Breaking News

ဇင်လင်း - သောင်မတင် ရေမကျ အပစ်ရပ်စာချုပ် ပြဿနာနှင့် ညှိရခက်နေဆဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ


ဇင်လင်း - သောင်မတင် ရေမကျ အပစ်ရပ်စာချုပ် ပြဿနာနှင့် ညှိရခက်နေဆဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ

(မိုးမခ) ဇူလိုင် ၂၊ ၂၀၂၀ 

မျက်မှောက်ခေတ်၏ သက္ကရာဇ် ၁၉၉၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိဖြစ်သော မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို သတင်းမီဒီယာ မျက်နှာစာမှတဆင့် ယေဘုယျလေ့လာ သုံးသပ်ကြည့်ပါက စစ်မက်ကင်းစင်သည့် နေ့ဟူ၍ တစ်ရက်တစ်လေမျှပင် မရှိ သည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့နေရသည်။ တိုင်းရင်းသားညီနောင်အချင်းချင်း နေ့စဉ်နှင့်အမျှ စစ်ခင်းနေကြသည်မှာ အဘယ်သို့သော အကြောင်းရင်း ဇစ်မြစ်ကြောင့်နည်းဟု မေးခွန်းထုတ်မိ၏။ ‘မနုဿတ္တဘာဝေါ ဒုလ္လဘော’ ဟု ဗုဒ္ဓပါဠိ ကျမ်းဂန်၌ လာ၏။ မြန်မာဘာသာဖြင့်အနက်ဖွင့်ပါက လူ့အဖြစ်သည် ရခဲ၏ဟု ဆိုသည်။ ဗုဒ္ဓ ဆုံးမသြဝါဒ၏ အခြေခံဖြစ် သော ‘ငါးပါသီလ’ ၌ ‘ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ’ သူတစ်ပါး အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ် ပါမည်ဟု ခံဝန်ဂတိပြုကြ၏။

သို့သော် နံနက်မိုးသောက် အလင်းရောက်သည်နှင့် နေ့စဉ်သတင်းများကို သတိပြုကြည့် လိုက်ပါက တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့မဟုတ် တစ်ဖွဲ့တို့ ထိတွေ့မှုဖြစ်စဉ် နေ့တိုင်းပါနေသည်။ တိုက်ပွဲ မဖြစ်သည့်နေ့ဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ နေ့စဉ်နှင့်အမျှ တိုက်ပွဲတွင် ကျဆုံးသူများ ရှိနေသည်။ ပို၍ စိတ်မကောင်းစရာကိစ္စမှာ စစ်ရေး ပဋိပက္ခဖြစ်ပွားရာဒေသများမှာ တိုင်းရင်းသားဒေသများ၌ ဖြစ်နေသည်။ အစိုးရတပ်မတော်နှင့် တိုင်းရင်သားလက်နက်ကိုင် အဖွဲ့များ(EAOs) အကြား တိုက်ပွဲဖြစ်ပွားရာဒေသများကို လေ့လာလျှင် ကချင်ပြည်နယ်တွင် ၁၅ နေရာခန့်- မိုးညှင်း၊ မိုးကောင်း၊ မိုးမောက်၊ ဖားကန့်၊ မန်စီ၊ တနိုင်း၊ ဝိုင်းမော်၊ လိုင်ဇာ၊ ဗန်းမော်၊ မြစ်ကြီးနား၊ အင်ဂျန်ယန်၊ ပူတာအို၊ ကာမိုင်း၊ တာမိုးညဲ - စသည့်နေရာများ ဖြစ်သည်။ ရှမ်းပြည်နယ်တွင် မူဆယ်၊ နမ်းခန်း၊ သီပေါ၊ နမ္မတူ၊ ကွတ်ခိုင်၊ ပန်ုလုံ၊ မိုင်းရှူး၊ လောက်ကိုင်၊ ကိုကင်း၊ ကုံကျန်း၊ မန်တုံ၊ လွိုင်လင်၊ ဟိုပုံး၊ တုံးတာ၊ ကျေးသီး၊ ကုံဟင်း၊ နန့်စံ၊ ကျောက်မဲ၊ မုန်းကိုး၊ မိုင်းယော်၊ မိုင်းပန်၊ နမ့်ဟွေ၊ သိန္နီ စသော ဒေသများ၌ တိုက်ပွဲများ ဖြစ်ပွားသည်။

အလားတူ ကရင်ပြည်နယ်တွင် ဖာပွန်၊ လှိုင်းဘွဲ့၊ မြိုင်ကြီးငူဒေသများ၌လည်းကောင်း၊ ကယားပြည်နယ်တွင် ဖားဆောင်း ဒေသ၌လည်းကောင်း၊ စစ်ကိုင်းတိုင်တွင် နာဂဒေသ၌လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း မိဒီယာသတင်းများ အရ သိရှိနိုင်သည်။ လတ်တလော တိုက်ပွဲပြင်းထန်သည့်နေရာများမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝ ဒေသ တို့ဖြစ်သည်။ ရခိုင်တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏကျွန်း၊ အမ်း၊ မင်းပြား၊ သမီးလှကျေးရွာနှင့် မြောက်ဦးမြို့နယ်တို့၌ တိုက်ပွဲများ ဖြစ်ပွားနေသည်။ တိုက်ပွဲများကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ဒုက္ခသည်အရေအတွက် သုံးသိန်းဝန်းကျင်ရှိနိုင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များ၏ လေ့လာချက်အရ ကြားသိရသည်။

တစ်ဦးနှင့် တစ်ဦး တစ်ရံတစ်ခါမျှ မြင်ဖူးတွေ့ဖူးခြင်း မရှိကြသူများအကြား အချင်းချင်း အပြန်အလှန် သတ်ဖြတ်ကြရန် ကြိုးပမ်းကြခြင်းမှာ ဗုဒ္ဓ၏ ဆုံးမသြဝါဒနှင့် ဖြောင့်ဖြောင့် ကြီး ဆန့်ကျင်နေပေသည်။ ဗုဒ္ဓဘာသာအများစု နေထိုင်သည့် နိုင်ငံတွင် ယခုကဲ့သို့ တစ်ဦးကို တစ်ဦး နေ့စဉ်နှင့်အမျှ သတ်ဖြတ်ရန် သည်းသည်းမည်းမည်း အားထုတ်နေကြသည်ကို ကြားသိနေရခြင်းမှာ ရှက်ဖွယ် ဝမ်းနည်းဖွယ် ကောင်းလှသည်။ မည်သည့်ဘက်မှ စစ်သည် ကျဆုံးသည်ဖြစ်စေ၊ ထို စစ်သည်များနှင့်အတူ သူတို့မိသားစုများနှင့် ဆွေမျိုးမိတ်သင်္ဂဟများ၏ ပျော်ရွှင်မှုများလည်း ကျဆုံးရပေသည်။ တိုက်ပွဲများ အတွင်း ကျဆုံးကြရရှာသော နှစ်ဖက်စလုံးမှ စစ်သည်အရေအတွက်မှာ နှစ်စဉ်ထောင်ဂဏန်းချီ၍ ရှိနေသည်။ ထို့ပြင် ထို အကျိုးမဲ့ တိုက်ပွဲများအတွင်း တစ်စုံတစ်ရာပတ်သက်မှုမရှိဘဲ ကြားညပ်သေဆုံးခဲ့ကြရသော သာမန် အရပ်သူ အရပ်သား များ၏ အရေအတွက်ကလည်း နှစ်စဉ် ရာနှင့်ချီ ရှိနေသည်။ စစ်သားဖြစ်စေ၊ အရပ်သားဖြစ်စေ ပြည်တွင်းစစ်အတွင်း ဓါးစာခံအဖြစ် အကျိုးမဲ့ သေဆုံးကြရခြင်းမှာ တိုင်းပြည်၏ လူသားအရင်းအမြစ်များ မလိုအပ်ဘဲ ဆုံးရှုံး ရခြင်းဖြစ်သည်။ ထို အထဲတွင် ကိုယ်လက်အင်္ဂါဆုံးရှုံးရသူများ၏ အရေအတွက်မပါသေးပေ။ မြေယာအိုးအိမ်များနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံးရသည့် ငွေကြေးပမာဏကို တွက်ကြည့်လျှင် တိုင်းပြည်၏ ဘဏ္ဍာငွေကြေးကုဋေကုဋာ အလဟဿ ဖြစ်ရသည်ကို တွေ့နိုင်သည်။ ထိုကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အလွန့်အလွန် ဆိုးရွားသော ရလဒ်များကို ဖြစ်ပေါ်စေသည့် ပြည်တွင်းစစ် ချုပ်ငြိမ်းရေး ကြိုးပမ်းရန် ကိစ္စမှာ မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူပြည်သားတို့၏ ယနေ့ကာလ သမိုင်းပေးတာဝန်ဟု ဆိုသင့်သည်။

လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်အောင် ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း တိုင်းသိပြည်သိ ထုတ်ဖော် ပြောဆိုခဲ့သည်။ တပ်မတော်၏ ငြိမ်းချမ်းရေးရည်မှန်းချက်သည် ၂၀၂၀ နှစ်ဝက်ကျိုးချိန်ကာလ၌ မှန်းချက်နှင့် နှမ်းထွက် မကိုက်သည်ကို တွေ့လာရသည်။ တပ်မတော်က ၂၀၂၀ ပြည့်နှစ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA လက်မှတ် ရေးထိုးနိုင်ရန် ရည်မှန်းခဲ့သည်။ သို့သော် ၂၀၂၀ နှစ်လယ်ပိုင်း ရောက်ချိန်အထိ ယခင်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့အပြင် နောက်ထပ် လက်မှတ်ရေးထိုးသည့် အဖွဲ့ မရှိဘဲ ဖြစ်နေသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အစိုးရနှင့် တပ်မတော်တို့ မျှော်မှန်းထား သလောက် မဖြစ်မြောက်ခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ထုတ်ဖော်ပြောသည်ဟု RFA သတင်း၌ဖေါ်ပြသည်။

“၂၀၂၀ ပြည့်နှစ်မှာ NCA လက်မှတ်ကို အားလုံးထိုးနိုင်ဖို့ ရည်မှန်းပြီး ကျွန်တော်တို့က လုပ်နေတာဖြစ်တယ်။ သို့သော် NCA လက်မှတ်ထိုးခြင်း/မထိုးခြင်းကတော့ လက်ခုပ်ကတော့ တစ်ဖက်ထဲ တီးလို့မြည်တာမဟုတ် ဘူးပေါ့။ နှစ်ဖက်တီးမှ မြည်တာပေါ့။ NRPC မှာလုပ်နေတဲ့ သူတွေကလည်း ပြောပြီးဖြစ်လို့ ထပ်ပြီးပြောစရာ မရှိဘူး။ ခြုံငုံပြောရမယ်ဆိုရင် NRPC ဘက်က မျှော်မှန်းထားသလောက်တော့ ဖြစ်ခဲ့တာမရှိဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဆိုသည်။

၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းမှစတင်၍ လက်ရှိအချိန်အထိ မြောက်ပိုင်း အဖွဲ့များဖြစ်သည့် KIA၊ AA၊ MNDAA၊ TNLA တို့နှင့် တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးရန် ညှိနှိုင်းမှု ရှိခဲ့သေ်လည်း ဆွေးနွေးပွဲအတွက် နေရာ သတ်မှတ်ခြင်း ကစ၍ နှစ်ဦးနှစ်ဖက်ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့ကြသည်။ ကချင်လွတ်မြောက်ရေး တပ်မတော် KIA/KIO နှင့် အစိုးရတပ်မတော်တို့အကြား အပစ်ရပ်လက်မှတ်ရေးထိုးတော့မည်ဟု သတင်းထွက်ခဲ့သော်လည်း လက်တွေ့တွင် အကောင်အထည်ပေါ်မလာသေးပေ။ တပ်မတော်၏ မူဝါဒများနှင့် ၂၀ဝ၈ ဖွဲ့စည်းပုံ မပြောင်းလဲမချင်း ငြိမ်းချမ်းရေး ရရှိနိုင် ရန် မဖြစ်နိုင်ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု နောက်ဆုံး အခြေအနေကို နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇွန်လ ၁၉ ရက်နေ သတင်းစာရှင်းလင်းပွဲ၌ အောက်ပါအတိုင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

“သူတို့ဘက်က ပြန်ကြားလာတာက ကိုဗစ် ၁၉ ကြောင့် ကန့်သတ်ချက်တွေ မရှိတော့တဲ့ အချိန်မှ သွားလို့ လာလို့ အဆင်ပြေမယ်ဆိုတဲ့ တုံ့ပြန်ချက်ရပါတယ်။ ကျွန်တော်တို့ ပြောချင်တာက အစိုးရနဲ့ တပ်မတော်ဘက်က တော်တော် လေးပြီးပြတ်အောင် အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းမှာ တိုက်ပွဲတွေ မဖြစ်အောင်၊ အဲဒီတုန်းက ကျွန်တော်တို့ စဉ်းစားတာ ရခိုင်ပါ ပါတယ်။ တိုက်ခိုက်မှုတွေ ရပ်အောင်၊ Bi-lateral Ceasefire Agreement မြန်မြန်ရမှ ဖြစ်မယ်။ အပစ်ရပ်သွားပြီဆိုရင် တစ်ဖွဲ့ချင်းတစ်ဖွဲ့ချင်း ဆက်ပြီးတော့ ဆွေးနွေးသွားမယ်။ ဆွေးနွေးမယ့် အကြောင်းအရာ တွေလည်း နှစ်ဖက် အကြမ်းဖျဉ်း သဘောတူထားပြီး ဖြစ်ပါတယ်။” ဟု ဦးဇော်ဌေးက ဆိုသည်။

ဤအတောအတွင်း ဇွန်လ ၂၂ မှ ၂၅ အထိ အစိုးရကိုယ်စားလှယ်အဖွဲ့(အစိုးရ၊ တပ်မတော်၊ လွှတ်တော်) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) လက်မှတ်ထိုးထားသော NCA-S-EAO ကိုယ်စားလှယ်အဖွဲ့တို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပနိုင်ရေး၊ ညီလာခံတွင် အပိုင်းသုံးပိုင်းပါဝင်သည့် Union Accord-3 ချုပ်ဆိုနိုင်ရေးတို့အတွက် ရန်ကုန်မြို့ ရွှေလီလမ်းရှိ NRPC ဗဟိုရုံးချုပ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အစိုးရ သတင်းစာများ၌ဖေါ်ပြသည်။ ဇွန် ၂၂ အစည်းအဝေး၌ အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် NCA-S-EAO ကိုယ်စားလှယ်အဖွဲ့ တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာရေးဆိုင်ရာ အလုပ်အဖွဲ့ အစည်းအဝေးပြုလုပ်ခဲ့ရာ၊ ရလဒ်အနေဖြင့် ၂၂ လကြာ ရပ်ဆိုင်းနေခဲ့သော ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) အစည်း အဝေးကို ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်နေ့များတွင်ပြန်လည်ကျင်းပရန် သဘောတူခဲ့ကြသည်ဟု ဆိုသည်။

အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် NCA-S-EAO ကိုယ်စားလှယ်အဖွဲ့ တို့၏ ပဉ္စမအကြိမ် အလုပ်အဖွဲ့ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၊ ၃၊ ၄ ရက်များတွင် ဆက်လက်ကျင်းပရန်ရှိကြောင်းလည်း NRPC အဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။ ဇွန်လ ၂၅ ရက်နေ့ အစည်းအဝေးအပြီးတွင် အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် NCA-S-EAO ကိုယ်စားလှယ်အဖွဲ့ တို့သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၏ နိုင်ငံရေးပါတီ အစုအဖွဲ့မှ အဖွဲ့ဝင်များကို ဖိတ်ကြားတွေ့ဆုံ၍ အစည်းအဝေးရလဒ်များကို ရှင်းလင်းတင်ပြကြောင်း အစိုးရကိုယ်စားလှယ် UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။

ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများကို သဘောတူချမှတ်နိုင်မည်ဆိုလျှင် ငြိမ်းချမ်းရေးခရီး လမ်းတဝက်ရောက်ပြီဟု ဆိုနိုင် ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၏ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ် ပြောကြား သည်။ သို့သော်လည်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ (NCA-NS-EAO) အနေဖြင့် အပြောအရ သာ ငြိမ်းချမ်းလိုသည်ဟု ဆိုနေကြသော်လည်း လက်တွေ့တွင် အလျှော့အတင်း အပေးအယူလုပ်ရန် သန္နိဋ္ဌာန်ချမှတ်ထား ပုံ မရပေ။ ကိုယ့်မူ ကိုယ့်အယူကိုသာ တရားသေ ဆုပ်ကိုင်၍ ညှိနှိုင်းနေကြပါက ငြိမ်းချမ်းရေးရရန် မဖြစ်နိုင်ဟု ယူဆသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးရရှိရေးထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက် ဖြစ်မြောက်စေရန်အတွက်ကိုပင် မနည်းဆောင်ရွက်နေရသည်ဟု NLD ပါတီ၏ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဖြစ်သူ မုံရွာအောင်ရှင် က RFA သို့ ဇွန်လ ၂၂ ရက်နေ့က ပြောကြားခဲ့သည်။

“NLD အစိုးရ သက်တမ်းကာလမှာ ငြိမ်းချမ်းရေးရဖို့ ဆိုတာထက် ငြိမ်းချမ်းရေးညီလာခံ ထပ်ပြီးလုပ်ဖို့ တော်တော်ကြိုးပမ်း နေရတယ်။ အစိုးရက ကြားကနေပြီး ဖြန်ဖြေတဲ့ အဆင့် မျိုးပဲ။ တကယ်တမ်းက လက်နက်ကိုင်တိုက်နေကြတဲ့ တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆိုင်မယ်လို့ ကျွန်တော်တော့ ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးအတွက် သူကိုယ်တိုင် ကမကထ လုပ်ခဲ့တာပဲ။ ဒါပေမဲ့ မရခဲ့ဘူး။ အကျိုးစီးပွားပြဿနာက နှစ်ဖက်စလုံးမှာ ရှိနေလို့ မရတာပဲလို့ပြောချင်တာပဲ။” ဟု မုံရွာအောင်ရှင် က ဆိုသည်။

အပစ်အခတ်ရပ်စဲရေးကြေညာသည့် လုပ်ဟန်သည် ရင်ထဲကပါ၍ လုပ်ခြင်းမဟုတ်ဘဲ နည်းပရိယာယ်အရ အများအမြင် ကောင်းစေရန် လုပ်သကဲ့သို့ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် လက်တွေ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေသည့် ရခိုင် စစ်မျက်နှာမပါသောကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ပြေလည်နိုင်စရာ အကြောင်း မမြင်မိပေ။ ထို့အပြင် နောက်ထပ် ဥပမာတစ်ခုကို ပြရလျှင် NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် RCSS နှင့် KNU အဖွဲ့များနှင့် ယခုတိုင် တိုက်ပွဲများ ဖြစ်နေသည့် ကိစ္စဖြစ်သည်။ ယင်းဖြစ်စဉ်ကို ကြည့်၍ NCA-NS-EAO အဖွဲ့များ အနေဖြင့် လက်မှတ်ထိုးရန် တွန့်ဆုတ်နေကြခြင်း ဖြစ်ပုံရသည်။ NCA စာချုပ် လက်မျတ်ထိုးထားသော်လည်း တပ်နေရာချထားရေးကိစ္စနှင့် ပတ်သက် ၍ လက်တွေ့မြေပြင်၌ ညှိနှိုင်းဆောင်ရွက် ဖြေရှင်းပေးနိုင်ခြင်းမရှိဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ယူဆနေကြ သည်။ အဆိုပါ အားနည်းချက်များကြောင့် အစိုးရနှင့် တပ်မတော်တို့၏ ၂၀၂၀ ငြိမ်းချမ်းရေးမျှော်မှန်းချက်သည် လေထဲ၌ ဆောက်သော တိုက်အိမ်ဖြစ်ခဲ့ရသည်။

၂၀၂၀ နိုဝင်ဘာလတွင် ရွေးကောက်ပွဲများ ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုကြေညာ ခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ စပ်ကြား အပစ်ရပ်လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ (NCA-NS-EAO) အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးမည့် အလား အလာ နည်းပါးနေသည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။ NCA စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးမည့် အဖွဲ့ တိုးမလာခဲ့လျှင် သြဂုတ်လအတွင်း ကျင်းပရန် လျာထားသော စတုတ္ထအကြိမ်၂၁ ရာစု ပင်လုံညီလာခံ၌ ဖက်ဒရယ် အခြေခံမူများနှင့်ပတ်သက်၍ သဘောတူညီချက် ရရှိရန် ခက်ခဲနေဦးမည်ဟု ဆိုနိုင်သည်။ ထိုအချက် အပေါ် မူတည်၍ တပ်မတော်၏ ၂၀၂၀ ငြိမ်းချမ်းရေးမျှော်မှန်းချက် မည်မျှ ခရီးပေါက်မည်နည်းဆိုသည်ကို ခန့်မှန်းကြည့်ရမည် ဖြစ်သည်။

လတ်တလော Covid-19 ကပ်ရောဂါ၏ သက်ရောက်မှုများကြောင့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် အလုပ် လက်မဲ့ပြဿနာဖြေရှင်းရေးကိစ္စများစွာကို ဖြေရှင်းရန် အစိုးရအပေါ် ဖိအားကြီးစွာ ကျရောက်နေသည်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကျင်းပရန်လည်း ၅ လခန့်သာ လိုတော့သည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် တိုင်းရင်းသား လက်နက် ကိုင် EAO အားလုံး NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ဖြစ်နိုင်ခြေမရှိဟု သုံးသပ်နေကြသည်။ ရွေးကောက်ပွဲ ပြီးသည့်နောက် အစိုးရအပြောင်းအလဲ ကြီးကြီးမားမား မရှိပါက၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်ဖေါ်ဆောင်နိုင်ရန် တပ်မတော်နှင့် EAO များအကြား ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများကို သဘောတူချမှတ်နိုင်ရေး ကိစ္စအတွက် အစိုးရက ကြားဝင်စေ့စပ်ညှိနှိုင်းသင့်သည်ဟု နိုင်ငံရေးလေ့လာအကဲခတ်သူအချို့က ဝေဖန်သုံးသပ်ကြသည်။

မည်သို့ဆိုစေ အစပျိုးထားပြီးဖြစ်သော NCA စာချုပ်တွင် EAO အားလုံး ပါဝင်လက်မှတ်ရေးအတွက် တပ်မတော်နှင့် တိုင်းရင်းသားအဖွဲများအကြား ကွာဟချက်အချို့ရှိနေသည်မှာ အမှန်ဖြစ်နေသည်။ ယင်းကိစ္စပြေလည်စေရန် NLD အစိုးရ အနေဖြင့် ဘက်လိုက်မှုမရှိဘဲ ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာသည့် အခြေအနေမျိုး ဖန်တီးပေးနိုင်မှသာ ငြိမ်းချမ်း ရေး ရွှေပြည်တော်နှင့် နီးစပ်ဖွယ်ရှိမည်ဟု သုံးသပ်မိပါသည်။

(ဇူလိုင် ၂၊ ၂၀၂၀။ ကြာသပတေးနေ့ထုတ် ဒီလှိုင်းစာစောင်၌ ဖေါ်ပြသည့် ဆောင်းပါး)