Breaking News

ဆောင်းယွန်းလ - "သိမှုများအကြောင်း"



ဆောင်းယွန်းလ - "သိမှုများအကြောင်း"

(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၀

မနက်ကိုခင်းဖို့ ဖျာမလိုပါဘူး
ညနေကိုစောင်းဖို့ကော
ဘေးတိုက်လမ်းလျှောက်ငေးမောဖို့ လိုလို့လား

နေ့တွေထဲ အတည့်လျှောက်ဖို့အတွက်
နာရီလက်တံက ပုံမှန်လည်ပတ်ဆဲဘဲ

သဲသဲကွဲကွဲ မြင်သမျှမှာ
အရာရာအားလုံးက
အပေါင်းအနှုတ်မရှိတဲ့ လက္ခဏာတွေပေါ့

စိတ်ရဲ့အလျှော့အတင်းအတိုင်း
သက်တောင့်သက်သာ လှိုင်းစီးနေလိုက်ရုံသာ

ခဏတာလေးကိုများ ဘာတွေနဲ့ မျှားဖို့လိုလို့လဲ
စွဲစွဲလမ်းလမ်းမဖြစ်သမျှ
နေရောင်ခြည်ဟာ ကိုယ့်အပေါ်ကိုအတည့်ကျတယ်

အလှည့်ကို စောင့်နေရမလား
အတည့်ကို ဖြောင့်အောင်သွားနေရမလား
စဉ်းစားစရာမလိုအပ်ခြင်းကိုများ
ဘာလို့ များများစားစားတွေးရမှာလဲ

အေးရာအေးကြောင်းမှာ
ချောင်းပေါက်အောင် လျှောက်ရင်း
လေပြေညင်းထဲက ပန်းရနံ့ကိုရှာရုံသက်သက်မှာ
ဒဏ်ရာအနာတရမရှိကြောင်းနဲ့
ကိုယ့်ကိုယ်ကို သတိရမိတယ်။

ဆောင်းယွန်းလ