Breaking News

မေနှင်းလဲ့မွန် - COVID-19 နဲ့ ထမင်းအိုးတန်း ဟင်းအိုးတန်း




မေနှင်းလဲ့မွန် - COVID-19 နဲ့  ထမင်းအိုးတန်း ဟင်းအိုးတန်း

(မိုးမခ) မေ ၂၃၊ ၂၀၂၀

၈၈ အရေးအခင်းကာလတွေမှာ စစ်အစိုးရက တနိုင်ငံလုံးမှာ လွတ်လပ်စွာ‌ ပြောဆိုခွင့် စုရုံးခွင့် တွေးခေါ်ခွင့်တွေကို နှိပ်ကွပ်ထားတဲ့အချိန် ‌ဒေါ်စုခြံတခုထဲမှာသာ အခိုက်အတန့်အားဖြင့် တရားမ၀င် လူစုခဲ့ ကြပါတယ်။ အဖမ်းခံရမှာ မကြောက်ဘူးလားဆိုတော့ ကြောက်ပေမယ့် ဒီမတရားအုပ်ချုပ်မှုတွေကို တွန်းလှန်နိုင်မှ ဖြစ်မယ်ဆိုတဲ့ ယုံကြည်မှု၊ ဒီအချိန်မှာ ဒါ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ မျိုးဆက်သစ်တွေအတွက် ကိုယ့်ဖာသာကိုယ် စွန့်လွှတ်မှု၊ တာ၀န်ခံမှု၊ ရွေးချယ်မှုတွေနဲ့ အခါအားလျော်စွာ နေ့ထူးနေ့မြတ် အထိန်းအမှတ်ပွဲတွေကျင်းပပြီး စုစည်းခဲ့ကြပါတယ်။

တော်လှန်ရေးနေ့ အထိမ်းအမှတ်လို့ထင်ပါတယ် ဆရာကြီးဦးခင်မောင်လတ်ပြောပြတာလေးကို မှတ်မိနေပါတယ်။

လွတ်လပ်ရေးရပြီးတဲ့နောက် လူငယ်မျိုးဆက်သစ်တွေက ဘဘတို့ ဂျပန်တော်လှန်ရေးမှာ ဘယ်နေရာက ပါခဲ့တာတုန်း၊ ရှေ့တန်းမှာလား၊ နောက်တန်းမှာလား၊ အလယ်တန်းမှာလားလို့မေးရင်-

ရှေ့တန်းလည်းမဟုတ်၊ နောက်တန်းလည်းမဟုတ်၊ အလယ်တန်းလည်းမဟုတ် ထမင်းအိုးတန်း ဟင်းအိုးတန်းလောက်တော့ ပါခဲ့ပါတယ်လို့ ဟာသလေး‌နှောပြီး ပြောပြပါတယ်။

အကြောင်းကတော့ ဗိုလ်နေ၀င်းတပ်က ရန်ကုန်ကိုသိမ်းလိုက်ပြီးတဲ့အခါ ရိက္ခာတွေယူလာပြီး ကျုပ်တို့ကို ထမင်းချက်ကျွေးဗျာလို့ ဆိုတော့ ကျနော်လည်း ထမင်းအိုးတန်း ဟင်းအိုးတန်းရောက်သွားတော့တာပဲတဲ့။

COVID-19 စစ်ပွဲက Shelter in Place စစ်မိန့် က ကိုယ့်ရုံး၊ ကိုယ့်အလုပ်ရုံ၊ ကိုယ့်စတိုးဆိုင်၊ ကိုယ့်အိမ်၊ ကိုယ့်၀န်ထမ်း၊ ကိုယ့်မိသားစု ကိုယ်ကာကွယ်ဖို့၊ ‌‌‌ ‌ရှေ့တန်းက ကျန်းမာရေး၀န်ထမ်းတွေကို ၀န်မပိအောင် ကူညီနိုင်ဖို့၊ တားဆီးနိုင်ဖို့၊ မလိုလားအပ်တဲ့ အရေးမကြီးတဲ့ သွားလာလှုပ်ရှားမှုတွေကြောင့် ရောဂါပိုးသယ်ဆောင် ဖြန့်ဖြူးသူတွေ လျော့ချဖို့ တာ၀န်ပေးထားတဲ့အမိန့်ဖြစ်ပါတယ်။

အိမ်ရှင်မများဟာ အိမ်မှာနေရတာ ဘာမှလုပ်စရာမရှိ ပျင်းလိုက်တာလို့ မထင်ကြပါနဲ့။ အိမ်တိုင်းရဲ့ ထမင်းအိုးတန်း ဟင်းအိုးတန်းကနေ ‌ရှေ့တန်းက ကျန်းမာရေး၀န်ထမ်းတွေကို ကောင်းကောင်းကြီး ကူညီနိုင်တာဖြစ်လို့ ဂုဏ်ယူကြပါ၊ တာ၀န်ကိုလည်း မမေ့မလျော့ မပေါ့မဆပဲ တင်းတင်းကျပ်ကျပ်လုပ်ပါ။ ရှေ့တန်းက အခြေအနေမကောင်းသေးလို့ ပုံမှန် ပြန်မဖွင့်နိုင်သေးတာြဖစ်ပါတယ်။

ဒီစစ်ပွဲမှာ ကိုယ်ချစ်တဲ့လူတွေကို ရှင်ကျန်ရစ်စေချင်ကြတာ မဟုတ်လား။