Breaking News

သားကြီးမောင်ဇေယျ - အမတ်လောင်းကျူရှင် ဖွင့်ပြီ

Cartoon Maung Yit


သားကြီးမောင်ဇေယျ - အမတ်လောင်းကျူရှင် ဖွင့်ပြီ

(မိုးမခ) ဇွန် ၂၃၊ ၂၀၂၀
(ပြည်သူ့အရေးဂျာနယ်ကနေ ကူးယူဖော်ပြပါတယ်)


ကျန်းမာရေးဌာနက သတ်မှတ်တဲ့ စည်းကမ်းနဲ့အညီ လက်ဖက်ရည်ဆိုင်တွေ ဖွင့်လို့ရပြီ ဆိုတာနဲ့ ကျနော်တို့ရဲ့ သမ္မတကြီးများပါတီ ထိပ်ပိုင်း အီးစီအဖွဲ့ ဝင်တွေရဲ့ အစည်းဝေးကို လမ်းထိပ် လက်ဖက်ရည်မှာ ပထမဆုံးအကြိမ် ပေါ်ပေါ်တင်တင် ကျင်းပခဲ့ပါတယ်။


ကိုဗစ်ကပ်ဘေးကြောင့် လက်ဖက်ရည်ဆိုင်တွေ ပိတ်ထားတုန်းကလည်း ကျွန်တော်တို့ အီးစီတွေဟာ လက်ဖက်ရည်ဆိုင်ကလေးမှာ ခွက်ပုန်းဆွဲရင်း တိုင်းရေးပြည်ရာတွေကို ဆွေးနွေးနေခဲ့ကြပါတယ်။

တိုင်းပြည်အတွက်ဆို xxx ကိုဗစ်ကိုလည်း ဘာမထီ xxx သေပေစေ xxx လက်ဖက်ရည် ခွက်ပုန်းဆွဲရင်း xxx ငါတို့သမ္မတကြီးတွေ ရှေ့ကိုချီ xxx ဆိုတဲ့ ပါတီအောင်နိုင်ရေးသီချင်းကို သံပြိုင်ဆိုရင်း ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ထောင်ဖို့ အိပ်လိုက်စားလိုက်နဲ့ တခဲနက် ကြိုးပမ်းနေခဲ့ကြတာပါ။


အခုလို လက်ဖက်ရည်ဆိုင်တွေ ပေါ်ပေါ်တင်တင် ဖွင့်ခွင့်ရပြီဆိုတော့ ကျွန်တော်တို့ပါတီက ယူဂျီ ဘဝကိုစွန့်လွှတ်ပြီး ဆိုင်ပေါ်ပါတီ အသွင်ပြောင်းလို့ ပြောင်ပြောင်တင်းတင်း ဆွေးနွေးနေကြပါပြီ။

ကဲ မင်္ဂလာ အချိန်ကျပြီမို့ ဆွေးနွေးပွဲ စလိုက်ကြပါစို့။

သဘာပတိကြီးများနဲ့ ဥက္ကဌကြီးများခင်ဗျား - သမ္မတကြီးများပါတီ ပထမအကြိမ် စည်းဝေးပွဲ အဖွင့်မိန့်ခွန်းပြောကြားပေးပါရန် ဖိတ်ကြားအပ်ပါသည် ခင်ဗျား။

ကျွန်တော်တို့ပါတီဝင် အားလုံးက သာဘာပတိကြီးတွေဖြစ်သလို ဥက္ကဌကြီးတွေလည်း ဖြစ်တာကြောင့် တစ်ယောက်တစ်ပေါက် ပြိုင်တူပြောကြပါတယ်။ တစ်ယောက်ပြောတာကို တစ်ယောက်နားထောင်စရာ မလိုပါ။ အားလုံးတန်းတူညီတူ အခွင့်အရေးရရှိထားသူတွေ။ ဒီအစည်းအဝေးမှာ အသံအကျယ်ဆုံးလူ အာဘောင်အာရင်း အသန်ဆုံးလူက အစည်းဝေးကို ဦးဆောင်သွားပြီး ဆုံးဖြတ်ချက်တွေ တစ်ခုပြီးတစ်ခု ချမှတ်နိုင်ခဲ့ပါတယ်။

အစည်းအဝေးရဲ့ ပထမဆုံးနဲ့ အရင်ဆုံး လုပ်ရမယ့်လုပ်ငန်းက ရံပုံငွေရရှိရေး ဖြစ်ကြောင်း အတည်ပြုကြပါတယ်။

တစ်နည်းအားဖြင့် ဘော်ချက်ရေး ပရော်ဂျက်ကို အောင်မြင်စွာ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

လိုတိုရှင်းပြောရရင်တော့ ချက်ချင်း အမတ်ဖြစ်ချင်သူတွေအတွက် အလွယ်ဆုံးနဲ့ အမြန်ဆုံး အမတ်လုပ်နည်း ကျူရှင်ဖွင့်ပြီး ရံပုံငွေရှာဖို့ပါပဲ။

အဲဒီဆွေးနွေးပွဲမှာ အမတ်ဖြစ်ချင်သူတွေဟာ ဘယ်လိုအရည်အချင်းတွေ ပြည့်မီဖို့ လိုအပ်သလဲဆိုတာ ဆွေးနွေးကြပါတယ်။

၁။ အမတ်ဖြစ်ချင်သူဟာ စိတ်ရောဂါရှိသူ ဖြစ်ရပါမယ်။ အထူးသဖြင့် စိတ်ကြွရောဂါရှိသူ ဖြစ်ရပါမယ်။ သူကိုယ်တိုင်က စိတ်ကြွနေမှ လူထုကို စိတ်ဓါတ်တက်ကြွအောင် ဆွဲဆောင်နိုင်မယ် မဟုတ်ပါလား။

၂။ ကိုယ့်အပြစ်ကို သူများအပြစ်ဖြစ်အောင် ပြောတတ်ရပါမယ်။ အရင်အစိုးရတွေတုန်းက ကုန်ဈေးနှုန်းတက်တာ အမြတ်ကြီးစား အရင်းရှင်တွေကြောင့်၊ တိုင်းပြည်မတိုးတက်တာ ဗကပ တွေကြောင့်၊ လူငယ်တွေပျက်စီးတာ အနောက်တိုင်းနိုင်ငံတွေကြောင့်၊ လက်ဝဲ လက်ယာ အဖျက်သမား သတိထားဆိုတဲ့ ကြွေးကြော်သံတွေနဲ့ နှစ်ပေါင်း ငါးဆယ်ကျော် အုပ်ချုပ်သွားခဲ့တယ် မဟုတ်လား။ အဲဒီလောက်တောင် အဖြစ်မရှိရင် ဒီမိုအမတ်ဖြစ်ဖို့ စိတ်နဲ့တောင် မရည်ရွယ်မိပါစေနဲ့။

၃။ ပြည်သူပြည်သားတွေကို အလုပ်အကြွေးပြုရပါမယ်။ အဲဒါကြောင့် အမတ်လောင်းရဲ့ ဇနီးဟာ ပြည်မြို့သူ ဖြစ်ရပါမယ်။ ယောက်က္ခမနဲ့ ယောက်ဖတွေဟာ ပြည်မြို့မှာ အမှန်တကယ် မွေးဖွားသူများဖြစ်ဖို့ လိုပါတယ်။

၄။ လွှတ်တော်မှာ ဥပဒေရေးရာ ဆွေးနွေးတဲ့အခါ မျက်စိဖွင့်ပြီး အိပ်နိုင်ရပါမယ်။

၅။ မိမိအရွေးခံရတဲ့ မဲဆန္ဒနယ်ကို ကိုယ်စားပြုပြီး ဝါးစရာရှိရင် ဦးလှည်မသုန် စားတတ် ဝါးတတ်ရပါမယ်။ သင် စားထားဝါးထားမှ သင့်ပါတီခေါင်းဆောင်တွေကို ငွေထောက်ပံ့နိုင်မှာပါ။ ဒါမှ သင်လည်း နောက်တစ်ကြိမ်ရွေးကောက်ပွဲဝင်ဖို့ အမတ်လောင်းအဖြစ် အရွေးခံရမှာပါ။

၆။ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်တတ်ရပါမယ်။ ဘာတစ်ခုမှ မယ်မယ်ရရ တတ်စရာမလိုပါ။ သင်တစ်ခုခုကို တကယ်တတ်နေရင် တခုခုကိုသာ လုပ်နေမှာမို့ ဘာမှ မတတ်သူတွေက သင့်ခေါင်းဆောင်တွေ ဖြစ်သွားပါလိမ့်မယ်။ အဲဒါကြောင့် သင်ကိုယ်တိုင် ဘာမှမတတ်ဖို့ လိုပါတယ်။ အဲဒါမှ သင်ခေါင်းဆောင်နိုင်မှာဖြစ်ပါတယ်။ တတ်တဲ့သူတွေ လုပ်လုပ်ကြပြီး မတတ်သူတဲ့သူတွေက ခေါင်းဆောင်လုပ်ကြတယ်ဆိုတဲ့ စကားကို ခါးဝတ်ဘောင်းဘီဝတ်သလို မြဲမြဲ ဝတ်ထားပါ။

၇။ မဲဆန္ဒရှင်တွေရဲ့ လိုအပ်ချက်တွေကို ဖြစ်နိုင်တာ မဖြစ်နိုင်တာ စဉ်းစားမနေဘဲ ဖြစ်အောင်လုပ်ပေးမယ်လို့ ကတိတွေပေးရပါမယ်။ အဲဒီအတွက် မျက်နှာပူစရာမလိုပါ။ သင် မျက်နှာကို ကိုဗစ်မျက်နှာဖုံးက ကာကွယ်ထားပြီးသားပါ။ မစိုးရိမ်ပါနဲ့။

၈။ သမိုင်းဂုဏ်ရောင်ပြောင်တဲ့ ကမ္ဘာကျော်လုပ်ရပ်များကိုလည်း လုပ်ပြနိုင်ရပါမယ်။ ဥပမာ ရထားလမ်းမရှိတဲ့ ဘူတာရုံ တည်ဆောက်ပြခြင်းမျိုး။ ဝါးတွေကိုသုံးပြီး ကွန်ကရစ် မြစ်ကူးတံတားတွေ ဆောက်ပြခြင်းမျိုး။ အဆင်းရဲဆုံးနိုင်ငံဖြစ်ပေမယ့် ပြည်တွင်းစစ်ကို အကြာဆုံးဖြစ်အောင်တိုက်ပြနိုင်တာမျိုး။

သင့်ကို အထက်ပါအရည်အချင်းတွေ အချိန်တိုအတွင်း ဖြည့်ဆည်းပေးမှာမို့ ကျွန်တော်တို့ သမ္မတကြီးများပါတီရဲ့ အမတ်လောင်းကျူရှင်ကို တက်ဖြစ်အောင် တက်ကြပါ။
ကျူရှင်ကြေးကတော့ တစ်ယောက် တစ်မတ်ဖြစ်ပါတယ်။ အကြွေစေ့ကိုသာ လက်ခံပါတယ်။ ဗီဇာကတ်နဲ့လည်း ပေးသွင်းနိုင်ပါတယ်။ zoom နဲ့ တစ်ရက် ၂ နာရီသင်ကြားမှာဖြစ်ပါတယ်။

သင်ကြားမယ်ဆရာတွေကတော့ တစ်ခါမှ အရွေးမခံဘဲ လွှတ်တော်ထဲ မျက်နှာပြောင်ပြောင်နဲ့ ဝင်ထိုင်နေသူများဖြစ်ပါတယ်။ (မှတ်ချက် - လွှတ်တော်မရှိတဲ့အချိန် တံမျက်စည်းလှည်းရင်း ညောင်းလို့ခဏထိုင်သူများကိုသာ ဆိုလိုတာဖြစ်ပါတယ်။)

သားကြီးမောင်ဇေယျ (၁၆-၆-၂၀၂၀)