Breaking News

အောင်မော်ဦး - ကမ္ဘာ့အကြီးဆုံး ဖန်သားပြင်

Photo-thedialog.org, Dr Anthony Fauci
ကမ္ဘာ့အကြီးဆုံး ဖန်သားပြင်
အောင်မော်ဦး
(မိုးမခ) မေ ၂၄၊ ၂၀၂၀


Dr. Fauci’s #PassTheMic Campaign Will Take Over Julia Roberts’ Social Media Accounts.


အတော့်ကို မင်္ဂလာရှိတဲ့ သတင်းပါပဲ။ ဆေးသိပ္ပံပညာရှင် ဒေါက်တာဖောက်ချီက PassTheMic ဆိုတဲ့ ကမ်ပိန်းတခုလုပ်မယ်လို့သိရပါတယ်။ အဲဒီ PassTheMic ဆိုတာက “ဘေးလူကိုလည်း မိုက်ကလေးတချက် လောက် ကမ်းလိုက်ပါဦး”ဆိုတဲ့သဘောပါ။ မျက်စိထဲမြင်အောင်ပြောရရင် ပွဲလမ်းသဘင်တို့၊ ဘုန်းကြီး ပျံတို့၊ အလှူခံတို့၊ ကာရာအိုကေတို့မှာဆို မိုက်ခွက်ကို မလွှတ်တမ်းခဲထားကြတဲ့ မိုက်ခဲမောင်တို့၊ မိုက်ခဲစိန်တို့ကို တွေ့ဖူးကြမယ်ထင်ပါတယ်။ ခု ဒီကမ်ပိန်းက သူတို့တတွေခဲထားတဲ့ သူတို့လက်ထဲကမိုက်ခွက်ကို ဘေးကလူတွေကိုလည်း ကမ်းလိုက်ပါဦးလို့ သတိပေးတဲ့သဘောပေါ့ဗျာ။

အခု ကိုဗစ်ကြီးဖြစ်တော့ သြဇာကြီးတဲ့သူတွေ (အစိုးရတွေ၊ သမတတွေ၊ ခေါင်းဆောင်တွေ) က သူတို့လက်ထဲက မိုက်ခွက်ကို မလွှတ်တမ်းဆုပ်ထားကြတဲ့ မိုက်ခဲမောင်တွေ၊ မိုက်ခဲစိန်တွေလုပ်နေကြပါတယ်။ ဒီနေရာမှာ သူတို့လက်ထဲက မိုက်ခွက်ဆိုတာက သူတို့အသုံးပြုနေတဲ့ “စကားပြောစင်/ဖန်သားပြင်”
ကို ဆိုလိုတာဖြစ်ပါတယ်။ အဲဒီ သြဇာကြီးတဲ့ခေါင်းဆောင်လုပ်သူတွေက သူတို့အပိုင်စီးထားတဲ့ “စကားပြောစင်/ဖန်သားပြင်”ကို အသေဆုပ်ကိုင်ပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေး စသဖြင့် ပြောနေဆိုကြတာဟာ လူတိုင်းအဖို့ ရိုးအီနေပါပြီ။ ခု ကိုဗစ်အရေးမှာလည်း သူတို့က ဒီအထာ၊ ဒီအကွက်တွေနဲ့ အဲဒီ “စကား ပြောစင်/ဖန်သားပြင်”ကို အပိုင်စီးပြီး ငါသိငါတတ်လူတတ်ကြီးလုပ်ပြီး အသားကုန်ဟဲနေကြပါတယ်။ 

ဒါပေမယ့် ကိုဗစ်ဟာ သူတို့ထင်သလိုအချဉ်မဟုတ်ပါဘူး။ သူတို့သိနိုင်စွမ်းရဲ့နယ်နိမိတ်ကို အများကြီး ကျော်လွန်နေပါတယ်။ အဲဒီလို ကိုယ်မသိ၊ ကိုယ်နားမလည်တဲ့ ကိုဗစ်ကို အတည်ပေါက်နဲ့ ပြောနေဆိုနေကြတာ၊ အမိန့်အာဏာနဲ့ ပါဝါပြနေကြတာတွေကို ဖန်သားပြင်ပေါ်မှာ မမြင်ချင်မှအဆုံးပါပဲ။ အဲဒီလို သြဇာကြီးတဲ့ ခေါင်းဆောင်လုပ်သူတွေထဲက တချို့ကတော့ ကိုဗစ်တင်မက၊ မဲဆွယ်ပွဲအတွက်ပါ ဖန်သားပြင်ကို တွင်တွင်ကြီး အသုံးချနေကြတာ ခင်ဗျားတို့လည်း သတိပြုမိကြမှာပါ။ အမေရိကန်မှာဆိုရင်တော့ ဒေါ်နယ်ထရမ့်ဟာ ထိပ်ဆုံးကပါပဲ။ 

အခု ဒေါက်တာဖောက်ချီက သူ့ရှေ့ကနေ ကန့်လန့်တိုက်ပြီး ကို့ယို့ကားယား ပိတ်ကာထားတဲ့ မိုက်ခဲမောင် ထရမ့်ကို ပညာသားပါပါနဲ့ သင်ခန်းစာပေးလိုက်ပါပြီ။ ထရမ့်လိုကျော်ကြားပြီး၊ ထရမ့်ထက် လူချစ်လူခင်များတဲ့ အနုပညာမောင်မယ်တွေနဲ့ပေါင်းပြီး သူ့ရဲ့ တကဲ့အဆင့်နေရာကို တိတိကျကျ ဖော်ဆောင်လိုက်ပါပြီ။ ကမ္ဘာပေါ်မှာ သူတို့လို တကယ်တတ်သိနားလည်တဲ့ ပညာရှင်တွေများများမရှိကြဘူးဆိုတာ ထရမ့်တို့လို မိုက်ခဲဝါဒီတွေကလွဲရင် ကျန်တဲ့သူတွေက သိကြပါတယ်။ သို့သော်လည်း နိုင်ငံတော်တွေကို တည်ဆောက်ထားတဲ့ “စနစ်“တွေမှာ အားနည်းချက်တွေ အများအပြား ရှိနေကြတယ်ဆိုတာကို ကိုဗစ်က မီးမောင်းထိုးပြခဲ့ပါတယ်။ 

ဟုတ်ပါတယ်။ နိုင်ငံတော်တွေရဲ့ “စနစ်” တွေမှာ နယ်ပယ်အလိုက် တတ်သိပညာရှင်တွေရဲ့ “အခန်းကဏ္ဍ” ဟာ တိတိပပ ပြဋ္ဌာန်းထားတာမျိုး မရှိလှပါဘူး။ ကျနော်တို့ရဲ့ ဦးနှောက်တွေကို စဉ်းစားတဲ့အလုပ်တွေ လုပ်ကြည့်ကြရအောင်ပါ။ ဆိုကြပါစို့။ ဒီနေ့ ဖန်သားပြင်ပေါ်မှာမြင်နေရတဲ့သြဇာကြီးတဲ့ ခေါင်းဆောင်လုပ်သူတွေဆီကနေ ခင်ဗျားတို့သိချင်တဲ့  ကိုဗစ်နဲ့ပတ်သက်တဲ့ အကျိုးအကြောင်းတွေကို အသေးစိတ် တိတိကျ ကျ သိခွင့်ရကြပါသလား။ အဲဒီ သြဇာကြီးတဲ့ ခေါင်းဆောင်လုပ်သူေတွကရော ဒီကိုဗစ်လိုသတ္တဝါကောင်မျိုးအေကြာင်း လေ့လာသင်ယူတတ်မြောက်ထားကြတဲ့သူတွေရောဖြစ်ပါရဲ့လား။ အဲဒီ သြဇာကြီးတဲ့ခေါင်း ဆောင်လုပ်သူတွေဟာ ကိုဗစ်နဲ့ပတ်သက်လို့ သိကြသူတွေမဟုတ်ဘူး၊ သူတို့တတွေဟာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စသဖြင့် လုပ်ဆောင်နေတဲ့ပုဂ္ဂိုလ်တွေသာဖြစ်တယ်ဆိုတာကို ခင်ဗျားတို့ သိထားကြတယ်မဟုတ်လား။ 

ဆိုတော့ကာ ခင်ဗျားတို့ကျနော်တို့ သိချင်လှတဲ့ ကိုဗစ်အကြောင်းကို သြဇာကြီးတဲ့ ခေါင်းဆောင်တွေကို ေမးလို့မရနိုင်ဘူး။ ဒါကြောင့် ကိုဗစ်နဲ့ပတ်သက်လို့ လေ့လာသင်ယူထားတဲ့ ဆေးသိပ္ပံပညာရှင်တွေ၊ ကိုဗစ်နဲ့ပတ် သက်လို့ လက်တွေ့လုပ်ဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ စသဖြင့်ကပဲ ကျနော်တို့လိုချင်တဲ့အဖြေကို ေပးနိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ ခင်ဗျားက အဲဒီပညာရှင်၊ အဲဒီကျန်းမာရေးဝန်ထမ်းကို မေးချင်တယ်။ ကဲ  ခင်ဗျားဘယ်လိုလုပ်မေးမလဲ။ ခင်ဗျား  ဘယ်သူ့ကို သွားမေးရမလဲ။ ခင်ဗျား  ဘယ်မှာ သွားမေးရမလဲ။ ဒါက ခင်ဗျားဘက်က ဖြစ်ပေါ်လာတဲ့ တကဲ့ဆန္ဒပါ။ (Front-line workers ဆိုတော့ ကိုဗစ်တိုက်ပွဲက ရှေ့တန်းရောက်လုပ်သားအားလုံးပေါ့)

ကောင်းပါပြီ။ ကိုဗစ်ကို နှစ်ပေါင်းများစွာကတည်းက ကြိုတင်လေ့လာထားခဲ့တဲ့ ဆေးသိပ္ပံပညာရှင်တွေ၊ ကိုဗစ်ကို ရှေ့တန်းကနေ ခံတိုက်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေဘက်ကရော ။ သူတို့သိတာကို၊ သူတို့တွေ့ရှိထားတာကို ခင်ဗျားတို့ကျနော်တို့သိအောင် မပြောပြချင်ဘဲနေပါ့မလား။ အသိမပေးချင်ဘဲ နေပါ့မလား။ ပြီးတော့ ခင်ဗျားတို့၊ ကျနော်တို့တတွေသာ ကိုဗစ်နဲ့ပတ်သက်တဲ့ အကျိုးအကြောင်းအဆိုးအကောင်းတွေကို မသိကြဘူးဆိုရင် ဘယ်လောက်များ အန္တရာယ်များလိုက်လေမလဲလို့ သူတို့တတွေ မပူပင်ဘဲနေပါ့မလား၊ မစိုးရိမ်ဘဲနေပါ့မလား။ ကဲ  ခင်ဗျားတို့ကျနော်တို့သိေအာင် သူတို့ ဘယ်လိုပြောရပါ့မလဲ။ ဘယ်နေရာက ပြောရပါ့မလဲ။

အဲဒါကို ဒေါက်တာဖောက်ချီ ရှာဖွေတွေ့ရှိသွားခဲ့ပါပြီ။ ဒါကြောင့် ကမ္ဘာပေါ်မှာ အကျော်ဒေးယျရှိတဲ့၊ လူချစ်လူခင်များတဲ့၊ လူသိများတဲ့ အနုပညာရှင်တွေ (အားကစားပညာရှင်တွေလည်း ပါဝင်လာဖို့များပါတယ်) ရဲ့ လူမှုကွန်ရက်အကောင့်တွေကို ဒေါက်တာဖောက်ချီနဲ့တကွ၊ ကျန်းမာရေးဝန်ထမ်းတွေဟာ ခုကစလို့ ငှားရမ်းအသုံးပြုပြီး ခင်ဗျားတို့ကျနော်တို့ဆီကို လာတွေ့ကြပါတော့မယ်။ လာ စကားပြောကြပါတော့မယ်။ ခင်ဗျားသိချင်တာတွေအတွက် ခင်ဗျားရဲ့ ဦးနှောက်ကိုဖွင့်ထားနှင့်ပါတော့။ ခင်ဗျား မေးချင်တာတွေအတွက် ခင်ဗျားရဲ့ မှတ်စုစာအုပ်ကို ဖွင့်ထားနှင့်ပါတော့။ ခင်ဗျားရဲ့ တယ်လီဖုန်းကို အားသွင်းထားနှင့်ပါတော့။

ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး ဂျူလီယာရောဘတ်ရဲ့ ပရိတ်သတ်တွေဟာ ဒေါက်တာဖောက်ချီရဲ့ ပရိတ်သတ်တွေဖြစ်သွားပါပြီ။ ဂျူလီယာရောဘတ်ရဲ့ ဖေ့ဘုတ်အကောင့်ဟာ ဝေဘာဂီဆေးရုံက ဒေါက်တာ … … ...ရဲ့ ဖေ့ဘုတ်အကောင့် ဖြစ်သွားပါပြီ။ ဟောလီးဝုဒ်က အကျော်ဒေးယျတွေရဲ့ အကောင့်တွေဟာ ဆေးသိပ္ပံပညာရှင်ေတွနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကောင့်တွေဖြစ်သွားကြပါပြီ။ ဒီနည်းနဲ့ ကမ္ဘာကြီးကို သတင်းစကားပါးဖို့၊ ဒီနည်းနဲ့ ကမ္ဘာသူကမ္ဘာသားတွေရဲ့ အသက်ကိုကယ်ဖို့ ပညာရှင်တွေဟာ သူတို့ရဲ့ “ဖန်သားပြင်“ကို သူတို့ဘာသာ ဖန်တီးရယူလိုက်ကြပါပြီ။ ဒါ ကမ္ဘာ့အကြီးဆုံးဖန်သားပြင်ကြီးပါပဲ။ 
ဟေ့ရောင်..ထရမ့် မင်း .. ညောင်းလိုက်တော့ ။ ဟေ့ရောင် ထရမ့် … ဘက္ဂီယာထိုး … ဂိုးတူ …ရေနံချောင်း … ေပါ့။

အောင်မော်ဦး
 ေမ၊ ၂၁၊ ၂၀၂၀။