Breaking News

ဧရာ(မန္တလေး) - မြင့်မြတ် ယုတ်နိမ့် ဖိုစိတ် မစိတ်


ဧရာ(မန္တလေး) - မြင့်မြတ် ယုတ်နိမ့် ဖိုစိတ် မစိတ်

(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၀

စိတ်ပညာရှင်တွေက လူတွေရဲ့ စိတ်အဆင့်အတန်းနဲ့ စရိုက်သဘာဝကို မူတည်ပြီး archetypes လေးမျိုးကို ခွဲပြလေ့ ရှိတယ်။

ပထမအနေနဲ့ ပုရိသသဘာဝနဲ့ ဣတ္ထိယသဘာဝဆိုပြီး အုပ်စုနှစ်စု ခွဲနိုင်တယ်။

အဆင့်တန်း နိမ့်ကျတဲ့ ပုရိသသဘာဝ (lower masculine) ရှိသူတွေက ခက်ထန်ကြမ်းကြုပ်တဲ့ စရိုက်ရှိတယ်။ ရက်စက်တဲ့ အကြမ်းနည်းတွေနဲ့ ပြဿနာတွေကို ဖြေရှင်းလေ့ ရှိကြတယ်။

အဆင့်တန်း နိမ့်ကျတဲ့ ဣတ္ထိယသဘာဝ (lower feminine) ရှိသူတွေက ကာမဂုဏ်နဲ့ ပျော်မွေ့လိုတဲ့ သဘောရှိတယ်။ ဆွဲဆောင်မှုတွေနဲ့ သာယာနေတတ်ကြသလို၊ ကောက်ကျစ်တဲ့ နည်းတွေနဲ့ ပြဿနာကို ဖြေရှင်းတတ်ကြတယ်။

မြင့်မြတ်တဲ့ ပုရိသသဘာဝ (higher masculine) ရှိသူတွေက ပညာစရိုက် ရှိကြတယ်။ ပညာက အမှားအမှန်ကို ပြတ်သားစွာ ပိုင်းဖြတ်ခြင်း သဘောရှိတယ်။ ဆင်ခြင်တုံတရား, အသိပညာတွေနဲ့ ပြဿနာတွေကို ဖြေရှင်း တတ်ကြတယ်။

မဟာယာန ဗုဒ္ဓဘာသာမှာ ‘ပညာ’ ကို ကိုယ်စားပြုတဲ့ မဉ္ဇူသီရိ ဘုရားအလောင်းတော် ကို ပိုင်းဖြတ်ခြင်းရဲ့ နိမိတ်သင်္ကေတ ဖြစ်တဲ့ ဓားသံလျက်ကို ကိုင်ထားတဲ့ ပုံနဲ့ သရုပ်ဖော်လေ့ရှိတယ်။

မြင့်မြတ်တဲ့ ဣတ္ထိယသဘာဝ (higher feminine) ရှိသူတွေက ကရုဏာစရိုက် ရှိကြတယ်။ ကရုဏာက သူတပါးရဲ့ ဒုက္ခကို လက်ပိုက်ကြည့် မနေဘဲ ကြင်နာသနားခြင်း သဘောရှိတယ်။ ရင်ဝယ်သားလို ထွေးပွေ့ ကြိုဆိုပြီး မေတ္တာကရုဏာစိတ်နဲ့ ပြဿနာကို ဖြေရှင်းတတ်တယ်။

မဟာယာန ဗုဒ္ဓဘာသာမှာ ‘ကရုဏာ’ ကို ကိုယ်စားပြုတဲ့ အဝလောကိတေသွရ ဘုရားအလောင်းတော် (ကွမ်ရင်မယ်တော်) ကို လက်မှာ မေတ္တာရေစဉ် တကောင်းကို ကိုင်ထားတဲ့ အမျိုးသမီးပုံနဲ့ သရုပ်ဖော်လေ့ရှိတယ်။

မိန်းမဆန်ပေမယ့် မြင့်မြတ်သူတွေ ရှိသလို၊ ယောက်ျားဆန်ပေမယ့် ယုတ်နိမ့်သူတွေလည်း ရှိကြတယ်။

အမျိုးသမီးဖြစ်ပေမယ့် ပညာဉာဏ်ကြီးရင့်သူတွေ ရှိသလို၊ ယောက်ျား ဖြစ်ပေမယ့် မိန်းမလို မိန်းမရ ကောက်ကျစ်သူတွေလည်း ရှိကြတယ်။