Breaking News

ဇော်သစ်ကြည် - ကျွန်တော်သိတဲ့ ကြောင်ကလေးတွေ

ကျွန်တော်သိတဲ့ ကြောင်ကလေးတွေ
ဇော်သစ်ကြည်
(မိုးမခ)ဇူလိုင် ၉၊ ၂၀၂၀

ကျွန်တော် ဖုန်းပွတ်နေတုန်းထင်ပါရဲ့၊ ကြောင်ကလေးဝင်လာသည်။ ကျွန်တော် ငုံ့မကြည့်ဘဲသိလိုက်သလို၊ သူကလည်း မော့ကြည့်မယ်မထင်။ သူ တစ်ခန်းဝင်တစ်ခန်းထွက် စားစရာရှာမည်။ ဘာမှမရှိရင် ဟိုခုန်ဒီခုန် အကောင်ပလောင် ဖမ်းစားမည်။ ပြီးရင် ပြန်ထွက်သွားမည်။ ဘယ်အိမ်ကမှန်းလည်း ခုထိမသိသေး။ သတိထားမိတာကတော့ နှစ်လ သုံးလလောက်ရှိပြီ။

မီးဖိုချောင်ထဲ အိုးဆေးခွက်ဆေးဝင်နေတုန်း သူ့ကို တစ်ခါတရံ အုတ်တံတိုင်းပေါ်မှာ တွေ့ရသည်။ အောင်မယ်… လူများ သူ့သခင်လိုလို အစာလှမ်းတောင်းတတ်သည်။ အရိုးအရင်းလေးများပစ်ချကျွေးရင် တဂျွတ်ဂျွတ်ဝါးနေတတ်သည်။ ဝါးပြီး မြိုချ၊ မြိုချသမျှ ကြေညက်နိုင်သလား။ လည်ချောင်းထဲညှပ်မနေဘူး လား၊ စောင့်ကြည့်နေမိသည်။

တစ်နေ့တော့ နောက်ကျနေသည်။ ကျွန်တော် တံခါးပိတ်ခါနီးမှဝင်မလို လုပ်နေသည်။ ကျွန်တော်မပိတ်သေးဘဲ သန့်စင်ခန်းဝင်၊ သွားတိုက်လုပ်နေလိုက်သည်။ တံခါးပေါက်နား ပြန်သွားတော့မှ သူက ထွက်သွားလေသည်။ အသံမပြုဘဲဝင်လာသလို၊ အသံမပြုဘဲထွက်သွားသည့်ကြောင်ကလေးပေါ့။

ကျွန်တော့်အိမ်မှာ ကြောင်ကလေးတစ်ကောင်မွေးဖူးခဲ့ပါသည်။ ကြွက်တွေ သောင်းကျန်းတုန်းကဖြစ်သည်။ ကြွက်က အိပ်နေတဲ့ကျွန်တော့်လက်ကိုလာကိုက်တော့ ကျွန်တော် ကြွက်တွေကို နှိမ်နင်းဖို့ စဉ်းစားလိုက်ရသည်။ အစကတော့ ကြွက်လည်းအသက်နဲ့လေလို့ မေတ္တာပွားနေမိသည်။ ကြွက်လျှောက်လမ်းကို ဟပေးခဲ့သည်။ သပ်ရပ်ခြင်းဖြင့်သာ မနေနိုင်အောင်လုပ်ခဲ့သည်။ အစားအစာတွေကို လုံအောင်ဖုံးဖိခဲ့သည်။ သို့သော် ကြွက်တွေသည် ဒိန်ခဲကိုသာမက ထန်းလျက်ကိုလည်း ကိုက်ဖြတ်ပစ်ကြသည်။

မြို့ပေါ်ရောက်တော့ ကြွက်ထောင်ချောက်ကလေးတစ်ခု ဝယ်ခဲ့ပါသည်။ အထဲဝင်အစာစားရင် အဖုံးကျပိတ်သွားတဲ့ထောင်ချောက်လေးဖြစ်သည်။ နောက်တော့ ကြွက်ထောင်ချောက်ကလေးထဲ ပိုးဟပ်တွေသာ ဝင်စားပါသည်။ ဆန်စေ့ကြွက်ဆေး ချပါသည်။ ဘေးအိမ်က ကြက်တွေသာ သေကုန်သည်။ ကြက်ငှက်တုပ်ကွေးနဲ့ မှားလောက်ပါသည်။ ဒီတော့ အထိရောက်ဆုံးသဘာဝရန်သူတော်ကို မိတ်ဆက်ပေးလိုက်ပါသည်။

ဘုန်းကြီးကျောင်းကို ရောက်တော့ အခန့်သင့်စွာ နို့ခွဲစကြောင်ပေါက်ကလေးတွေကို တွေ့လိုက်ရသည်။ တစ်ကောင်နဲ့တစ်ကောင် လုံးထွေးဆော့ကစားနေသည်မှာ အသည်းအူ ယားဖွယ်။ ကျွန်တော့်သမီးလေးပြောသလို အူယားဖွယ်။ ဆရာတော်က အနက်ကပိုစွမ်းတာပေါ့ဆိုကာ ကပ္ပိယကြီးကို ခြင်တစ်လုံးနဲ့ ဖမ်းထည့်ခိုင်းလိုက်သည်။ အိမ်ရောက်တော့ ဟိုဟာ မစား၊ ဒီဟာမစားလုပ်နေလို့ ကြောင်စာအနီခဲလေးတွေ ဝယ်ကျွေးလိုက်ရပါသည်။ မြို့ကပြန်ရောက်တိုင်း ခြံတံခါးဝမှာ သမီးရယ်၊ ကြောင်လေးရယ် အမြဲကြိုနေတတ်သည်။ သမီးလေးက ဆံပင်ကြက်တောင် ထောင်သလို ကြောင်ကလေးကလည်း အမြီးတထောင်ထောင်ပေါ့။

ညစာကျွေးရင် ကြွက်မခုတ်တော့ဘူးဆိုလို့ ညစာ မကျွေးတော့။ ကြောင်ကလေးက စွမ်းရှာပါ့၊ ကြွက်သံ မကြားရတော့။ တစ်ခါက သူ့ထက်နှစ်ဆလောက်ကြီးတဲ့ ကြွက်တစ်ကောင်ကိုဖမ်းလာတော့ ဇနီးသည်က
လက်တို့ပြပါသည်။ မြွေချီလာလို့ လိုက်ခြောက်ရတာမျိုးလည်း ရှိသည်။ သစ်ပင်ပေါ်က ငှက်ကိုတောင် တက်ချောင်းနေတဲ့ကောင်ပေါ့။ ပုစွန်ကိုသာ ကျွတ်ကျွတ်ဝါးနိုင်ပေမယ့် ပုတ်သင်၊ တောက်တဲ့တွေစားထားရင်တော့ ပြန်အန်ထွက်ကုန်သည်။ ပထမ ကျွန်တော့်ဇနီးသည်ခမျာ အော်ဂလီဆန်နေခဲ့သည်။ အိမ်နီးချင်းဘကြီးတစ်ယောက်က ကြောင်အန်တော့ အကြံအောင်တာပေါ့လို့ မြှောက်ပေးလိုက်မှ မရွံ့တတ်တော့ပေ။ စကားတစ်ခွန်းဟာ ပြောင်းလဲပေးနိုင်တယ်ပေါ့။

ကြောင်မှတဆင့် ရောဂါဘယတွေရနိုင်တယ်တဲ့။ ကျွန်တော့်သမီးလေးအတွက် စိုးရိမ်လို့ ပြောပြောနေရပါ သည်။ ကြောင်ကလေးက ကြောင်ကြီး ဖြစ်လာသည်။ အိမ်လာတဲ့တချို့ကလေးတွေ ကြောက်ရလောက်အောင် ကြီးလာသည်။ အမွှေးအမျှင်တွေက နက်မှောင်၊ မျက်လုံးတွေက ဝါလက်လက်မို့ ပိုကြောက်စရာ ဖြစ်နေသည်။ သမီးကတော့ ကြောင်ကြီးနဲ့ အမြဲဆော့နေ ကစားနေလေ့ရှိသည်။ ပေါင်ပေါ်တက်နေရင် သမီးက နောက်ကို လက်ထောက်ထားရသည်။ ထမယ်သွားမယ်လုပ်လို့ အောက်ချရင် အတင်းကုတ်ထားတတ်လို့ သမီးပေါင်မှာ ကြောင်ခြစ်ရာတွေတောင် ဖြစ်တတ်သည်။

တစ်ခါကလည်း သမီးမျက်လုံးထဲ ကြောင်သန်းတစ်ကောင်ဝင်စွဲနေလို့ မြို့တက်မျက်စိဆေးခန်းပြပေးရသည်။ ကြောင်ကိုမလိုချင်တော့။

ပြာသိုလထဲအရောက် ကြောင်ကြီး ညတိုင်း အိမ်လည်ထွက်သည်။ မနက်မိုးလင်းမှ ပြန်လာလေ့ရှိသည်။ သုံးလေးငါးည။ နောက်၊ မနက် ပြန်မရောက်တော့။ အမျိုးသမီးက ကျွန်တော့်ကိုမသင်္ကာသလို ကြည့်နေသည်။ ကျွန်တော်က ဘာမှနားမလည်သလို ပြန်ကြည့်လိုက်သည်။ အင်းလေးဒေသမှာ ကြောင်လိုက် မုဆိုးတွေ ရှိနေသည်။ ကျွန်တော်နဲ့လည်း ရင်းနှီးသည်။ သူတို့ပြောတဲ့ကြောင်ကတိုးသား၊ တောကြောင်သားတွေကိုသာ ခုံမင်သည်။ အဲဒီညက ကျွန်တော် အိမ်ပြင်မထွက်တော့။

နောက်ရက်လည်း ပြန်ရောက်မလာ၊ အလည်လွန်တာလို့ ဖြေတွေးနေမိသည်။ ရေခွက်ကလေးကို အနည်အမှုန်တွေလှုပ်ဆေးပြီး အသစ်လဲပေးသည်။ သူကြိုက်တဲ့ကြောင်စာနီနီခဲလေးတွေကိုချည်းပဲ ထည့်ပေးထားသည်။ သမီးလေးက တီဗွီကိုဖွင့်ထားပေမယ့် ပေါင်ပေါ်တင်ထားတဲ့ ခေါင်းဦးလေးပေါ်မှာ ခွေနေသည်။ မီးဖိုချောင်ထဲက အမျိုးသမီးကတော့ ကြောင်သံကြားတိုင်း ခေါင်းထောင်ကြည့်နေသည်။

ကျွန်တော်တို့ သုံးယောက်သဘောတူ ဆုံးဖြတ်ချက်ချလိုက်မိသည်။ နောင် ဘာကောင်မှ မမွေးတော့။ ခုထိ ဒီစာချုပ်ဟာ အသက်ဝင်နေသေးသည်။
ကျွန်တော်ကြည့်လိုက်တော့ ကြောင်ကလေး ဘယ်ရောက်သွားမှန်းမသိ။ ကြောင်ဝါကလေး။ အသံမပေး ဘာမပေးဘဲ အိမ်ထဲ ဝင်လာသည်၊ ပြီးရင် ပြန်ထွက်သွားသည်။

ဇော်သစ်ကြည်
၂၄.၆.၂၀၂၀
မနက် ၁ဝနာရီ ၃၇ မိနစ်။