Breaking News

ဇင်လင်း - စစ်မက်ကင်းစင်သော ရွေးကောက်ပွဲဖြစ်ရန် ဒီမိုကရေစီလိုလားသူတိုင်း၌ တာဝန်ရှိသည်



ဇင်လင်း - စစ်မက်ကင်းစင်သော ရွေးကောက်ပွဲဖြစ်ရန် ဒီမိုကရေစီလိုလားသူတိုင်း၌ တာဝန်ရှိသည်

(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၀


မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က နိုဝင်ဘာ ၈ ရက်နေ့(သီတင်းကျွတ်လပြည့်ကျော် ၈ ရက်)တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်သည်။ ကမ္ဘာ့ကပ်ရောဂါ Covid-19 ထိန်းချုပ်ရေး ပြဿနာ အကျပ်အတည်းရှိနေဆဲဖြစ်၍လည်းကောင်း၊ ကပ်ရောဂါကြောင့် မြန်မာ့စီးပွားရေး ဂျီဒီပီဖွံ့ဖြိုးတိုးတက်မှုနှုန်း (ဝ ဒဿမ ၅) အထိကျဆင်းသွားမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းလိုက်၍လည်းကောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝ ဒေသ တစ်ဝိုက်တို့၌ တိုက်ပွဲအရှိန်မြင့်တက်နေ၍လည်းကောင်း၊ ရွေးကောက်ပွဲကျင်းပမည့်ရက် ရွေ့သွားနိုင်သည်ဟု အတိုက်အခံပါတီများနှင့် နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ခန့်မှန်းပြောဆိုနေချိန်တွင် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက မူလအစီအစဉ်အတိုင်း ရွေးကောက်ပွဲ ကျင်းပ မည့်ရက်ကို ကြေညာလိုက်ခြင်းဖြစ်သည်။ ယခုကဲ့သို့ အစိုးရက ဣန္ဒြေရရ မူလစီစဉ်ထားသည့်အတိုင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာလိုက်သည်ကို ကြည့်ခြင်းအားဖြင့် အာဏာရပါတီအနေဖြင့် ရှေ့အလားအလာကို ယုံကြည်မှု ရှိနေပုံရပေသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလယှဉ်ပြိုင်မည့်သူများအနေဖြင့် ကိုယ်စားလှယ် လောင်းအမည်စာရင်းများကို ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်၍ တင်သွင်းကြရန်နှင့် ၂၀၂၀ သြဂုတ်လ ၇ ရက်နေ့ နောက် ဆုံးထားပေးပို့ကြရန်လည်း ကော်မရှင်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ အလားတူ ဇွန်လ ၂၉ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် အသီးသီးတို့အတွက် မဲဆန္ဒနယ် စာရင်းများ ထုတ်ပြန် ကြေညာခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန်ချက်၌ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်းနှင့် မိုင်းမောမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပသွားမည်ဟု ဆိုသည်။ အထူးသဖြင့် စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင်လည်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ရခိုင်ပြည်နယ် မဲဆန္ဒနယ်များအပါအဝင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ပေါင်း ၃၃၀ တွင်လည်းကောင်း၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် (၁၆၈) နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၆၄၄) နယ် တွင်လည်းကောင်း၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ရွေးကေက်ပွဲကော်မရှင်၏ ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ဇွန်လ ၂၆ ရက်နေ့က နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် (Code of conduct) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC နှင့် နိုင်ငံရေးပါတီအချို့ လက်မှတ်ရေးထိုးခဲ့ကြ သကဲ့သို့ ဇွန်လ ၂၇ ရက်နေ့ တွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC နှင် နိုင်ငံရေးပါတီများ ထပ်မံတွေ့ဆုံခဲ့ ကြ၍ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။သည်။

သို့ရာတွင် ရွေးကောက်ပွဲကိစ္စသည် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွားရေးတို့နှင့် တိုက်ရိုက်ဆက်စပ်နေသည်ဖြစ်ရာ ရက်ပေါင်း ၁၂၀ ခန့်အတွင်း တည်ငြိမ်အေးချမ်းမှု မပျက်ပြားဖို့အရေးကြီးပေသည်။ တည်ငြိမ်အေးချမ်းမှု အခြေအနေ ကောင်းမွန်စေရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် COVID-19 ကာလ အတွင်း ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-(၂၁) ရာစုပင်လုံ ကျင်းပနိုင်ရေးအတွက် ညီလာခံကျင်းပရေးဗဟို ကော်မတီအစည်းအဝေးကို ဇွန်လ ၃၀ ရက်က နေပြည်တော် ၌ ကျင်းပခဲ့ကြောင်း 7Day News အရ သိရသည်။

အစည်းအဝေးသို့ ညီလာခံကျင်းပရေး ဗဟိုကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဖိတ်ကြားရေး၊ ဧည့်ခံရေး၊ လုံခြုံရေး၊ ကျန်းမာရေး အပါအဝင် ညီလာခံကျင်းပနိုင်ရေး တာဝန်ယူဆောင်ရွက်မည့် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးအချို့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ရဲချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း အမျိုး သား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)က ဇူလိုင် ၁ ရက်တွင် သတင်းထုတ် ပြန်ခဲ့သည်။ COVID-19 ရောဂါသည် ငြိမ်းချမ်းရေးလမ်းစဉ်ကိုလည်း နှောင့်နှေးမှု ဖြစ်စေခဲ့သည်။ ကိုဗစ်-၁၉ ကိစ္စ မဖြစ်ပွားခဲ့ပါက ညီလာခံကို သုံးလခန့်စော၍ ကျင်းပနိုင်မည်ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ဆိုသည်။ အစိုးရ၊ တပ်မတော် နှင့် NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထိပ်သီးခေါင်းဆောင်များ တက်ရောက်သည့် NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) ကျင်းပပြီးနောက် အခြေအနေကောင်းမွန်တိုးတက်ခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီး က ပြောသည်။

JICM ကို ၂၀၂၀ ဇန်နဝါရီ ၈ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး စတုတ္ထ အကြိမ် ၂၁ရာစု ပင်လုံညီလာခံ ဧပြီလထက် နောက်မကျဘဲ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ဆွေးနွေးမှုများ မပြီးပြတ်မီ COVID-19 ရောဂါဖြစ်ပွားခြင်းကြောင့် ရွှေဆိုင်းခဲ့ရသည်။ ယခု ၂၀၂၀ ဩဂုတ် ဒုတိယပတ်တွင် ကျင်းပရန် နှစ်ဖက်သဘောတူထားသည်ဟု သိရသည်။ လတ်တလောတွင် ငြိမ်းချမ်းရေးခရီးစဉ် အရေးကြီးသဖြင့် ရောဂါထိန်းချုပ်နိုင်သည့် အခြေအနေတွင် New Normal ပုံစံဖြင့် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-(၂၁)ရာစုပင်လုံကို ကျင်းပရန်စီစဉ်ရခြင်းဖြစ်သည်ဟု ဦးကျော်တင့်ဆွေက ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံကို COVID-19 ကာလအတွင်း ကျင်းပရမည် ဖြစ်သော်လည်း ညီလာခံ တွင် အလွှာစုံမှ ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်လာရေး ကြိုးပမ်းသင့်သည်ဟု NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ (NCA-S-EAO) ၏ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြောင်း 7Day News အရ သိရသည်။ ၂၁-ရာစု ပင်လုံညီလာခံ စတုတ္ထ အစည်းအဝေးကို လာမည့် ဩဂုတ်တွင်ကျင်းပရန် သဘောတူလျာထား ပြီးဖြစ်၍ အချိန်မီ ကျင်းပနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်းလည်း RCSS ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသော နိုင်ငံရေးပါတီများအနေဖြင့် ကြိုတင်ပြင်ဆင်ချိန် လုံ လောက်စွာ ရရှိရေး ထည့်သွင်းစဉ်းစားရမည်ဟုလည်း ဗိုလ်မှူးကြီးစိုင်းငင်းက ဆိုသည်။

ပအိုဝ်းလက်နက်ကိုင်အဖွဲ့(PNLO) ဒု-ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကလည်း အစိုးရနှင့် အပစ်ရပ်ဆယ်ဖွဲ့NCA-S-EAO သည် ပြည် ထောင်စုသဘောတူစာချုပ် Union Accord-3 တွင် ထည့်သွင်းချုပ်ဆိုမည့် အချက်အလက်များကို အထပ်ထပ် အပြန်ပြန် ဆွေးနွေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထား သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (NCA-S EAO)၏ တတိယနေ့ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၄) ရက်နေ့တွင် ရန်ကုန် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင် ဆက်လက် ကျင်းပခဲ့ကြောင်း ဦးလှမောင်ရွှေက သူ၏ Facebook ၌ ဖေါ်ပြခဲ့သည်။ အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အမျိုးသားပြန်လည်သင့်မြတ်ရေနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဒု-ဥက္ကဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် အစိုးရကိုယ်စားလှယ် စုစုပေါင်း ( ၉ ) ဦးတက်ရောက်သည်ဟု သိရသည်။ NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှုးကြီးစိုင်းငင်း ဦးဆောင်သည့် EAO ကိုယ်စားလှယ် ၁၄ ဦးအနက် ၈ ဦး က NRPC ရုံး၌ ကိုယ်တိုင်တက်၍ ကျန်ကိုယ်စားလှယ်များ Online မှ တက်ရောက်သည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် (က) NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ (ခ) ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှု့များ၊ (ဂ) အခြေခံမူ သဘောတူညီချက်များ၊ (ဃ) ညီလာခံ ကျင်းပရန် ကိစ္စရပ်များ အစရှိသော ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်ဟု ဦးလှမောင်ရွှေက ဆိုသည်။ ဆွေးနွေးပွဲများ တိုးတက်မှု့ရှိကြောင်း၊ အခြားဆွေးနွေးစရာများကို ဇူလိုင် စတုထ္ထအပတ်တွင် ရန်ကုန် NRPC ရုံး၌ စုံညီစွာ တွေ့ဆုံ ဆွေးနွေး မည်ဖြစ်ပြီး၊ ထို့နောက်တွင် နေပြည်တော်တွင် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်၍ သြဂုတ်လ ဒုတိယ သီတင်းပတ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု ပင်လုံ စတုထ္ထအစည်းအဝေးကို ကျင်းပသွားမည် ဟု ဆိုသည်။

အဆိုပါ ၂၁-ရာစုပင်လုံညီလာခံသည် ပဏာမငြိမ်းချမ်းရေးလမ်းခင်းခြင်းဖြစ်၍ အဆင်ပြေချောမွေ့ရန် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်လေးဖွဲ့ ပါဝင်တက် ရောက်ရန် လိုသည်။ အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားမဟာမိတ်လေးဖွဲ့ကို ပါဝင်လာစေရန် လမ်းဖွင့်ပေးမှသာ ပဏာမ ငြိမ်းချမ်းရေး လမ်းခင်းရန် အခြေအနေပေါ်လာနိုင်မည်ဖြစ်သည်။ ယင်းသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆင့်တက်နိုင် အောင် ကြံဆောင်နိုင်ပါက လာမည့် နိုဝင်ဘာ (၈) အထွေထွေ ရွေးကောက်ပွဲ ရာနှုန်းပြည့် အောင်မြင် နိုင်မည်ဖြစ်သည်။ ရာနှုန်းပြည့်အောင်မြင်နိုင်ခြင်း ရှိ/မရှိ ထည့်သွင်းစဉ်းစားရခြင်းမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ရခိုင့်တပ်တော်(AA) နှင့် အစိုးရတပ်မတော်တို့အကြား အရှိန်မြင့်နေသော တိုက်ပွဲများကြောင့် ဖြစ်သည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုက်ပွဲများဖြစ်ပွားနေသော ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များအပါအဝင် တစ်နိုင်ငံ လုံးရှိ မဲဆန္ဒနယ်အားလုံးတွင် ကျင်းပနိုင်အောင် စီစဉ်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့် ရှိသူ ဦးမြင့်နိုင် ပြောသည်။ တိုက်ပွဲတွေဖြစ်ပွားလျှက်ရှိသော ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လွတ်လပ်မှု လုံခြုံမှု ရှိ/မရှိ၊ ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခြေအနေ ရှိ/မရှိ ဆိုသည်ကို ဆန်းစစ်နိုင်ရန် အစိုးရအဖွဲ့က သက်ဆိုင်ရာ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့ကို မေးမြန်ထားကြောင်း သိရသည်။ အတတ်နိုင်ဆုံး ကြိုးပမ်း၍ ရွေးကောက်ပွဲများ ကျင်းပနိုင်အောင် စီစဉ်ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဇူလိုင် ၃ ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ပြောကြားခဲ့သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဒေသခံများ စစ်ဘေး ရှောင်နေရပြီး၊ တာဝန်ယူမည့် အုပ်ချုပ်ရေးမှူးများလည်း မရှိသဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မသေချာကြောင်း RFA သတင်းသို့ ပြောကြောင်း သိရသည်။ တိုက်ပွဲများ နေစဉ်လိုလို ဖြစ်ပွားနေသဖြင့် ဒေသခံများ စစ်ရှောင်စခန်းများသို့ သွား ရောက်ခိုလှုံနေကြရ၍ မဲစာရင်းကိစ္စ၊ မဲရုံစောင့်ရှောက်ရေးကိစ္စများအတွက် အခက်အခဲရှိကြောင်း သူကဆိုသည်။ မြို့နယ် ဆယ်မြို့အနက် စစ်တွေနှင့်ပေါက်တော နှစ်မြို့နယ်မျှသာ ကျင်းပနိုင်ဖွယ်ရှိကြောင်း၊ မဲစာရင်း ကောက်ယူထားပြီးဖြစ်သည် ဆိုသော်လည်း ဒေသခံများဘက်က ထိုသို့စာရင်းကောက်ယူမှုမျိုး မရှိကြောင်း တုန့်ပြန်ပြောဆိုနေကြသည်ဟု ဦးမျိုးကျော် က ဆိုသည်။

ရခိုင်ပြည်နယ်တွင် နေထိုင်သော ပြည်သူများ၏ ဆန္ဒကို ရွေးကောက်ပွဲတွင် ပါဝင်စေချင်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောကြောင်း သိရသည်။ ရခိုင်ဒေသတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်စေရန် အစိုးရ၊ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့က ဒေသခံ ပြည်သူလူထု၏ ဆန္ဒသဘောထား ကို လေးစားသောအားဖြင့် တိုက်ပွဲများရပ်၍ ဆန္ဒမဲပေးနိုင်အောင် စီမံပေးနိုင်လျှင် ကောင်းမည်ဟု မျှော်လင့်ကြောင်း၊ ဒေါက်တာ နန္ဒာလှမြင့်က ဆိုသည်။

ရခိုင်ပြည်နယ်တစ်ခုတည်းကွက်ပြီး ရွေးကောက်ပွဲ မကျင်းပဘဲ ထားခဲ့ပါက၊ ဒီမိုကရေစီစနစ်ကို သွားသည်ဟု ခေါ်ဆို၍ မရ ကြောင်း၊ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က RFA သို့ ပြောကြောင်း သိရသည်။

“ဒီ ရွေးကောက်ပွဲ ကော်မရှင်အပေါ်မှာ မူတည်ပါတယ်။ အခုဆိုရင် ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲတွေ တော်တော် များ များ ခပ်စိပ်စိပ်ဖြစ်နေတာ တွေ့ရတယ်။ ဒီ တိုက်ပွဲတွေ ဘယ်လောက်အထိ အချိန်ကြာကြာသွားမလဲဆိုတာ ဘယ်သူမှ တိတိကျကျ ပြောလို့မရဘူး။ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင်တော့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ပြည်နယ်တိုင်း၊ မြို့နယ်တိုင်းမှာ ရွေးကောက်ပွဲတွေ ဖြစ်ဖို့အရေးကြီးပါတယ်။ အဲဒီတော့ ရခိုင် တစ်နေရာတည်းမှာ ကွက်ပြီးမဖြစ်ဘူး ဆိုတာလည်း ဒါ ဒီမိုကရေစီကို သွားနေတဲ့စနစ်လို့ ခေါ်ဆိုလို့မရပါဘူး။” ဟု ဒေါ်ခင်စောဝေ က ဆိုသည်။

ရက္ခိုင့်တပ်တော် AA နှင့် တပ်မတော်တို့အကြား လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၍ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် တိုင်ပင်ဆွေးနွေးနေ ကြောင်း ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဇွန်လ ၄ ရက်နေ့က ပြောသည်ဟု မီဒီယာသတင်းများက ဆိုသည်။ ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းရန် လိုသောကြောင့် ပြည်သူများ စိုးရိမ်ပူပန်မှုနှင့် အကြောက်တရားများ မရှိစေရန် ဆောင်ရွက်ပေးသင့်ကြောင်း မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ဝေဖန်ပြောဆိုသည်။

ယင်းသို့သော အခြေအနေကြောင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ရခိုင် ပြည်နယ်တွင် ကျင်းပရန် အစိုးရ (သို့မ ဟုတ်) ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရက္ခိုင့်တပ်တော် AA နှင့် ညှိနှိုင်းဆွေးနွေးရန် လိုအပ်သည်ဟု AA အဖွဲ့က BBC သို့ပြောခဲ့ဖူးသည်။ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် တစ်နယ်မျှ မကျန်ရစ်စေဘဲ ဆန္ဒမဲပေးနိုင်ရန် အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး စိတ်သဘောထားကျယ်ပြန့်စွာ ပူးပေါင်း ဆောင်ရွက်သင့်သည်။ ပြည်သူအားလုံး ပါဝင်ခွင့်ရရှိသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် သက်ဆိုင်သူအားလုံး၏ ဖြေလျှော့မှု၊ လိုက်လျောမှု၊ စိတ်ရှည်မှု၊ အမြင်ကျယ်မှုနှင့် ဒီမိုကရေစီလိုလားမှု စသည်တို့လိုအပ်သည်။ မတူကွဲပြားသည့် အမြင်များကို ဆွေးနွေး ညှိနှိုင်း အဖြေရှာရေး(Dialogue)နည်းလမ်းများဖြင့် လက်တွဲဆောင်ရွက်သင့်သည်။ သို့မှသာ တစ်နိုင်ငံလုံး အပစ်ရပ်ရေး ရလဒ်ကောင်းမည်။ နိုဝင်ဘာ (၈) အထွေထွေရွေးကောက်ပွဲအတွင်း မဲဆန္ဒနယ်အားလုံးတွင် မဲဆန္ဒရှင်များ စိုးရိမ်ထိတ်လန့် မှု မရှိဘဲ ဆန္ဒမဲပေးနိုင်ကြမည်။ အစိုးရနှင့် တပ်မတော်တို့က နိုင်ငံ၏ အနာဂတ် သာယာလှပစေရန် တစ်နိုင်ငံလုံး ယာယီ အပစ်အခတ်ရပ်စဲရေး ကြေညာပေးမည်ဆိုပါက သားရွှေအိုးထမ်းလာသည့်ကိန်း ဆိုက်လိမ့်မည်ဟု သုံးသပ်မိသည်။

ဒီလှိုင်းစာစောင်၊ အတွဲ ၉၊ အမှတ် ၂၀၊ ဇူလိုင် ၉ ရက် ၂၀၂၀၊ ၌ ဖေါ်ပြသည့် ဆောင်းပါး။