Breaking News

ဖိုးရွှေညီမှိုင်း - နာကျင်အချိန်ပို

နာကျင်အချိန်ပို
ဖိုးရွှေညီမှိုင်း
(မိုးမခ) ဇွန် ၇၊ ၂၀၂၀

ခွေးတကောင်က
သူ့အနာဟောင်းကြီးကို
သူ့လျှာနဲ့သူလျက်ပြီး ကုစားနေသလို

ကြာပြီဆိုတိုင်း ဟောင်းမသွားတတ်တဲ့
ပျံသန်းခြင်းခရီးရှည်ထဲ
နာကျင်ကြေကွဲမှုတွေ

ကြာပြီဆိုတိုင်း ဟောင်းမသွားတတ်တဲ့
ကူးခတ်ခြင်းခရီးရှည်ထဲ
ဒဏ်ရာစူးနက်နက်တွေ

ကြာပြီဆိုတိုင်း ဟောင်းမသွားတတ်တဲ့
လျှောက်လှမ်းခြင်းခရီးရှည်ထဲ
ကဗျာ သီချင်းနဲ့ ပန်းချီတွေ

ကြာပြီဆိုတိုင်း ဟောင်းမသွားတတ်တဲ့
ခေတ်ကိုဖြတ်သန်းခြင်း ခရီးရှည်ထဲ
သန်းချီရှိနေတဲ့ အလန်းစားအိပ်မက်တွေ

ပွဲ မပြီးခင်တော့ ...
အသက်တခု ရှင်သန်အောင်မွေးရင်း
ယင်တလောင်းလောင်း
ဒဏ်ရာဟောင်းတွေကို
သူ့ရင်ဘတ်နဲ့ သူလျက်ရင်း
လူတယောက်က ....


ဖိုးရွှေညီမှိုင်း
၂၀၂၀ မေလ