Breaking News

ဇင်လင်း - COVID-19 ကပ်ရောဂါထိန်းချုပ်ရေး၊ ငြိမ်းချမ်းရေး နှင့် ချွင်းချက်မရှိ အပစ်ရပ်ရေး


ဇင်လင်း - COVID-19 ကပ်ရောဂါထိန်းချုပ်ရေး၊ ငြိမ်းချမ်းရေး နှင့် ချွင်းချက်မရှိ အပစ်ရပ်ရေး

(မိုးမခ) မေ ၁၁၊ ၂၀၂၀


မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စအရပ်ရပ်ကို နိုင်ငံရေးဝေါဟာရဖြင့် ယေဘုယျပြု ပြောလိုသည့်အခါ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေသည်ဟု ဆိုကြသည်။ တစ်နည်းအားဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလဟု စကားလုံးလှလှဖြင့် တန်ဆာဆင်သရုပ်ဖေါ်ကြသည်။ ထိုကဲ့သို့ ဒီမိုကရေစီဆိုသည့် ဝေါဟာရကို ရေလဲသုံးနေ ကြသည့် ခေါင်းဆောင်များအနက် ဒီမိုကရေစီ၏ အခြေခံကျင့်ဝတ်ကို လိုက်နာကျင့်သုံးရကောင်းမှန်း မသိသူ အလွန်များ နေကြောင်း ဖြစ်စဉ် ဖြစ်ရပ်များက သာဓကဆောင်နေသည်။ တစ်နည်းဆိုရလျှင် ငြိမ်းချမ်းလိုသည့် သဘောထား စေတနာ မရှိဘဲ၊ ငြိမ်းချမ်းရေးဆိုသည့် ဝေါဟာရကို ရေလဲသုံးနေသူများနှင့် တူသည်။ ထို့ပြင် ဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ကြရာ၌ လည်း တိုင်းပြည်ကို ကမ္ဘာ့အလယ်တွင် ခေတ်မီနိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ပေါ်ထွန်းလာရန်ဟု ဆိုနေကြသော်လည်း လက်တွေ့အကျိုး အမြတ်ကို ပြည်သူတို့ မခံစားကြရဘဲ လူတစ်စုက အညွန့်ခူးသွားကြသည်နှင့်လည်း အလားသဏ္ဍာန် တူနေသည်။

အမှန်ဆိုလျှင် ဒီမိုကရေစီစနစ်ကို ယုံကြည်ပါက၊ ပြည်သူလူထုအများစု လိုလားသည့် ပြည်တွင်းငြိမ်းချမ်းရေးကို လက်တွေ့ အကောင်အထည်မဖေါ်နိုင်စရာ အကြောင်းမရှိပေ။ ဒီမိုကရေစီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ယုံကြည်လိုလားပါက ကိုယ် ကျိုးစီးပွားဖွံ့ဖြိုးရေးထက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးကြမည်သာဖြစ်သည်။ သို့သော် ယနေ့ မြန်မာနိုင်ငံ နှင့် တကွ ပြည်သူလူထုမှာ ကံကောင်းသင့်သလောက် မကောင်းဘဲ ဖြစ်နေသည်။ အကြောင်းမှာ လက်နက်ကိုင်တပ်ဖွဲ့များ လက်ကိုင်ရှိသူများက ဒီမိုကရေစီနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို နှစ်နှစ်ကာကာ ယုံကြည်လိုလားခြင်း မရှိသောကြောင့်ဖြစ် သည်။ ထိုသို့ဖြစ်ရခြင်းမှာ ပြဿနာများကို လက်နက်အင်အားဖြင့်သာ ဖြေရှင်းလိုခြင်း၊ ပြည်ထောင်စုအကျိုး ထက် မိမိတို့ ကိုယ်ကျိုးစီးပွားကို ဗဟိုပြု စဉ်းစားခြင်းတို့ကြောင့်ဟု သုံးသပ်ရန်မှတပါး အခြားအကြောင်းများ မမြင်ပေ။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့စွဲဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့သည်။ မေလ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း တပ်မတော်က ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများကို ပိုမိုထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့အတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာ စံနှုန်း အတိုင်း နိုင်ငံတော်က အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများရှိရာ နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲထား ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

လက်ငင်းပေါ်ပေါက်နေသော ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေးကိစ္စ ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်နေကြ သည့် အချိန်မျိုးတွင် စစ်ဆင်ရေးအားလုံးရပ်ထားရမည့်အစား ရခိုင်ဒေသ၌ ပိုမိုတိုက်ခိုက်နေသည့်အပေါ် ပြည်သူလူထု က စိတ်ပျက်နေကြသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ၁၀ မြို့နယ်အတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်းငါးသောင်း ခုနှစ်ထောင် ကျော်လာပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး (REC)က မတ်လ ၃၁ ရက်နေ့က စာရင်းထုတ်ပြန် ခဲ့သည်ဟု RFA သတင်း၌ ဖေါ်ပြခဲ့သည်။ မတ်လတစ်လအတွင်း ကျောက်တော်မြို့နယ်တွင် ဒုက္ခသည် တစ်သောင်း ကျော် တိုးလာခဲ့ပြီး ဖေဖော်ဝါရီလက ရှိသည့် လူဦးရေထက် သုံးသောင်းကျော် တိုးလာသည်ဟု REC အတွင်းရေးမှူး ကိုဇော်ဇော် ထွန်း က ပြောသည်။ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ၍ ဒုက္ခသည်များအား ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ နိုင်ငံတကာ NGO အဖွဲ့များ၏ အထောက်အပံ့ရောက်ရှိမှုများလည်း နှောင့်နှေးလျှက်ရှိသည်။ ထို့ကြောင့် ဒုက္ခရောက်နေကြရသည်ဟု ကိုဇော်ဇော်ထွန်းက ဆိုသည်။

ထပ်တိုးလာသော ဒုက္ခသည်များအတွက် ရိက္ခာထောက်ပံ့ပေးရန် နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) နှင့် ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့(WFP) များထံ ကမ်းလှမ်းထားသည်ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောသည်။ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အကူအညီအပြင် အဝတ်အထည်၊ ဆေးဝါးနှင့် ငွေကြေးအကူအညီ များလည်း လိုအပ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။ အထူးသဖြင့် ဒုက္ခသည်များအတွက် အရေး တကြီးလိုအပ်မှုမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးဆိုင်ရာ နည်းပညာ ထောက်ပံ့ရေးပစ္စည်းများ ဖြစ်သည်ဟု သတင်း များအရ သိရသည်။ ကယ်ဆယ်ရေးစခန်းများသို့ လူမှုအဖွဲ့နှင့် နိုင်ငံတကာအဖွဲ့များ လာရောက်၍ ပညာပေးခြင်း မရှိသကဲ့ သို့ အထောက်အပံ့ပေးခြင်းလည်း မရှိသေးကြောင်း ဒေသခံတို့ပြောပြချက်အရ သိရသည်။

ထိုအတောအတွင်း COVID-19 ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့ကိုယ်စားလှယ်များ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ အစိုးရကော်မတီနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက် နက်ကိုင် ၁၀ ဖွဲ့ (NCA-S EAO) ကိုယ်စားလှယ် အချို့သည် COVID-19 ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် မေလ ၅ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အပစ်ရပ် ၁၀ ဖွဲ့က သတင်းထုတ်ပြန်ခဲ့ဟု ၇ရက်နေ့စဉ်သတင်း၌ ဖေါ်ပြသည်။ သို့သော် ဆွေးနွေးချက် အသေးစိတ်ကိုမူ ဖော်ပြခဲ့ခြင်း မရှိဟု ဆိုသည်။ အပစ်ရပ် ၁၀ ဖွဲ့နှင့် တွေ့ဆုံပွဲတွင် COVID-19 ကာကွယ်ရေးကို ပူးပေါင်းဆောင်ရွက်နိုင်ရေး အလွတ်သဘော ညှိနှိုင်းခဲ့ခြင်းဖြစ်၍ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း မရှိကြောင်း၊ မေလ ၈ ရက်တွင် အွန်လိုင်း၌ ထပ်မံညှိနှိုင်းရန် စီစဉ်ထားကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) က ပြောသည်ဟု သိရသည်။

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ကို COVID-19 ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် အစိုးရက ဆက်သွယ်ခဲ့ရာ ကချင်အဖွဲ့(KIA)၊ ‘ဝ’အဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့(SSPP/SSA) တို့က ပူးပေါင်းဆောင်ရွက်မည်ဟု အကြောင်း ပြန်ကြားထား ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတရုံးက ဧပြီ၂၇ ရက်တွင် ဖွဲ့စည်းခဲ့သည့် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီအနေဖြင့် NCA မထိုးရသေးသည့် ရှစ်ဖွဲ့ထံသို့ ကော်မတီဖွဲ့စည်းပြီးကြောင်း အခြေအနေ၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ အခက်အခဲရှိပါက ကော်မတီသို့ ဆက်သွယ်ရန်၊ ပူးပေါင်းဆောင်ရွက်ရန် အကြောင်းကြားခဲ့သည်ဟု ကော်မတီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) က 7Day News သို့ပြောသည်။ NCA လက်မှတ်မထိုးရသေးသော ရှစ်ဖွဲ့အနက် လေးဖွဲ့က သူတို့အနေဖြင့် ကော်မတီ များဖွဲ့ထားပြီးကြောင်းနှင့် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး ပူးပေါင်းဆောင်ရွက်မည့်အကြောင်း တရားဝင် Email ဖြင့် ပြန်လည်ဆက်သွယ်လာသည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)က ပြောသည်။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက COVID- 19 ကာကွယ်ရေးအတွက် သတင်း အချက်အလက်ဖလှယ်ခြင်း၊ ရောဂါကာကွယ်ရေးပစ္စည်းများ အကူအညီလက်ခံခြင်းအပါအဝင် ပူးပေါင်းဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်အချို့ကိုမူ ပူးပေါင်းဆောင်ရွက်ရန် အခက်အခဲ ရှိကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

UWSA အနေဖြင့်လည်း အစိုးရ၏ ကော်မတီဖွဲ့စည်းမှုကို ကြိုဆိုခဲ့ပြီး ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ဖော်ပြောဆိုထား သည်။ မိုင်းလားအဖွဲ့အနေဖြင့် အစိုးရက ကော်မတီမဖွဲ့စည်းမီ ကတည်းကပင် ရောဂါကာကွယ်ရေး ပူးပေါင်းဆောင်ရွက် နေသည်။ တရုတ်နိုင်ငံမှ ပြန်လည်စေလွှတ်လိုက်သည့် မြန်မာနိုင်ငံသား ၃,ဝဝဝ ကျော်ကို မိုင်းလားဒေသ၌ Quarantine ထားရှိသကဲ့သို့ အစိုးရကလည်း အဆိုပါ လူဦးရေ ၃,ဝဝဝ ကျော်အတွက် စားနပ်ရိက္ခာအဆင်ပြေစေရန် ဆန်အိတ် ၁,ဝဝဝ နှင့် စားဆီနှစ်ပီပါကို မိုင်းလားအဖွဲ့ထံ ပေးပို့ခဲ့သည်ဟု ဆိုသည်။ SSPP အနေဖြင့်လည်း သံသယလူနာများကို အစိုးရ ဆေးရုံများသို့ စေလွှတ်ခြင်းအပါအဝင် အောက်ခြေ၌ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

ဤအတောအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခွင့်ရရှိရေး အစိုးရထံတင်ပြဆွေးနွေးသွားမည်ဟု NCA လက်မှတ် ထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်းက 7Day News သို့ပြောသည်။

ALP သည် လတ်တလောတွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် (AA)အဖွဲ့တို့ အကြားတိုက်ပွဲများကြောင့် စစ်ဘေး ရှောင်နေရသော ဒုက္ခသည် စခန်းအချို့သို့ သွားရောက်၍ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။ ALP သည် အစိုးရ၏ ကျန်းမာရေးဆိုင်ရာ အသိ ပညာပေး လမ်းညွှန်ချက်များကို အသုံးပြု၍ ရသေ့တောင်မြို့နယ်ရှိ စစ်ရှောင် စခန်းလေးခု၊ စစ်တွေနှင့် မင်းပြားမြို့နယ်ရှိ စစ်ရှောင်စခန်းအချို့၌ ရောဂါကာကွယ်ရေး အသိပညာပေးမှု လုပ်ဆောင်ခဲ့သည်ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။ အစိုးရထံမှ အထောက်အပံ့ ရမည်ဆိုလျှင် COVID-19 ရောဂါ အသိပညာ ပေးလုပ်ငန်းများကို ၁၇ မြို့နယ်လုံးတွင် လုပ်လို သည်ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံနှံမှုသည် ကမ္ဘာတစ်ခွင်တွင် အဆိုးဆုံးအခြေအနေသို့ ရောက်နေကြောင်း မီဒီယာသတင်းများ ကြားသိနေရသည်။ ကမ္ဘာတစ်ခုလုံး အတိုင်းအတာအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄, ၁၁၇,ဝ၉၈ ရှိ၍ သေဆုံး သူ ၂၈၀, ၆၉၇ ဦး ရှိလာပြီဖြစ်ကြောင်း မေလ ၁၀ ရက်နေ့ worldometer စာရင်းဇယားအရ သိရသည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အဆိုးဆုံး ဒေသကို ပြောပါဆိုလျှင် အမေရိကန်ပြည်ထောင်စု ဖြစ်ဟု ဆိုရမည်။ မေလ ၁၀ ရက် သတင်းများအရ အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁,၃၄၇,၃၁၈ ဦးရှိပြီး၊ သေဆုံးသူ ၈၀,ဝ၄၀ ဦးရှိကြောင်း worldometer စာရင်းဇယားအရ သိရသည်။ ဥရောပတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒဏ်ကို ဆိုးဆိုးရွားရွား ခံရသည့်နိုင်ငံ ၂ ခုမှာ အီတလီ နှင့် စပိန်နိုင်ငံတို့ ဖြစ်သည်။ မေလ ၁၀ ရက်နေ့သတင်းအရ အီတလီ၌ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၈,၂၆၈ ဦးဖြစ်ပြီး၊ သေဆုံးသူ ၃၀,၃၉၅ ဦးရှိသည်။ စပိန်၌ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၂၆၂,၇၈၃ ဦး၊ သေဆုံးသူ ၂၆,၄၇၈ ဦးရှိကြောင်း သိရသည်။ နိုင်ငံကြီးတချို့မှာ ကူးစက်မှု ကျဆင်းလာပြီး မကြာမီ ထိန်းချုပ်နိုင်တော့ မည်ဟု ထင်မြင်ယူဆ ပြောဆိုနေကြသော်လည်း နေ့စဉ်သတင်းများအရ သေဆုံးသူ အရေအတွက် တိုးတက်လာနေဆဲ ဖြစ်သည်။ ကူးစက်ခံရသူ အရေအတွက်ကလည်း သိန်းဂဏန်း ရှိနေဆဲဖြစ်သည်။

မေလ ၁၀ ရက်နေ့ သတင်းများအရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ လူနာ ၁၇၈ ဦးရှိပြီး ထိုလူနာများအနက် ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ လူနာ ၆၈ ဦး ရောဂါပျောက်ကင်းကြောင်း အတည်ပြုချက်အရ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ ကြောင်း သိရသည်။ မေလအလယ်တွင် တရုတ်နှင့် ထိုင်းအပါအဝင် ပြည်ပနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ပြန်လည်ဝင်ရောက်လာမည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်နေရဆဲရှိသည်။ ထို့ကြောင့် နယ်စပ်ဒေသများတွင် ရောဂါထိန်းချုပ် ကာကွယ်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စနစ်တကျ လက်တွဲလုပ်ဆောင်ရေးမှာ အရေးကြီးပေသည်။

လတ်တလော ကမ္ဘာ့ကပ် ရောဂါ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ပျံနှံမှု ပြဿနာကို အပြင်းအထန် ကြိုးပမ်း ရင်ဆိုင် နေရချိန်တွင် မြန်မာနိုင်ငံသည် ပြည်တွင်းစစ် ပြဿနာကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု များပြားလာနေ သဖြင့် စိုးရိမ်စရာ စိတ်မကောင်းစရာ ဖြစ်နေသည်။ ပြည်သူအများ နေထိုင်ရာ နယ်နိမိတ်အတွင်း အပြန်အလှန် ပစ်ခတ်မှုများ ကြောင့် မြေစာပင် အရပ်သားသူ အရပ်သားများသေဆုံး နေရသည်။ အထူးသဖြင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) အနေဖြင့် အရပ်သားများအကြား ရောနှောနေထိုင်ခြင်းကြောင့် ဖြစ်ကြောင်း ‘ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ’ KACC ၏ ထုတ်ပြန်ချက်၌ ဖေါ်ထားသည်။ ယင်းသတင်းကို ၇ ရက်နေ့စဉ်သတင်း၌ ဖေါ်ပြထားသည်။ ထို့ကြောင့် ရေရှည် အကျိုးအတွက် AA အဖွဲ့အနေဖြင့် ပလက်ဝ နယ်နိမိတ် အတွင်းမှ ဆုတ်ခွာပေးမှသာ ဒေသခံ ပြည်သူတို့အသက်အိုးအိမ် လုံခြုံရေး ရရှိနိုင်မည်ဟု KACC က ဧပြီ ၂၃ ရက်နေ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အထူးအရေးကြီးသတင်းတစ်ပုဒ်မှာ ရခိုင်ဒေသတိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ၈ မြို့နယ်၌ အင်တာနက် ဖြတ်တောက်ထားခြင်းဖြစ်သည်။ ထိုကကြောင့် ဒေသခံပြည်သူများ သတင်းအဆက်အသွယ် ပြတ်တောက် နေသည်ဟု ဆိုသည်။ အမ်ပီတီ၊ တယ်လီနော၊ အော်ရီဒူးနဲ့ မိုင်တဲလ်ဖုန်း အားလုံး ဆက်သွယ်၍ မရတော့ဟု ဆိုသည်။ ယင်းဖြစ်ရပ် များသည် လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် ဆက်နွယ်နေသည်ကို သတိပြုသင့်သည်။ တချိန်တည်းမှာပင် ကျောက်တော်၊ မင်းပြားမြို့နယ်များတွင် တိုက်ပွဲဆက်လက်ဖြစ်နေပြီး၊ နေအိမ်များ မီးရှို့ဖျက်ဆီး ခံရ ခြင်းများ ရှိနေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု သတင်းများက ဆိုသည်။

ဤသို့ဖြင့် အင်တာနက်ပြတ်တောက်မှုကြောင့် အမှန်အကန်သတင်းထောက်များ၏ အမှန်အကန်သတင်းများကို ထိုဒေသ ခံ ပြည်သူတို့ဘာမျှသိခွင့်မရရှိတော့ပေ။ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် မြန်မာအစိုးရကို ကူညီနေသည့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) မှ မော်တော်ယာဉ် စစ်တွေမြို့ မှ ရန်ကုန်သို့ ဧပြီ ၂၀ ရက်က ထွက်ခွာလာစဉ် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတား အကျော်၊ ရာမောင် ဇက်ဆိပ်အနီးမှာ လက်နက်ကိုင်အဖွဲ့ဝင် တစ်စုက ပစ်ခတ် တိုက် ခိုက်ခြင်း ခံရသည်။ သတင်းယူရန် ခက်ခဲသဖြင့် ထိုသတင်းနှင့် ပတ်သက်၍ ကောလဟလများက ဦးစွာ ထွက်ပေါ်ခဲ့သည့် ဖြစ်ရပ်မှာ သာဓကတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်သတင်းများအပေါ် အရပ်ပြောကောလဟလ သတင်းများ က လွှမ်းမိုးသွားခဲ့သည်။

ကမ္ဘာနှင့်အဝှမ်းတွင် ကိုဗစ်ကပ်ရောဂါ သတင်းအမှားများ၊ သတင်းအတုအယောင်များ ပျံ့နှံ့နေသကဲ့သို့ ရခိုင်တိုက်ပွဲ သတင်းများတွင်လည်း လူ့အခွင့်အရေးချိုးဖေါက်မှုသတင်းများ ရောနှောပေါ်ထွက်လာသည်။ ဒုက္ခသည်စခန်းများတွင် စစ်ဘေးရှောင်ပြည်သူများ စားရေရိက္ခာဆေးဝါးစသည်ဖြင့် ဖြတ်လပ်သည့် သတင်းများ၊ ရွာထဲ လက်နက်ကြီးကျသည့် သတင်းများ၊ ရွာသူရွာသားများ မိုင်းနင်းမိသည့် သတင်းများ၊ ရွာသားများ ဖမ်းဆီးနှိပ်စက်ခံရသည့် သတင်းများ၊ စစ်မေးရင်း လက်လွန်သေဆုံးမှုများ၊ လူပျောက်မှုသတင်းများ၊ ကျေးရွာများအတွင်း လက်နက်ကိုင်များ စခန်းချကြသည့် သတင်းများ စသည်ဖြင့် စစ်ပွဲအခြေပြု အတည်ပြုရန်ခက်ခဲသော သတင်းအမြောက်အများ ပေါ်ထွက် လာသည်။ မြန်မာပြည် အနေ အထားအရ ထိုသို့ ပြည်သူများထံမှ ပေါ်ထွက်လာသော သတင်းများကို သတင်းထောက်များ က စိစစ်အတည်ပြုပေးခွင့် ဆုံးရှုံးနေရခြင်းသည် သတင်းကပ်ရောဂါဘေးသင့်ခြင်း (Infodemic) ဟု ဆိုနိုင်ပေမည်။ အစိုးရနှင့် တပ်မတော်တို့မှ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် သတင်းမီဒီယာပညာရပ်နှင့် ရင်းနှီးကျွမ်းဝင်မှု အားနည်းနေသမျှ သတင်းလွတ်လပ်စွာ စီးဆင်းခွင့်လည်း အားနည်းနေဦးမည်ဖြစ်သည်။

ယနေ့ကဲ့သို့သော ကမ္ဘာအနှံ့ ကူးစက်ပြန့်နှံ့လာနေတဲံ Coronavirus ခေါ် COVID-19 ကပ်ရောဂါကြီးနှင့် ရင်ဆိုင်နေရချိန် တွင် ကမ္ဘာတဝှမ်း လက်ရှိဖြစ်ပေါ်နေသော စစ်ပွဲများ ရပ်တန့်ၾကျပီး၊ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်၌ အားလုံး ဝိုင်းဝန်း ပူးပေါင်း လုပ်ဆောင်ကြရေး အထူးအရေးကြီးနေသည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် က မေတ္တာရပ်ခံထားသည်။ တိုက်ပွဲများအတွင်း အပြန်အလှန်ပစ်ခတ်ကြသော ကျည်ဆံများ၏ အန္တရာယ်ထက် COVID-19 ကပ်ရောဂါကြီးဘေး၏ အန္တရာယ်က ပို၍ ကြောက်စရာကောင်းသည်ကို လက်နက်ကိုင်စစ်သားတိုင်း အလေးအနက် သတိပြုသင့်သည်။ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအားလုံး ဘုံသဘောတူညီမှု တစ်ခု ရှာစေလိုသည်။ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးရည်မှန်းချက်ကို ထည့်သွင်းစဉ်စားကာ တစ်နိုင်ငံလုံး အပစ်ရပ်ရေးကိစ္စကို အလေးအနက် စဉ်းစားရမည့် အချိန်လည်း ဖြစ်သည်။ ရခိုင်ဒေသတွင် AA ကို အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်၍ (မေလ ၉ ရက်၊ အပစ်ရပ်ကြေညာချက်) မှ ဖယ်ထုတ်ထားခြင်းမှာမူ သဘောထား ကျဉ်းမြောင်းရာရောက် သည်။ ထိုအချက်ကြောင့် ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အပစ်ရပ်ကြေညာချက်အပေါ် ရာနှုန်းပြည့် ယုံကြည်သင့်/မသင့် စဉ်းစားစရာ ဖြစ်လိမ့်မည်။ အစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့ အစည်းအားလုံး ပြည်သူလူထုကို ဘေးဒုက္ခအပေါင်းမှ ကင်းဝေးအောင် လက်ရှိအချိန်ထက် နောက်မကျမီ တစ်နိုင်ငံလုံး အပစ်ရပ်ခြင်းဖြင့် ငြိမ်းချမ်းရေးအထိ ရှေးရှုဆောင်ရွက် သင့်သည်ဟု သုံးသပ်မိသည်။