါရမီတော်အားလုံးသည် ကရုဏာနှင့် ပညာတွင် အကျုံးဝင်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြသည်။

ပါရမီတော်ခန်းသည် မဟာယာနနှင့် ထေရဝါဒ ဗုဒ္ဓဘာသာတို့၏ လမ်းခွဲ သို့မဟုတ် လမ်းဆုံ ဖြစ်နေသည်ဟု ဆိုခဲ့သည်။ အရှင်ဓမ္မပါလ၏ စရိယာပိဋက အဖွင့်အဋ္ဌကထာက မဟာယာနနှင့် ထေရဝါဒမှ “ပါရမီ” အယူအဆကို ကျမ်းညှိပေးသည့် ကျမ်းတစ်စောင် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ( အရှင်ဓမ္မပါလ၏ စရိယာပိဋကအဋ္ဌကထာ ပါရမီတော်အကြောင်း ဖွင့်ဆိုချက်များကို မင်းကွန်း ဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင် ပဌမတွဲ ဒုတိယပိုင်းတွင် မြန်မာဘာသာဖြင့်၎င်း၊ ဘိက္ခုဗောဓိ ဘာသာပြန်သည့် A Treatise on the Pāramīs တွင် အင်္ဂလိပ်ဘာသာဖြင့်၎င်း ဖတ်ရှုနိုင်ပါသည်)။