Breaking News

ကိုတင်ထွန်းနိုင် - ယူတိုးပီးယားအန်ဖတ်

ယူတိုးပီးယားအန်ဖတ်
ကိုတင်ထွန်းနိုင်
(မိုးမခ) ဇွန် ၂၅၊ ၂၀၂၀

စိတ်ကူးထဲပဲ‌လေ
ကျည်ဆန်ကုန်အောင်‌ ပစ်ကျတာ‌ပေါ့။

ဟောဒီ့ညကို ငါဝယ်လိုက်ပြီ
ထင်းရှူးပင်မြင့်မြင့် မြက်ခင်းစိမ်းစိမ်း
အသားကင်မီးဖိုကညှော်နံ့
ဗို့အားပြင်းပြင်းမိန်းမတွေဆီက ရေမွှေးနံ့
ဘဝရဲ့မလိုင်ဟာဝေ့တက်လာခဲ့ပေါ့။

ချီးယားစစ်
အသက်ကိုဖျူးစ်များများနဲ့ခံထားတဲ့ကောင်တွေလည်းပါ ပါစေ
ဘယ်သူကခံစစ် ဘယ်သူကတိုက်စစ်လဲ
နေထွက်ရာနောက်တကောက်ကောက်လိုက်နေရတဲ့ဘဝမှာ
စိတ်ဆိုတော့တဆုံးကွေးလို့ရတယ်
ရေဟာကျိုးကြေမသွားသလို မီးလျှံကိုဓားနဲ့ဖြတ်မရသလို
မိန်းမတစ်ယောက်ရဲ့အတွင်းခံထဲကျမှ လူ့ဘဝဟာ စလစ်ဖြစ်ရတယ်
ဖြေဆေးမရှိ အဖြေမှာဆေးမရှိ ဆေးမှာအဖြေမရှိ
မိုးလေဝသသတင်းပြီးရင် ကပ်ရောဂါပြီးရင်
စကားလက်ဂျိုဟန်ဆန်ရဲ့ချိုင်းချွေးနံ့ဟာ အမြန်ချောနဲ့ငါ့ဆီရောက်လာလိမ့်မယ်။

ဆန္ဒရှိရင်ဝိုင်ဖိုင်သာဖွင့်ပေရော့
အသီးဆိုလည်းအရရည်ရွှမ်းရမယ် အပွင့်ဆိုလည်းမွှေးရမယ်
ကြယ်စုံညလေးထဲ လက်ညှိုးလေးနဲ့ထောက်ရင်း တစ်ကစလို့နေ‌့တိုင်းရေတွက်မယ်
လူ့ဘဝရဲ့ဝမ်းပျဉ်းသားလေးကိုနေ့တိုင်းနှိုက်မြည်းကြမယ်လေ။

ဒါတင်ပဲလားဆိုပြီး အသံကြီးတစ်ခု
ကျွန်တော့်အသံမဟုတ်ဘဲကျွန်တော့်ဆီကထွက်လာတယ်
ကိုယ့်ကိုယ်ကိုအော်ဂလီဆန်လာတယ်
ကြုံတဲ့နေရာမှာပဲထိုးအန်နေသူတစ်ယောက်ရှိတယ်ဆိုရင်ကျွန်တော်ပဲ။ ။