Breaking News

နေလင်း - မိုးနှောင်းနေ၊ နွေနေ့အိမ်

မိုးနှောင်းနေ၊ နွေနေ့အိမ်
နေလင်း
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၂၀

သီးနှံဖျက်ပိုးလို
စနေ​မိုးကတစိမ့်စိမ့်ရွာနေဦးမလား

ငိုလို့မညောင်းနိုင်တဲ့သမိုင်းဟာ
မျက်ရည်သက်တမ်းခုနှစ်ဆယ့်သုံးနှစ်
တိုင်းပြည်ဟာ
သောကတွေနဲ့နင့်နေတုန်း

အကြိမ်ကြိမ်
အဖျက်စီးအလုပ်ကြံခံရမှုတွေနဲ့
ပါတော်မူသူ​လေးအမိနိုင်ငံတော်

အညွှန့်ချိုးခြင်းများအား
ခေါင်းငုံ့နေရသူလက်ဖက်ပင်လေးတွေကို
အနာဂတ်ကငေးရင်းမျက်ရည်ကျ
တရားမျှတလွတ်လပ်ခြင်းကို
မျှော်နေကြရတဲ့တောင်တန်းဒေသတွေ

နောက်ထပ်
အသက်တွေဘယ်လောက်များများပေးမှ
ညီညွှတ်စီးလုံးခြင်းတေးကိုအတူဆိုခွင့်ရလေမလဲ

ဘရင်းဂန်းနဲ့အလုပ်ကြံခံခဲ့ရတဲ့အတိတ်
မိုးထောင်မဖောက်တည့်တည့်ပစ်ခဲ့လို့
ငြိမ်ဝပ်ပိပြားရသူပြည်ထောင်စု
နာဂစ်တောရိုင်းဥပဒေနဲ့အတူ
သူတလူငါတစ်မင်း

သူရဲကောင်းတွေကို
အပင်းသွင်းသတ်ပြီးမှ
အခေါ်ခံကြရတဲ့အာဇာနည်တွေ
မသေစေချင်တော့ဘူး မငိုချင်တော့ဘူး

အာဇာနည်နေ့ကိုရောက်တိုင်း
ဒီမိုးဟာဒီအတိုင်းရွာနေမြဲ

အလေးပြုရင်းလေးနက်ဝေ့တက်လာတဲ့စိတ်ထဲ
မသေသေးတဲ့အာဇာနည်တွေကို
အသက်နဲ့အမျှ
မြတ်နိုးတန်ဖိုးထားရဦးမယ်ဆိုတဲ့အသိဟာ
နက်နက်ရှိုင်းရှိုင်းခိုင်မာလာတယ်။ ။ ။