Breaking News

ဧရာ(မန္တလေး) - ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၈)

Ko Ko Zaw

ဧရာ(မန္တလေး) - ဗုဒ္ဓမြတ်စွာပွင့်ထွန်းလာခြင်း (၈)

(မိုးမခ) ဇူလိုင် ၂၊ ၂၀၂၀ 

ဗုဒ္ဓဝင်နှင့် ဗုဒ္ဓဖြစ်တော်စဉ်


‘ဗုဒ္ဓဝင်’ ဟု ဆိုလျှင် ယနေ့ခေတ်တွင် ‘ဂေါတမ ဗုဒ္ဓ၏ ဘဝ ဖြစ်တော်စဉ်’ ဟု အကြမ်းဖျဉ်း နားလည်ထားကြသည်။ လုံးဝ မှားနေသည် မဟုတ်သော်လည်း ပြည့်စုံမှန်ကန်သည်တော့ မဟုတ်။ သမိုင်းနှင့် ရာဇဝင် ကွဲသကဲ့သို့ပင် ဖြစ်သည်။ ထိုသို့ အမြင်ကွဲပြားရသည်မှာလည်း ခေတ်သစ်နှင့် ခေတ်ဟောင်း လူတို့၏ တွေးခေါ် မြော်မြင်ပုံ ကွဲပြားခြင်း၊ ခေတ်ကွာခြားခြင်းကြောင့် ဖြစ်သည်။

ခေတ်သစ်လူတို့က ဝေးကွာသော အတိတ်မှ လူပုဂ္ဂိုလ်, ဖြစ်ရပ်များကို လေ့လာသောအခါ သမိုင်းတွင် တကယ် ရှိခဲ့-မရှိခဲ့၊ တကယ် ဖြစ်ခဲ့-မဖြစ်ခဲ့ဟူသော သမိုင်းဝင်မှု (Historicity) ရှုထောင့်မှ လေ့လာကြသည်။ သမိုင်းဝင်မှုကို ပြောသောအခါတွင်လည်း ကြွင်းကျန်ရစ်သော ကျောက်စာများ, အဆောက်အအုံများ, အနုပညာလက်ရာများ, ခေတ်ပြိုင်မှတ်တမ်းများစသည့် သမိုင်းသာဓကများဖြင့် အကဲဖြတ်ကြသည်။ ခေတ်သစ် အနောက်တိုင်း ပညာရှင်နှင့် ခရစ်ယာန်တို့က သမိုင်းသုတေသနနည်းများကို သမိုင်းထဲမှ ယေရှုခရစ်တော် (Historical Jesus) ကို ပြန်လည် ထုတ်ဖော်ကြသည်။ ယင်းကို နည်းမှီ၍ အရှေ့တိုင်းပညာ သုတေသီတို့ကလည်း သမိုင်းထဲမှ မဟာလူသားဗုဒ္ဓ (Historical Buddha) ကို ထုတ်ဖော်ရန် ကြိုးပမ်းကြသည်။

ခေတ်ဟောင်းလူတို့ အတွက်မူ သူတို့ခေတ် (သို့မဟုတ်) သူတို့ခေတ်နှင့် သိပ်မဝေးသော ခေတ်တစ်ခုမှ လူပုဂ္ဂိုလ်, ဖြစ်ရပ်များကို လေ့လာသောအခါ သမိုင်းတွင် တကယ် ရှိခဲ့-မရှိခဲ့ ဟူသည့် သမိုင်းဝင်မှု (Historicity) က သိပ်အငြင်းပွားစရာ ပြဿနာ တစ်ရပ် မဟုတ်။ ထိုပုဂ္ဂိုလ်သည် ဘုရားစင်စစ် ဟုတ်-မဟုတ်, မင်းကောင်း တစ်ပါး ဟုတ်-မဟုတ် စသည့် စစ်မှန်မှု (Authenticity) ကသာ ပို၍ ပဓာနကျသည်။ သိပ္ပံပညာရပ်များ မထွန်းကားသေးသလို၊ အသိပညာကို လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ရသည့် ခေတ်ဖြစ်သည့်တွက် “ရှေးရိုးအစဉ်အလာ” (Tradition or genealogy) က ထိုခေတ်လူတို့၏ စဉ်းစားတွေးခေါ်မှုတွင် ပို၍ အရေးပါခဲ့သည်။

ယနေ့ခေတ်သစ် လူသားအတွက် ‘ဂေါတမဗုဒ္ဓသည် တော်လှန်သော အမြင် ရှိသူ တစ်ဦး ဖြစ်သည်’ ဟူသည့် ပုံရိပ်ကို ပို၍ နှစ်ခြိုက်သဘောကျကောင်း ကျပေလိမ့်မည်။ သို့သော် ခေတ်ဟောင်း လူတို့အတွက်မူ “အတိတ်က ပွင့်တော်မူခဲ့သော ရှေးဘုရားတို့ ကဲ့သို့ လာခြင်းကောင်းတော်မူသော ဘုရား” ဟူသည့် သဘောက ပို၍ နှစ်ခြိုက်စရာ ဖြစ်နေနိုင်သည်။ ဗြာဟ္မဏတို့က ရသေ့ကြီး ၇-ပါးတို့၏ ဆရာအစဉ်အဆက် (ပရမ္ပရ) သယ်ဆောင်လာသည့် ဝေဒကျမ်းဟူ၍ တန်ဖိုးထားခဲ့ကြသည်။ ဂျိန်းတို့ကလည်း အာဒိနာထမှစ၍ မဟာဝီရတိုင် တိတ္ထကရ ခေါ် ဘုရား ၂၄-ဆူတို့၏ အစဉ်အဆက်ကို အလေးထားသည်။ ခရစ်ယာန်တို့၏ သမ္မာကျမ်းစာတွင် အာဒမ်မှ စ၍ ဖြစ်စေ၊ ဣဗရာဟမ်မှ စ၍ ဖြစ်စေ ယေရှု၏ မျိုးရိုးစဉ်ဆက် (genealogy of Jesus) ကို အလေးပေးဖော်ပြသည်။ ကယ်တင်ရှင် messiah ခေါ် ခရစ်တော် ပေါ်ထွန်းလာမည် ဆိုသည့် ကျမ်းစာဟောင်းမှ နိမိတ်စကားတို့ကို တန်ဖိုးထားကြသည်။ “အစဉ်အလာနှင့် ဗျာဒိတ်စကား” တို့ကိုသည် ခေတ်ဟောင်း လူသားတို့၏ စဉ်းစားတွေးခေါ်မှုအတွက် ပဓာနကျသည့် လိုအပ်ချက် ဖြစ်သည်။

ခေတ်သစ်အမြင်အရ ‘ဗုဒ္ဓဖြစ်တော်စဉ်’ ကို သမိုင်းရှုထောင့်မှ လေ့လာကြသည်။ ဒီပင်္ကရာ, ကောဏ္ဍည, မင်္ဂလ စသဖြင့် ဘုရားရှင်တို့၏ မပြတ်သော အစဉ်အဆက် (genealogy of Buddhas) အတိုင်း လာခြင်း ကောင်းတော်မူသည့် ဘုရားရှင်အဖြစ် ဟောကြားထားသည့် “ဗုဒ္ဓဝင်” သည် ခေတ်ဟောင်းအမြင်အရ အစဉ်အလာရှုထောင့်မှ လေ့လာခြင်း ဖြစ်သည်။ ဗုဒ္ဓဝင်ကျမ်းတွင် ဒီပင်္ကရာမှစ၍ အတိတ်က ပွင့်တော်မူခဲ့သော ဘုရားရှင် ၂၄-ဆူတို့နှင့် ဂေါတမမြတ်စွာဘုရား၏ အရေးပါသည့် ဘဝဖြစ်စဉ်အကျဉ်းကို ဟောထားသည်။ ထို့အတူပင် ဒီဃနိကာယ် မဟာပဒါနသုတ်တွင်လည်း ဝိပဿီ မြတ်စွာဘုရားမှစ၍ ဂေါတမမြတ်စွာဘုရားတိုင် ဘုရား ခုနှစ်ဆူတို့၏ ဖြစ်စဉ်အကျဉ်းကို ဟောထားသည်။ ဘုရားရှင်တို့၏ ဘဝဖြစ်စဉ်များသည် တစ်ပါးနှင့် တစ်ပါး အသေးစိတ်အားဖြင့် မတူကြသော်လည်း၊ အရေးပါသည့် ပဓာနဖြစ်စဉ်များက တူညီကြသည်။ ဤကဲ့သို့ အလောင်းတော်တိုင်း, ဘုရားရှင်တိုင်း၏ ပုံစံတူဖြစ်မြဲ သဘောကို ‘ဗောဓိသတ္တဓမ္မတာ, ဗုဒ္ဓဓမ္မတာ’ ဟု ဆိုနိုင်သည်။ မဟာပဒါနသုတ်နှင့် ဗုဒ္ဓဝင်ကျမ်းက ထိုသို့သော ဓမ္မတာသဘော (narrative archetypes of Buddhas) ကို အလေးထားသည်။ ထို့အပြင် ဗုဒ္ဓဝင်ကျမ်းတွင် ဂေါတမ ဗုဒ္ဓအလောင်းတော်သည် ရှေးဘုရားရှင်တို့ထံတွင် ဗျာဒိတ်ခံယူခဲ့ကြောင်း ဖော်ပြထား၍၊ မဟာပဒါနသုတ်တွင် ဘုရားခုနှစ်ဆူတို့ ဘဝဖြစ်စဉ်ကို ပုဗ္ဗေနိဝါသဉာဏ်တော်ဖြင့် ကိုယ်တိုင် သိမြင်သလို၊ သုဒ္ဓဝါသ ဗြဟ္မာများကလည်း ထောက်ခံလျှောက်ထားကြောင်း ဟောကြားထားသည်။

ဗုဒ္ဓဘဝ ဖြစ်တော်စဉ်ကို လေ့လာရာတွင် သမိုင်းရှုထောင့်, အစဉ်အလာရှုထောင့်တို့အပြင်၊ ဗုဒ္ဓသည် “ဒုက္ခ, ဒုက္ခဖြစ်ကြောင်း, ဒုက္ခ ချုပ်ငြိမ်းမှု, ဒုက္ခ ချုပ်ငြိမ်းမှုသို့ ရောက်ရာလမ်း” ဟူသည့် သစ္စာလေးပါးကို ကိုယ်တိုင်ရှာဖွေ သိမြင်ကာ၊ လောကသားတို့က ပြန်လည် လမ်းပြခဲ့သူ ဖြစ်သည်ဟူသည့် “ဓမ္မရှုထောင့်” မှလည်း ချဉ်းကပ်နိုင်ပါသေးသည်။ မဇ္ဈိမနိကာယ် ဝီမံသကသုတ်သည်လည်း သမ္မာသမ္ဗုဒ္ဓ အစစ်အမှန်ဖြစ်မှုကို ဓမ္မရှုထောင့်မှ လက်တွေ့နည်းကျ ဆန်းစစ်နိုင်ရန် လမ်းညွှန်ထားသည့် သုတ္တန်ဒေသနာ ဖြစ်သည်။ ထိုသို့ “ဓမ္မရှုထောင့်” မှ ချဉ်းကပ်ခြင်းသည် ခေတ်သစ်နှင့် ခေတ်ဟောင်း စဉ်းစား တွေးခေါ်ပုံ နှစ်မျိုးလုံး အတွက် အရေးပါသည့် ရှုထောင့်ပင် ဖြစ်သည်။