Breaking News

မောင်လူပေ - ကိုရိုနာ ၂၈/၀၇/၂၀




မောင်လူပေ - ကိုရိုနာ ၂၈/၀၇/၂၀

(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၂၀

ကိုဗစ်ရောဂါသည် ရာသီဥတုနှင့် သက်ဆိုင်သည့် အထောက်အထားမတွေ့ရှိရဟု WHO က ဆိုသည်။ ပူသောရာသီရောက်လျှင် ပျောက်သွားပြီး အေးသောရာသီတွင် ပြန်ပေါ်လာသည့် ရာသီတုတ်ကွေးမျိုးမဟုတ်ပါဟု ဆိုလိုသည်။ ပူနွေးသော၊ အေးမြသော ဒေသမျိုးစုံ၌ ကူးစက်နေခြင်းကိုကြည့်လျှင် ရာသီနှင့်မသက်ဆိုင်ကြောင်း သိနိုင်သည်။

လေကြောင်းပို့ဆောင်ရေးလုပ်ငန်းများသည် ၂၀၁၉ကဲ့သို့အခြေအနေမျိုးကို ပြန်ရောက်ရန်အတွက် ၂၀၂၄ ရောက်မှ ဖြစ်နိုင်တော့မည်ဟု လေကြောင်းပို့ဆောင်ရေးအဖွဲ့ IATA က ခန့်မှန်းသည်။

ကိုဗစ်ရောဂါသည် အမေရိကန်ပြည်ထောင်စုတွင် နောက်တစ်ဖန်အကြီးအကျယ် ကူးစက်ပျံ့ပွားမည်ဆိုပါက ရင်ဆိုင်နိုင်စွမ်း ရှိတော့မည်မဟုတ်ဟု ကူးစက်ရောဂါပညာရှင် ဒေါက်တာဖေါ့ချီက ဆိုသည်။ တောင်ပိုင်းပြည်နယ်များအပါအဝင် ပြည်နယ်အများစုအနေနှင့် သတိထား၍ ပြန်လည်ဖွင့်လှစ်ကြရန် ထပ်မံသတိပေးခဲ့သည်။ ပြန်လည်ကူးစက်မှုသည် အမေရိကားမှာ အဆိုးဆုံးကို ကျော်လွန်ခဲ့ပြီဟု အိမ်ဖြူတော် ပြောခွင့်ရှိသူကဆိုသည်။ (၄.၄)သန်းခန့်ကူးစက်ခံရသူ တွေ့ရှိထားပြီး ရောဂါကြောင့် တစ်သိန်းခွဲခန့် သေဆုံးခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ကူးစက်ခံရသူဦးရေ ရှစ်သောင်းကျော်ရှိလာသည်။ ဂျူလိုင်လဆန်းက လေးသောင်းနှစ်ထောင်ကျော်သာ ရှိခဲ့ပြီး အများစုမှာ သုံးပတ်အတွင်း၌ တွေ့ရှိသူများဖြစ်သည်။ နိုင်ငံ၏ ဆေးရုံများတွင် လူနာများပြည့်နေပြီဖြစ်၍ ထပ်မံလက်မခံနိုင်တော့ဟု ကြက်ခြေနီအဖွဲ့ကဆိုသည်။ မျက်နှာဖုံးတပ်ရန်၊ လက်ဆေးရန်၊ ခပ်ခွာခွာနေရန် စည်းကမ်းမလိုက်နာပါက အရေးယူမည်ဟုအစိုးရက အမိန့်ထုတ်ထားသည်။ မထိမ်းချုပ်နိုင်ပါက အခြေအနေပို၍ ဆိုးမည်ဟု စိုးရိမ်နေကြသည်။ ရောဂါကြောင့် လူနှစ်ထောင်နီးပါး သေဆုံးခဲ့သည်။

မြန်မာ့အိမ်နီးခြင်း ဘင်္ဂလားဒေ့ချ်နိုင်ငံသည် ကူးစက်မှုအများဆုံးနိုင်ငံများစာရင်းတွင် ကူးစက်ခံနှစ်သိန်းသုံးသောင်းခန့်ဖြင့် အီတလီနိုင်ငံနောက်တွင် အဆင့်(၁၆)သို့ ရောက်လာခဲ့သည်။ ကူးစက်ခံရသူအများစုသည် ဆေးရုံများကိုမယုံကြည်သဖြင့် အိမ်မှာသာ ကုသကြရင်း ကွယ်လွန်ကြ၍ ရောဂါကုသရန်ပြင်ဆင်ထားသော အဆောင်များတွင် လူမရှိဟု ဆိုသည်။ တရားဝင်သေဆုံးစာရင်းသုံးထောင်ခန့်သာ ရှိသည်။ အိမ်တွင်သေဆုံးသူများမှာ ချက်ခြင်းသဂြိုဟ်လိုက်သဖြင့် စာရင်းမဝင်ဟု သိရသည်။

ဗီယက်နမ်နိုင်ငံ၏ တတိယအကြီးဆုံးမြို့ Da Nang ကို ရောဂါကူးစက်မှုကြောင့် နှစ်ပတ်တိတိပိတ်ထားမည်ဟု ဗီယက်နမ်အစိုးရက ကြေညာသည်။ ဧပြီလကုန်လောက်တွင် ကူးစက်မှုမရှိတော့၍ ရောဂါကင်းစင်ပြီဟု ယူဆကာ အသွားအလာကန့်သတ်မှုများ ပြန်လည်ဖြေလျှော့ပေးထားရာမှ ရောဂါပြန်လည်ဖြစ်ပွားကြောင်း တွေ့ခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်သည် ဒေသတွင်း၌ ကူးစက်မှုအနည်းဆုံး နိုင်ငံတစ်ခုဖြစ်သည်။

မြန်မာပြည်တွင် ကူးစက်မှုအသစ် မတွေ့ရှိရပါ။

ကမ္ဘာ့လူဦးရေ (၁၆.၇)သန်းအထိ ရောဂါကူးစက်ခံရပြီး ဆယ်သန်းကျော် သက်သာပျောက်ကင်းခဲ့သည်။ ခြောက်သိန်းခွဲကျော် သေဆုံးသည်။