Breaking News

မနောကြာ၊ သင်းရည်လွင်၊ ခက်ဦးတို့၏ ကြေကွဲဖွယ်ဖားကန့်ဖြစ်ရပ်အပေါ်ခံစားမှုကဗျာများ

ဖားကန့်
မနောကြာ

အိပ်မက်တွေဟာ
အသက်တွေလည်း ဖြစ်တယ်
သယံဇာတ ကျိန်စာလား
ဘယ်သူ့ကျိန်စာလဲ
အောက်ဆုံးအလွှာတွေ ဟာ
အထိအနာဆုံး ပဲ

ဖားကန့်
မင်း ကိုယ်ကာယအတွင်းသားကို
ထိုးခွဲ 
မင်းအသွေးအသား နဲ့ အသက်ဆက်နေရတဲ့
ဘဝတွေပါဟာ
အစကတည်းက
ဖက်နဲ့ထုပ်ပြီးသား

ဖားကန့်
သူတို့တွေဟာ
ဆင်းရဲမွဲတေခြင်းရဲ့
ဓားစာခံတွေပါ 
တရားခံမဟုတ်ဘူး ဖားကန့်

လောဘရဲ့ ခေါင်းကိုင်ဖခင်တွေက
နင့်အဝေးကနေ ကြိုးကိုင်နေကြ
တရားခံ အစစ်တွေက တော့
ထွက်ပြေးလွတ်မြောက်​နေကြ
ဘဝတပါးကို ဓားစားခံ နဲ့ တရားခံ
အလွဲလွဲ အမှားမှားနင်ဆွဲ ခေါ်သွားခဲ့ပေါ့
ဖားကန့်... ။

2/7/2020
....
ကျွန်တော်ဖတ်နေရသောကျိန်စာ
သင်းရည်လွင်

ကမ္ဘာမြေအသည်းကွဲနေကြောင်း  
ပဲ့ကျသွားသောတောင်တန်းများကိုငေးရင်း
တိုးတိုးပြောမိပြန်ပြီ၊

ကိုယ်ချင်းစာစိတ်ကို ဘယ်လိုရှင်သန်အောင်စိုက်ပျိုးရမလဲ၊   
လူငယ်လေးဟာ ဘယ်အချိန်  
နစ်မြုတ်မယ်မသိရတဲ့
သင်္ဘောပေါ်မှာတစ်သက်လုံးစောင့်စားလျက်
ပင်ရှိသေးသည်။

ဘယ်သူအိမ်ပြန်ရောက်မယ်ဆိုတာမေ့ပြီး
သူတို့ထီထိုးထားသလိုမျှော်စင်ရှိရာသွားနေကြ၊

လူအချို့ကောင်းကင်ကိုကြည့်ရန် ကမ်းစပ်တစ်ခုဆီထွက်ခါွ၊ 
လူအချို့ အစားအစာရရန် သေမင်းဆီသို့ထွက်ခွါ၊

ဝမ်းနည်းပူဆွေး စိုးရိမ်မှုလှိုင်းများ
မိတ်ဆွေတစ်ယောက်နှင့်စကားလက်ဆုံကျနေသလို၊ 
စကားသံတစ်လုံးချင်း၊ 
လေပြေတစ်ခုလို တိုးသွားလိုက်၊ 
ကျယ်လာလိုက်၊

ပုရွက်ဆိတ်တွင်းထဲရေဝင်သွားတာလား
ကျင်းထဲပိတ်မိနေတဲ့ဂဏာန်းကောင်တွေလား
မြင်ကွင်းကတစ်ဖက်သတ်အပစ်ခံရသော
သတ်ကွင်းတစ်ခုဖြစ်သည်၊
အဝေးကြီးကလှမ်းမြင်ရသည်၊

မေခလာ"မရောက်သောပင်လယ်ဖြစ်သည်၊
မေ့ထားခြင်းခံရသော ငါးစာများဖြစ်သည်၊

နေ့ရက်တို့ခန်းနားရန်ယစ်ပူဇော်သော
အရိုင်းဆန်ဆန်သွေးများစီးဆင်း
အသက်ထက်အရေးကြီးရသူတွေ၊

ဆုတောင်းတို့မပြည့်တတ်ကြောင်း
လက်တစ်ဖက်သာပေါ်နေသော အမည်မသိ
လူမြင်ရင် မမှတ်မိသော 
လူတစ်ယောက်ဖြစ်သည်ဟုသေချာသော
သစ်သီးတစ်လုံးကြွေတာကိုအမှတ်မထားသလို
အော်ဟစ်နေ၊

ကျိန်စာက ဘယ်သူရေးတာလဲမေးရန်
ဘုရားသခင္ထံအမွာပါးရမလား​ မသိပါ
အသက်ရှင်နေထိုင်ရန်အတွက် ဘဝသည်တိုလွန်းသည်ဟု
ယူဆရန် အချိန်မရတော့ပါ၊

နတ်ဆိုးတစ်ကောင်သည်၊
အချိန်မရွေးလှည့်ဖျားရန် အဆင်သင့်ရှိကြောင်း
နောက်ထပ်ကျိန်စာများဆက်ဖတ်၍မရတော့
သေသူတစ်ယောက်ရဲ့အိပ်ကပ်ထဲမှာ
သူပြန်လာမယ့်အကြောင်း ရေးလက်စ
စာရွက်အပိုင်းအစ
သူ့ကိုယ်ခန္ဓာလိုပျောက်ကွယ်သွား။

၂၇၂၀၂၀
မြေပြိုသေဆုံးသူများသို့။
....
ဖားကန့်
ခက် ဦး

ရေမဆေးမြေစာပုံပေါ်က
ရေစင်လျှောကျ 
အသက်များ
ရေမျောကမ်းတင်ဘဝမှ
ဝေးကြပါစေသား........
...