Breaking News

လူထုရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးကြီးပါတယ် (အောင်ဆန်းစုကြည်)

Daw Aung San Suu Kyi (1995)

People are more important
လူထုရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးကြီးပါတယ်

(ဇင်လင်း ဘာသာပြန်သည်)

(မိုးမခ ပြန်လည်ဆန်းသစ်) ဇူလိုင် ၂၉၊ ၂၀၂၀


- ၁၉၉၅ ခုနှစ် ဇူလိုင်လ (၁ဝ) ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက် လာပြီးနောက် ဇူလိုင်လတွင် ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် ‘နေးရှင်းသတင်းစာ’ နှင့် တွေ့ဆုံ မေးမြန်းခန်းတခု ပြုလုပ်ခဲ့ပါသည်၊၊ နေးရှင်းသတင်းစာ အယ်ဒီတာချုပ် ဆူသီချိုင်းယွန် နှင့် အယ်ဒီတာ သက်ချိုင်းယုံတို့ နှစ်ဦးက အစောင့်များ ထူထပ်စွာ ချထားသော ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်တွင် ရှားရှားပါးပါး ပြုလုပ် နိုင်ခဲ့သော အင်တာဗျူး ဖြစ်ပါသည်၊၊ ထို အင်တာဗျူးကို ၁၉၉၅ ခုနှစ် သြဂုတ်လ (၁) ရက်နေ့ ည (၉) နာရီတွင် နေးရှင်း ရုပ်မြင်သံကြားမှ ထုတ်လွှင့် ခဲ့သည်၊၊

- ယခု ၂ဝ၂၀ ခုနှစ်တွင် (၂၅) နှစ်ကြာခဲ့ပြီ ဖြစ်သော်လည်း "သမိုင်းဝင် တွေ့ဆုံ မေးမြန်းခန်း" ဖြစ်သဖြင့် ယခု ပြန်လည်ဖေါ်ပြအပ်ပါသည်။

မေး၊၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစီ တိုက်ပွဲ ဝင်ခဲ့တဲ့ အတွက် ဒေါ်အောင်ဆန်း စုကြည်ကို ထမာဆတ် တက္ကသိုလ်က ‘နိုင်ငံရေးသိပ္ပံ ဒေါက်တာဘွဲ ့’ချီးမြှင့်ထားပါတယ်၊၊ အဲဒီဆု လက်ခံရယူနိုင်ဖို့ အတွက် ဘန်ကောက်ကို ခရီးသွားဖို့ ရှိပါသလား၊၊

ဖြေ၊၊ ကျမ သိပ်လာချင်ပါတယ်၊၊ ဘယ်တော့လောက် လာနိုင်မယ် ဆိုတာလည်း လောလောဆယ် ကျမ မပြောနိုင် သေးပါဘူး၊၊

မေး၊၊ မြန်မာပြည်ပြင်ပကို လတ်တလော ခရီးသွားဖို့ အစီအစဉ် မရှိသေးဘူးလို့ ဆိုလို ပါသလား၊၊
ဖြေ၊၊ လောလောဆယ် ခရီးမသွားနိုင်ပါဘူး၊၊ ဒီမှာလုပ်စရာတွေ အများကြီး ရှိနေလို့ပါ၊၊ အဖွဲ့အစည်း ကိစ္စ အာရုံစိုက် လုပ်စရာ တွေကလည်း အများကြီး ရှိနေတယ်လေ၊၊

မေး၊၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ယူဖို့ အော်စလိုကို သွားစရာရှိတယ်လို့ စောစောပိုင်းက ပြောခဲ့ဘူးတယ် ထင်ပါတယ်၊၊
ဖြေ၊၊ နော်ဝေနိုင်ငံ သံအမတ်ကြီးက အော်စလိုကို လာဖို့ ကျမကို ဖိတ်ခေါ် ထားတာတော့ မှန်ပါတယ်၊၊ ပုဂ္ဂိုလ်ရေး သဘောထားကို ပြောရရင် ကျမ ပထမဦး ဆုံးသွားချင်တဲ့ နိုင်ငံက နော်ဝေပါပဲ၊၊ ဘာကြောင့်လဲ ဆိုရင် နော်ဝေဟာ ကျမတို့ကို ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ထောက်ခံတဲ့ နိုင်ငံဖြစ်လို့ ပါပဲ၊၊ ဒါကို ကတိတခု လို့လည်း ဆိုနိုင်ပါတယ်၊၊ သဘောကတော့ အခွင့်အရေး ရတာနဲ့ တပြိုင်နက် ကျမ နော်ဝေကို သွားဖို့ကြိုးစားမှာ ဖြစ်လို့ပါပဲ၊၊

မေး၊၊ နော်ဝေကို အသွား၊ ဘန်ကောက်ကို ဝင်ဖြစ်ဦးမှာလား၊၊
ဖြေ၊၊ အပြန်မှာတော့ ဝင်ဖြစ်နိုင်စရာ ရှိပါတယ်၊၊ ကျမ နော်ဝေကို ပထမဦးဆုံး သွားဖို့ ကတိရှိထားလို့ပါ၊၊

မေး၊၊ ထိုင်းနိုင်ငံနဲ့ ခင်ဗျားနဲ့ ကြားမှာရော ဘယ်လို ဆက်နွယ်မှုမျိုး ရှိပါသလဲ၊၊ ခင်ဗျားရဲ့ ဖခင်ဟာ ၁၉၄၁ ခုနှစ်တုံးက ဗမာ့ လွတ်လပ် ရေးတပ်မတော်ကို ဘန်ကောက်မှာ ဖွဲ့စည်းသွားခဲ့ ဘူးပါတယ်၊၊ ခင်ဗျားအနေနဲ့ ဆိုရင်လည်းပဲ အခေါက်ပေါင်းများစွာ ဘန်ကောက်ကို ဖြတ်ပြီး သွားခဲ့ လာခဲ့ဖူးမှာပါ၊၊ မိတ်ဆွေတွေလည်း ဘန်ကောက်မှာ ရှိမှာပါ၊၊
ဖြေ၊၊ ကျမမှာ ဝန်ခံစရာတခုတော့ ရှိပါတယ်၊၊ လွန်ခဲ့တဲ့ (၆)နှစ်တာ ကာလ အတောအတွင်း ‘နေးရှင်း’လို သတင်းစာမျိုးတွေ အပါအဝင် ဘန်ကောက်မှာ ထုတ်ဝေတဲ့ စာအုပ် စာတန်းတွေကို ကျမ ဖတ်ဖြစ်ပါတယ်၊၊ ဒီ စာအုပ် စာတန်းတွေဟာ အတော်ကလေး အထောက်အကူ ဖြစ်ပါတယ်၊၊ အဲဒီမှာ ကျမတို ့သိရတာက ထိုင်းနိုင်ငံမှာ ကျမတို့ အခြေအနေကို မှန်မှန်ကန်ကန် နားလည်တဲ့ လူတွေ ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ၊၊ အဲဒီပုဂ္ဂိုလ် များဟာ ကျမတို့ကို တကယ် လိုလိုလားလား ကူညီချင်ကြတယ် ဆိုတာလဲ သိရပါတယ်၊၊ ဒီအချက်ဟာ ကျမအဖို့တော့ အလွန်တရာ အားတက်စရာ ကောင်းတဲ့ ကိစ္စပါပဲ၊၊ ကျမတို့ နိုင်ငံအရေး ကိစ္စအတွက် ထိုင်းနိုင်ငံမှာ အကူအညီ ရနိုင်စရာတွေ အများကြီး ရှိနေပါတယ်၊၊ ရှင်တို့ ‘နေးရှင်း’သတင်းစာ ဆောင်းပါးတွေဆိုရင် ရေးသမျှ သားသမျှ အကြောင်းအရာ အတော် များများမှာ ရဲရဲရင့်ရင့် ခိုင်ခိုင်မာမာ ရေးထားတာ တွေ့ရတယ်၊၊ တခါတရံ ရှင်တို့ အရေး အသားတွေကို ပျော့ပျော့ ပြောင်းပြောင်း ရေးဖို့ ခေါ်ယူ သတိပေး တာတွေတောင် ရှိတယ်လို့ ကျမကြားရတယ်၊၊ ဒါပေမယ့် ရှင်တို့ အရေးအသားတွေ ကတော့ အားရှိ ခိုင်မာ နေဆဲပါပဲ၊၊ ထိုင်းနိုင်ငံက သတင်းစာတွေဟာ မြန်မာ နိုင်ငံ အရေးကိစ္စ အပေါ် အမြဲ စိတ်ဝင်တစား ရှိနေတာ တွေ့ရပါတယ်၊၊ ကျရဲ့ ယေဘုယျအမြင် ကိုပြောရရင် ထိုင်းနိုင်ငံဟာ ခင်မင်စရာလည်းကောင်း အထောက်အကူလည်း ရတဲ့ နိုင်ငံမျိုး ဖြစ်ပါတယ်၊၊ တဖက်မှာ ပြဿနာတွေလည်း ရှိနေမှာပါပဲ၊၊ ကျမတို့ရဲ့ ဒီမိုကရေစီ အင်အားစုတွေ ကတော့ ထိုင်းအစိုးရ ပေါ်လစီ မူဝါဒတွေ အပေါ် ဝေဖန် အရေးဆိုတာတွေ ရှိနေပါတယ်၊၊ ဒုက္ခသည် စခန်းတွေနဲ့ ပတ်သက်တဲ့ ပြဿနာ အခက်အခဲ တွေလည်း ရှိနေပါတယ်၊၊ ဒီလို ကိစ္စမျိုး ဆိုတာ သမားရိုးကျ ဖြစ်ရိုးဖြစ်စဉ်လို့ ပြောနိုင်ပါတယ်၊၊ ဘာကြောင့်လဲ ဆိုတော့ ဒုက္ခသည်တွေ ရှိရင် ဒေသခံတွေနဲ ့မကျေနပ်မှု အချင်းများမှု ဆိုတာမျိုးကတော့ ရှိနေမှာပဲ၊၊ ဒါပေမယ့် ယေဘုယျ ခြုံငုံကြည့်ရင်တော့ ထိုင်း ပြည်သူများဟာ လူ လူချင်းစာနာတတ် ကူညီတတ်တဲ့ သူများ ဖြစ်တယ်လို့ ပြောရမှာပါ၊၊

မေး၊၊ ထိုင်းအစိုးရနဲ့ ပတ်သက်လို့ရော ဘာများ ပြောစရာရှိပါသလဲ၊၊
ဖြေ၊၊ ထိုင်းအစိုးရပေါ်လစီ မူဝါဒနဲ့ ပတ်သက်လို့ ကျမတို့ အရင်က ဝေဖန် ပြစ်တင်တာတွေ လုပ်ခဲ့ပြီးပါပြီ၊၊ ထိုင်းအစိုးရ အနေနဲ့ မြန်မာပြည်သူ လူထုကို ပထမဦးစားပေး စဉ်းစားဖို့ ကျမ တောင်းဆိုချင်ပါတယ်၊၊ ပြည်သူ လူထုဟာ အစိုးရထက်ပိုပြီး အရေးပါ ပါတယ်၊၊ အစိုးရ ကိုယ်တိုင် ကလည်း သူ့ကိုယ်သူ လူထုထက် ပိုပြီး အရေးပါ အရာရောက်တယ်လို့ ပြောလိမ့်မယ် မထင်ပါဘူး၊၊ သေချာတာကတော့ ပြည်သူ လူထုဟာ ပိုပြီး အရေးပါတယ် ဆိုတာပါပဲ၊၊

မေး၊၊ လူထုက အစိုးရထက် ပိုပြီး အရေးပါတယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ၊၊
ဖြေ၊၊ ကျမဆိုလိုတာက လူထုရဲ့ စိတ်ကူးစိတ်သန်းတွေ၊ မျှော်လင့်ချက်တွေ၊ လူထုဘဝ အခြေအနေ တွေကို အလေးထား စဉ်းစားစေချင် တဲ့သဘောပါ၊၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို ့၊ အကူအညီတွေ ပေးဖို ့ ရှင်တို့ စဉ်းစားတဲ့ အခါ၊ သာမန် ဆင်းရဲသား ပြည်သူလူထု အတွက် ဘယ်၍ ဘယ်မျှ အတိုင်းအတာ အထိ အထောက်အပံ့ ဖြစ်သလဲ ဆိုတာကို အမှန်တကယ် စဉ်းစားသင့်တယ်လို့ ဆိုလိုတာပါ၊၊ ချမ်းသာတဲ့ လူတွေ ကို ပိုပြီးချမ်းသာစေဖို ့လုပ်တဲ့ ရင်းနှီး မြှုပ်နှံမှုမျိုးကို ကျမတို့ လုံးဝ စိတ်မဝင်စားဘူး၊၊ အဲဒီလို ရင်းနှီးမြှုပ်နှံမှု မျိုးဟာ ရေများရာမှာ မိုး အထပ်ထပ် ရွာတာမျိုး ဖြစ်တယ်ဆိုတာ ရှင်တို့ နားလည် သဘောပေါက်မယ် ထင်ပါတယ်၊၊ တချိန်တည်းမှာ ဆင်းရဲသားတွေ ခမြာမှာတော့ သူတို့ဘဝ အခြေအနေတွေ တိုးတက် ပြောင်းလဲဖို့ လမ်းမမြင် ကမ်းမမြင် ဖြစ်နေရပါတယ်၊၊

မေး၊၊ အခု ဒေါ်စု နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာတာဟာ ထိုင်းအစိုးရရဲ့ ‘အပြုသဘော ဆက်ဆံရေး မူဝါဒ’ တစုံတရာ အောင်မြင်ခြင်း ရလဒ်ကြောင့်လို့ ထိုင်းအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တချို့က ထင်နေကြပါတယ်၊၊ ဘယ်လို မြင်ပါသလဲ၊၊
ဖြေ၊၊ ပွင့်ပွင့်လင်းလင်းပြောရရင် ‘အပြုသဘော ဆက်ဆံရေး’ နဲ့ ‘နိုင်ငံတကာ ဖိအားပေးမှု’ တွေဟာ ဘယ်၍ ဘယ်မျှအတိုင်း အတာ အထိ အောင်မြင်မှု ရှိခဲ့သလဲ ဆိုတာတော့ ကျမ မသိပါဘူး၊၊ ဒါပေမယ့် သေချာတာကတော့ ဖိအားပေးမှုကြောင့် သူတို့ အလျော့ပေး အညံ့ခံ လိုက်ရပါတယ်လို့ ဘယ်သူကမှ တရားဝင် ဝန်ခံ ပြောကြားမှာ မဟုတ်ပါဘူး၊၊ ဒါကြောင့် ‘အပြုသဘော ဆက်ဆံရေး’ ဘယ် အတိုင်းအတာ အထိ အောင်မြင်ခဲ့သလဲ ဆိုတာ သိနိုင်ဖို့ အစိုးရ အတွင်းစည်းထဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာ သိဖို့ လိုပါလိမ့်မယ်၊၊ အဲဒီလို သိနိုင်ဖို ့အတွက် ကျမတို့ နှစ် အနည်းငယ် အချိန်ယူ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်၊၊

မေး၊၊ ဒေါ်စု အကျယ်ချုပ် ကျနေတုန်းကရော ‘အပြုသဘော ဆက်ဆံရေး မူဝါဒ’ကို ကြားခဲ့ဖူး ပါသလား၊၊
ဖြေ၊၊ ကြားဖူးပါတယ်၊၊ တချိန်လုံး လိုလို ကြားနေရပါတယ်၊၊

မေး၊၊ ‘အပြုသဘောဆက်ဆံရေး မူဝါဒ’ အကြောင်း ပထမဆုံး စတင် ကြားသိတဲ့ အချိန်မှာ ဘယ်လို ခံစားတုန့် ပြန်မိပါသလဲ၊၊
ဖြေ၊၊ အတော်ကလေး အံ့အားသင့်မိတယ်လို ့ပြောရမယ် ထင်ပါတယ်၊၊ ပထမဆုံး ခံစားချက်ကို ပြောရရင်၊ ဒါမျိုးက ဖြစ်လာ နိုင်စရာ ရှိတဲ့ ကိစ္စတရပ်ပဲလို့ ကျမ မျှော်လင့် ထားပြီးသားပါ၊၊ ကျမ စိုးရိမ်မိတာက ဒီမူဝါဒကို အတိုင်းအရှည် မရှိ သူတို့ စွဲကိုင်ထားမယ့် အရေးပါပဲ၊၊ အဲဒီလို ဖြစ်ခဲ့ရင် ဒီမိုကရေစီ တိုးတက်ဖြစ်ပေါ်ရေး ကိစ္စအတွက် အန္တရာယ် ရှိပါတယ်၊၊

မေး၊၊ ‘အပြုသဘောဆက်ဆံရေး မူဝါဒ’ ဟာ ဘယ်လောက်များ အပြုသဘော ဆောင်စွမ်း ရှိမယ် ထင်ပါသလဲ၊၊
ဖြေ၊၊ ပြဿနာက ဘယ်သူ့ကို အပြုသဘော ဆက်ဆံမှာလဲ ဆိုတဲ့ မေးခွန်းကို အဖြေရှာရမှာ ဖြစ်ပါတယ်၊၊ ဒီမိုကရေစီ အင်အားစုတွေ အတွက် အပြုသဘောလား၊ သာမန် ပြည်သူလူထု အတွက် အပြုသဘောလား၊ စီးပွားရေး လုပ်ငန်းရှင် အဝန်းအဝိုင်း အတွက် အပြုသဘောလား၊ ဒါမှမဟုတ် နဝတ အဖွဲ့အတွက် အပြုသဘောလား၊ ဘယ်သူ့ အတွက် အပြုသဘောလဲ၊ ပြဿနာက ဒါပါပဲ၊၊

မေး၊၊ ဒီမိုကရေစီအင်အားစုတွေ ဒါမှမဟုတ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွက် အပြုသဘော သက်ရောက် တာမျိုး ရှိခဲ့ဖူးပါသလား၊၊
ဖြေ၊၊ တချို့က ‘အပြုသဘောဆက်ဆံရေး မူဝါဒ’ ကြောင့် ကျမ လွတ်မြောက် လာတာလို့ ပြောကြပါတယ်၊၊ ဒါပေမယ့် ခုချိန်အထိတော့ ခိုင်လုံတဲ့ အထောက်အထား မတွေ့ရ သေးပါဘူး၊၊ ဘယ်အကြောင်းကြောင့် ကျမ လွတ်မြောက် လာရတယ် ဆိုတာကိုလည်း ဘယ်သူ မှ ဂဃနဏ မသိကြပါဘူး၊၊ ဒီတော့ ‘အပြုသဘော ဆက်ဆံရေး’ ကြောင့် ကျမလွတ်လာတာလို့ မပြောနိုင်ပါဘူး၊၊

မေး၊၊ မြန်မာပြည်ကို အာဆီယံမိသားစုဝင် နိုင်ငံအဖြစ် လက်ခံပြီးပါပြီ၊၊ အာဆီယံ အနေနဲ့ မြန်မာ ပေါ်လစီကို ဘယ်လို ပြောင်းသင့်တယ် လို့ ထင်ပါသလဲ၊၊
ဖြေ၊၊ အာဆီယံမိသားစုဝင်နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ သာမန် ပြည်သူလူထု အတွင်းက အခြေ အနေတွေကို အနီးကပ် လေ့လာ ကြည့်ရှု စေချင်ပါတယ်၊၊ ရန်ကုန်နဲ့ မန္တလေး ကွက်ကွက်လောက်ကို ကြည့်တာမျိုး မဖြစ်စေချင်ဘူး၊၊ ရန်ကုန်မှာတောင်မှ စည်ပင်ဖွံ ့ဖြိုး နေတယ်လို ့ထင်ရတဲ့နေရာတွေ ရှိတယ် ဆိုပေမယ့်၊ အရင် ၁၄-၅ နှစ်က အတိုင်း ဘာမှ မပြောင်းလဲသေးတဲ့ နေရာတွေ ရှိနေတုန်းပါပဲ၊၊ နှစ်အတန် ကြာက အခြေအနေ အတိုင်း မပြောင်းသေးတဲ့ နေရာတွေ ရှိနေတယ်ဆိုတာ ကျမ ပြောနိုင်ပါတယ်၊၊ အာဆီယံကို ကျမဖြစ်စေချင်တာ ကတော့ မြန်မာနိုင်ငံနဲ့ ရေရှည် ဆက်ဆံရေးကို ကြည့်စေချင်တယ်၊၊ မြန်မာပြည် ရေရှည် ဖွံ့ဖြိုး တိုးတက်မှုကို ကြည့်စေ ချင်တယ်၊၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု မရှိရင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဆိုတာလဲ မရှိနိုင်ဘူးဆိုတဲ့ အချက်ကိုလည်း စဉ်းစားစေချင်တယ်၊၊

မေး၊၊ အာဆီယံအဖွဲ့ ဝင်ဖို့ လုပ်နေတဲ့ မြန်မာအစိုးရကို ဘယ်လိုအကြံမျိုး ပေးချင်ပါသလဲ၊၊
ဖြေ၊၊ မြန်မာနိုင်ငံဟာ တနေ့မှာ အာဆီယံအဖွဲ့ဝင် ဖြစ်လာဖို့ ကျမတို့ မျှော်လင့်ထားတဲ့ အကြောင်း၊ အမျိုးသား ဒီမိုကရစီ အဖွဲ့ချုပ် မူဝါဒကြေညာ စာတမ်းမှာ ဖေါ်ပြထားပါတယ်၊၊ ဒေသဆိုင်ရာ နိုင်ငံများအဖွဲ ့ကို ကျမ ယုံကြည်မှု ရှိပါတယ်၊၊ ဒီလို အဖွဲ့အစည်းမျိုး ရှိဖြင်းဟာ ဒေသအတွက် တင်မက ကမ္ဘာတခုလုံး အတွက်ပါ အလွန် ကောင်းပါတယ်၊၊ ဒါကြောင့် တနေ့မှာ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင် ဖြစ်လာဖို့အတွက် ကျမ အလွန် မျော်လင့် ထားပါတယ်၊၊ ဒါပေမယ့် ကျမ နားလည်ထားတာက မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်မလာခင် နှစ်အတန်ကြာ အချိန်ယူပြီး ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ရဦးမယ် ဆိုတာပါပဲ၊၊ လွန်ခဲ့တဲ့ လအနည်းငယ် တုံးက စင်္ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူးက အဲဒီသဘောပြောခဲ့ ဖူးပါတယ်၊၊

မေး၊၊ ဒီ ဒေသဆိုင်ရာအဖွဲ့ထဲကို မြန်မာနိုင်ငံ ဝင်လိုက်တဲ့ အတွက် ဒီမိုကရေစီ ရရှိဖို့ အရှိန် မြင့်တက်လာမယ် ထင်ပါသလား၊၊
ဖြေ၊၊ ဒီကိစ္စကိုတော့ ကျမ အတတ်မပြောနိုင်ပါဘူး၊၊ မြန်မာပြည်တွင်း အပြောင်း အလဲ ဖြစ်ရေး အတွက် အာဆီယံ နိုင်ငံတွေရဲ ့ဖျောင့်ဖျ မှုက ဘယ်လောက် ထိရောက်မှု ရှိနိုင်မှာလဲ ဆိုတာတောင် ကျမ မသိပါဘူး၊၊ ‘အပြုသဘော ဆက်ဆံရေး’ ကို ရှေ့တန်း တင်နေချိန်မှာ အာဆီယံ နိုင်ငံတချို့က သူများပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ဘူးလို့လည်း သတိထားပြီး ပြောနေကြတာကိုတော့ ကျမ သတိပြုမိပါတယ်၊၊ သူများပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ဘူး ဆိုရင် ကျမတို့ နိုင်ငံ အပြောင်းအလဲ ဖြစ်အောင် သူတို့ ဘယ်လောက် ကူညီနိုင်မှာလဲ၊၊

မေး၊၊ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အပေါ် အာဆီယံနိုင်ငံ တနိုင်ငံက ဝေဖန်ရေး စပြီးလုပ်လာရင်၊ အဲဒါကို စွက်ဖက်မှု အဖြစ် စဉ်းစားမှာလား၊၊
ဖြေ၊၊ ကျမကတော့ အဲဒီလို မယူဆဘူး၊၊ ကမ္ဘာကြီးက တနေ့တခြား သေးငယ် လာနေပြီလေ၊၊ အတိုင်းအတာ တခုအထိ နိုင်ငံတကာ အမြင်၊ နိုင်ငံတကာ သြဇာ သက်ရောက်မှုကနေ လွတ်ကင်းတဲ့ နိုင်ငံရယ်လို ့မရှိနိုင်ဘူး ဆိုတဲ့ အချက်ကို ကျမတို့ လက်ခံရလိမ့်မယ်၊၊ တကယ်တော့ နိုင်ငံတခုရဲ့ ပြည်တွင်းရေးမှာ ဘယ်အတိုင်းအတာ အထိ ဝင်ရောက် စွက်ဖက်ခွင့်ပြုတယ် ဆိုတဲ့ ကန့်သတ်ချက်က ရှိပြီးသား ဖြစ်ပါတယ်၊၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ ့ ပြည်တွင်းရေး စွက်ဖက်ဖို့ ဒါမှမဟုတ် အချုပ်အခြာ အာဏာကို ထိပါးဖို့ ဆိုတာမျိုးတော့ ဘယ်သူမှ မမျှော်လင့် ကောင်းပါဘူး၊၊ ဒါပေမယ့် ကျမတို့ အနေနဲ့ ဒေသ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဂရုစိုက်တယ်ဆိုရင် ဒေသတွင်း နိုင်ငံတွေမှာ ဘယ်လို အစိုးရ အမျိုးအစားတွေ ရှိနေတယ် ဆိုတာကိုတော့၊ ကျမတို့ ဂရုစိုက် သင့်ပါတယ်၊၊

မေး၊၊ ဒဏ်ခတ်အရေးယူမှုတွေကို သဘောတူပါသလား၊၊
ဖြေ၊၊ ဒဏ်ခတ်အရေးယူမှုနဲ့ ပတ်သက်လာရင် ကျမ လက်ခံထားတဲ့ သဘောထား တရပ် ရှိပါတယ်၊၊ အဲဒါက ဒီ ဒဏ်ခတ်မှုဟာ သာမန် ပြည်သူများကို ထိခိုက် နစ်နာမှု မရှိစေဖို့ပဲ ဖြစ်ပါတယ်၊၊ ဒဏ်ခတ် အရေးယူဖို ့စဉ်းစားတဲ့ အခါ ဘယ်လို ဒဏ်ခတ်မှုမျိုးကို အကောင်အထည် ဖေါ်ဖို့ ဖြစ်ဖြစ် စေ့စေ့စပ်စပ် သေသေချာချာ လေ့လာပြီးမှ လုပ်သင့် ပါတယ်၊၊ ကျမ နားလည် သဘောပေါက်တဲ့ အတိုင်း ပြောရရင် လွန်ခဲ့တဲ့ (၆)နှစ် အတွင်း စီးပွားရေး ပြောင်းလဲမှုရဲ့ အကျိုး သက်ရောက်မှုဟာ အခြေခံ လူထုဆီအထိ မရောက်ခဲ့ပါဘူး၊၊ ဒီတော့ ဒဏ်ခတ်အရေးယူမှု ဟာလည်း လူထုကို ထိခိုက်လိမ့်မယ်လို့ မဆိုနိုင်ပါဘူး၊၊

မေး၊၊ မြန်မာပြည်အပေါ် ပြင်ပကဖိအားပေးမှုတွေနဲ့ ပတ်သက်လို့ စစ်အစိုးရက ဘယ်လိုများ တုန့်ပြန်ပါသလဲ၊၊
ဖြေ၊၊ ပြင်ပက ဖိအားပေးမှုကို စစ်အစိုးရက သိပ်ပြီး ဂရုစိုက်ပုံ မရပါဘူး၊၊ ဒါပေမယ့် လုံးဝ ကျောခိုင်းပစ်ပယ် ထားတာမျိုးတော့လည်း မဟုတ်ဘူး၊၊ သူတို့ နိုင်ငံတကာနဲ့ ပိုပြီးထိတွေ့ ဆက်ဆံလာတာ တွေ့ရတဲ့ အတွက် တဖြည်းဖြည်းတော့ ရင့်ကျက် လာမယ်လို့ မျှော်လင့်ပါတယ်၊၊ နိုင်ငံတကာရဲ ့သဘောထား အမြင်တွေကိုလည်း ပိုပြီး လေးစား လာလိမ့်မယ် ထင်ပါတယ်၊၊

မေး၊၊ သူတို့ ရင့်ကျက်လာပြီလို့ ထင်ပါသလား၊၊
ဖြေ၊၊ ဒါတော့ ကျမ မပြောနိုင်ပါဘူး၊၊ သူတို့ထဲက တချို ့ကတော့ ကျမကို အရင်ထက် ပိုပြီး ရင့်ကျက်လာပြီလို့ ပြောကြတယ်၊၊ သူတို့က ကျမကို အဲဒီလို ပြောခြင်းဟာ၊ သူတို့ကိုယ်တိုင်နဲ ့နှိုင်းယှဉ်ပြောတာ ဖြစ်ပါစေလို ့ မျှော်လင့် မိပါတယ်၊၊

မေး၊၊ စစ်တပ်က အရပ်ဖက် အစိုးရကို အာဏာလွှဲပေးမယ့် အရိပ် လက္ခဏာများ မြင်မိပါသလား၊၊
ဖြေ၊၊ ဒီကိစ္စက ပြောဖို ့သိပ် စောပါသေးတယ်၊၊ ခုအချိန်မှာ ကိစ္စတချို့ကို တိုးတိုး တိတ်တိတ် လုပ်ရတာ ကျမတို့ ပိုပြီး သဘောကျတယ်၊၊ တိုးတက် ဖြစ်ထွန်းမှု နှုန်းထားနဲ့ ပတ်သက်လို့ ဝေဖန်သင့်တဲ့ အချိန်ရောက်ရင် ကျမတို့ ဝေဖန်မှာပါ၊၊ တွေ့ဆုံဆွေးနွေးပွဲ အောင်မြင်ဖို့ ကျမတို့ရဲ့ ကြိုးပမ်းချက်တွေနဲ့ ပတ်သက်လို့လည်း၊ အချိန်ကျရင် ပြောစရာ ရှိတာကို ကျမတို့ ပြောမှာပါ၊၊

မေး၊၊ လက်ဆုပ်လက်ကိုင်ပြစရာ ရလဒ်တွေ ရလာတဲ့ အထိ တစုံတရာ ကြေညာချက် မထုတ်ပြန်ဘဲ၊ အစိုးရနဲ့ ပြောဆို ဆွေးနွေးမှုတွေ ရှိနေမယ်လို့ ဆိုလို ပါသလား၊၊
ဖြေ၊၊ ကျမဆိုလိုတာက လောလောဆယ် အခြေအနေမှာ သူတို့ ဘယ်တော့လောက် စကားပြောလာမယ်၊ ဆွေးနွေးပွဲ ဖြစ်ထွန်းလာမယ်၊ ဆိုတာ အတိအလင်း ထင်ကြေး မပေးလိုဘူးလို့ ဆိုလိုတာပါ၊၊ တကယ်လို ့ကျမတို့မှာ ကြိုတင် မျှော်မှန်းထားတာတွေ သိပ်များ လွန်းနေရင် လက်တွေ ့အလုပ်သဘော ဆက်ဆံရတဲ့ အခါ ကိုယ်မှန်းထားတာ ထက် မလျော့နိုင်မှာ စိုးရတယ်၊၊ ဒါကြောင့် တွေ့ဆုံဆွေးနွေးပွဲ အဆင်ပြေပြေ ဖြစ်လာရေး အတွက် ၊ သတင်း မထွက်ဘဲ တိုးတိုးတိတ်တိတ် စကားပြောရမယ့် အချိန် ကာလ တရပ် ရှိဖို့လည်း လိုအပ်ပါတယ်၊၊

မေး၊၊ လောလောဆယ် တိကျတဲ့ ရည်မှန်းချက် မရှိသေးဘူးလို ့ဆိုလို ပါသလား၊ ကျေနပ်လောက်တဲ့ ညှိနှိုင်း သဘောတူညီမှု ရ မရ မသေချာသေး သရွေ့ ဆက်ပြီး စကား ပြောနေရဦးမယ်လို့ ဆိုလိုတာလား၊၊
ဖြေ၊၊ ကျမ အဲဒီလောက် ရှည်ရှည်ဝေးဝေးကြီး တွက်ဆပြီး ပြောနေတာ မဟုတ်ပါဘူး၊၊ ဘယ်တော့လောက် ဆွေးနွေးပွဲ စဖို့ မျှော်လင့် နိုင်မလဲ ဆိုတဲ့ သေချာရေရာတဲ့ ရည်မှန်းချက် ကလေးတောင်မှ ကျမတို့မှာ မရှိသေးဘူးလို့ ဆိုလိုတာပါ၊၊

မေး၊၊ ခင်ဗျားရဲ့တွေ့ဆုံ မေးမြန်းခန်းတချို့မှာ ‘နယ်လ်ဆင်မန်ဒဲလား’ကို ဖေါ်ညွှန်း ပြောဆိုတာ တွေ့ရပါတယ်၊၊ မြန်မာ့ အရေးကို တောင်အာဖရိက နည်းနာနဲ့ ဖြေရှင်းရမယ်လို့များ ကြိုတင် မြင်ထားပါသလား၊၊
ဖြေ၊၊ ကျမတို ့မြန်မာနိုင်ငံဟာ တောင်အာဖရိက မဟုတ်တဲ့ အတွက် တောင်အာဖရိက နည်းနာနဲ့ တထပ်တည်း ဖြေရှင်းလို့ မရနိုင်ပါဘူး၊၊ တောင်အာဖရိကကို ဥပမာပေး သုံးစွဲရတဲ့ အကြောင်းက၊ ‘တွေ့ဆုံဆွေးနွေး အဖြေရှာရေး’ နည်းနဲ့ ကျမတို့ ပြဿနာ ဖြေရှင်းနိုင်တယ်လို့ ဆိုလိုတာပါ၊၊ ‘တွေ့ဆုံဆွေးနွေး အဖြေရှာရေး’ နည်းနဲ့ ပြဿနာ ဖြေရှင်းနိုင်တယ် ဆိုတာကို ဘယ်သူမှ အယုံအကြည် မရှိခဲ့တဲ့ ကာလ တခု ရှိခဲ့ဖူးတယ် မဟုတ်လား၊၊ တောင်အာဖရိက ဥပမာကို ကျမ သဘော ကျမိတာက ယူဂို ဆလားဗီးယား အခြေအနေမျိုးကို သဘောမကျကြောင်း ပြောချင်လို့လည်း ဖြစ်ပါတယ်၊၊ ယူဂို ဆလားဗီးယားက လူတွေဟာ စားပွဲဝိုင်းမှာ ထိုင်ပြီး အဖြေ မရှာခဲ့ကြတဲ့ အတွက် အရာခပ်သိမ်း ပျက်သုဉ်းတာပဲ အဖတ်တင်ပြီး၊ ဘယ်သူမှ အကျိုးအမြတ် မရရှိခဲ့ကြဘူး၊၊ တောင်အာဖရိကမှာ ကျတော့ နယ်လ်ဆင် မန်ဒဲလားတို့ တတွေဟာ တချိန်က အသားအရောင် ခွဲခြားမှု ပြဿနာ အပေါ် ပြင်းပြင်းထန်ထန် တက်တက်ကြွကြွ ဆန့်ကျင်ခဲ့ကြပေမယ့်၊ နှစ်အတန် ကြာပြီးတဲ့နောက် သူတို့အမြင်တွေ ပျော့ပျောင်း လာခဲ့တယ်၊၊ တွေ့ဆုံ ဆွေးနွေးတဲ့ နည်းကလွဲလို့ တခြားလမ်း မရှိဘူးလို့ ဆုံးဖြတ် နိုင်ခဲ့ကြတယ်၊၊

မေး၊၊ မြန်မာနိုင်ငံမှာ နောက်တဆင့်တက်ပြီး နိုင်ငံရေး အဖြေရှာကြတဲ့ အခါ ခင်ဗျားရဲ့ အခန်း ကဏ္ဍကို ဘယ်လို ခန့်မှန်းပါသလဲ၊၊
ဖြေ၊၊ ကျမရဲ့ အခန်းကဏ္ဍ အနေနဲ့ပြောရရင် ဒီမိုကရေစီ အင်အားစုတွေ စည်းလုံး ညီညွတ်ရေးနဲ့ လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်း ခြိမ်းခြောက် ခံခဲ့ရတဲ့ ဒီမိုကရေစီ လှုပ်ရှားမှု အင်္ဂါ အစိပ်အပိုင်းတွေ ပြန်လည် ရှင်သန်လာဖို့ တကျော့ပြန် ဆောင်ရွက်ရမယ်လို့ ခံစား မိပါတယ်၊၊

မေး၊၊ ‘နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး’ ကိစ္စကို အခြေခံ သတ်မှတ်ချက် တခု အဖြစ် တောင်းဆိုဖို့ ရှိပါသလား၊၊
ဖြေ၊၊ ကျမရဲ့ ပထမဆုံးကြေညာချက်မှာ နိုင်ငံရေး အကျဉ်းသားများကို မြန်နိုင်သမျှ မြန်မြန် လွှတ်ပေးဖို့ အာဏာ ပိုင်များကို တိုက်တွန်း ထားပါတယ်၊၊ ဒါပေမယ့် အခြေခံ သတ်မှတ်ချက်တွေ သတ်မှတ် တောင်းဆိုတာ မျိုးနဲ့ ကျမတို့ အစပျိုးမှာ မဟုတ်ပါဘူး၊၊ အားလုံး စားပွဲဝိုင်းမှာ ဝိုင်းထိုင်ကြဖို့ဆိုတဲ့ ရှင်းလင်း ပြတ်သားတဲ့ ရည်မှန်းချက်နဲ့ အစပျိုး နေတာပါ၊၊ စကားဝိုင်း စနိုင်မှ သတ်မှတ်ချက်ကိစ္စ ဆွေးနွေး နိုင်မှာပေါ့၊၊

မေး၊၊ စကား စ ပြောနေပြီလား၊၊
ဖြေ၊၊ မပြောဖြစ်သေးပါဘူး၊၊ ရှင်တို့မြင်တဲ့ အတိုင်းပဲလေ၊ အခု ရှင်တို့နဲ့ ကျမ ထိုင်နေသလို ‘စားပွဲဝိုင်းမှာ ကျမတို့ ကတော့ ထိုင်နေတာပဲ’၊၊

မေး၊၊ သူတို့ဘက်က စကားပြောချင်ပုံရော ရရဲ့လား၊၊
ဖြေ၊၊ သူတို့ ဘက်က စကားပြောချင် သလား မပြောချင်ဘူးလား ဆိုတာတော့ ကျမလည်း မပြောတတ်ဘူး၊ လတ်တလော အနေ အထားကတော့ စကားပြောချင်တဲ့ လက္ခဏာ မတွေ့ရသလို၊ မပြောချင်တဲ့ လက္ခဏာလည်း မပြဘူး၊၊ အခြေအနေက နည်းနည်း စောနေသေးတဲ့ ပုံပါပဲ၊၊

မေး၊၊ လက်ရှိအခြေအနေမှာ ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ထားတာရော ရှိပါသလား၊၊
ဖြေ၊၊ လမ်းကြောင်းတခုတော့ ရှိပါတယ်၊ ခြံတခါးဝမှာ ထောက်လှမ်းရေး အစောင့်တွေ ချထားတာ ရှိပါတယ်၊၊ ဒီတော့ အာဏာပိုင်များ နဲ့ အဆက်အသွယ် ပြတ်နေတယ်လို့ မဆိုနိုင် ဘူးပေါ့၊၊

မေး၊၊ ခင်ဗျားက ခင်ဗျားကို အားပေးထောက်ခံကြသူတွေ အနေနဲ့ သိပ်အများကြီး မျှော်လင့်မထားဖို၊့ သိပ်မြန်မယ် လို့လည်း မထင်ကြဖို့ ပြောတာ တွေ့ရပါတယ်၊၊ သူတို့ရဲ့ လက်ရှိ မျှော်မှန်းချက်တွေက ဘာတွေပါလဲ၊၊
ဖြေ၊၊ ကျမ ဘာကို ဆိုလိုတယ် ဆိုတာ သူတို့ သဘောပေါက် ကြပါတယ်၊၊ မြန်မာနိုင်ငံမှာ ဝမ်းနည်းစရာ အကောင်းဆုံး ကိစ္စ တခုရှိနေတယ်၊၊ အဲဒါက ကျမကို ထောက်ခံသူတွေ အနေနဲ့ အာဏာပိုင်တွေ အပေါ်မှာ အယုံအကြည် မရှိဖြစ်နေတဲ့ အချက်ပါပဲ၊၊ မြန်မာနိုင်ငံ တဝှမ်းလုံးမှာ သံသယတွေ ဖုံးလွှမ်းနေတယ်၊၊ လူတိုင်း လူတိုင်းက ဘယ်သူဟာ စစ်တပ် သတင်းပေးလဲလို့ သံသယတွေ များနေကြတယ်၊၊ ယုံကြည်မှု ပတ်ဝန်းကျင်တခု တည်ဆောက်ရေးဟာ ဒီနေ့ ကြုံတွေ့နေရတဲ့ အခက်ခဲဆုံး အလုပ်တွေထဲက တခုပဲ၊၊ လူထုကို သိပ်အမြင့်ကြီး မမျှော်မှန်းနဲ့၊ သိပ် အလျင်မလိုနဲ့လို့ ကျမက ပြောတဲ့အခါ၊ သူတို့ ပြည့်ပြည့်ဝဝ သဘောပေါက် ကြပါတယ်၊၊ တကယ်တော့ သူတို ့ထဲက အတော်များများက ကျမကို သတိရှိဖို ့ပြောနေကြတာပါ၊၊ ဘာကြောင့်လဲ ဆိုတော့ ကျမကို အာဏာပိုင်တွေက အမှန်တကယ် လွှတ်ပေးတယ်လို့ သူတို့တကယ် မယုံကြလို့ပါပဲ၊၊

မေး၊၊ ခင်ဗျားကို ထောက်ခံသူတွေကတောင် အာဏာပိုင်တွေကို မယုံပဲနဲ့၊ ခင်ဗျားက အာဏာပိုင်တွေကို ယုံနေ သလား၊၊
ဖြေ၊၊ သူတို့ဟာ ယုံကြည် စိတ်ချထိုက်သူတွေ ဖြစ်ကြောင်း လူထုက ပြသဖို့ လိုတယ်၊၊ သူတို့ကို စိတ်ချ လက်ချ မယုံနိုင်ခင်၊ သူတို ့ဟာ ယုံကြည်လောက် သူတွေ ဖြစ်ကြောင်း အရိပ်လက္ခဏာ ပြသဖို့ လိုပါတယ်၊၊ ဒါဟာ အသွားရှိမှ အပြန်ရှိတဲ့ သဘော၊ အပြန်အလှန် ဖြစ်စဉ် သဘောပါပဲ၊၊

မေး၊၊ ခင်ဗျားအပေါ်မှာရော အာဏာပိုင်တွေက ယုံကြည်မှုရှိကြရဲ့လား၊၊
ဖြေ၊၊ ဒီမေးခွန်းက သူတို့ကို တိုက်ရိုက်မေးရမယ့် မေးခွန်း ဖြစ်ပါတယ်၊၊ ကျမကိုယ်တိုင်လည်း ဒီအဖြေကို သိချင်ပါတယ်၊၊ သူတို့ ကျမနဲ့ အဆက်အဆံ လုပ်လာခဲ့တာ ခြောက်နှစ်တောင် ရှိပြီဆိုတော့၊ ကျမအကြောင်း ကောင်းကောင်း သိနေကြပါပြီ၊၊ ‘ခင်ဗျားတို ့သူ့ကို ယုံကြည်မှု ရှိပါရဲ့လား’ လို့ ရှင်တို့ မေးပေးမယ်ဆိုရင် ကျမ ရှင်တို့ကို ကျေးဇူး တင်နေမှာပါ၊၊

မေး၊၊ ခင်ဗျားကို ဖမ်းဆီး ထိမ်းသိမ်းခဲ့သူတွေ အပေါ်မှာ ခင်ဗျားက ဒေါသလည်း မဖြစ် ၊ အာဃာတလည်း မထားလို့ သိရတော့ လူအတော်များများက အံ့သြ ကြတယ်လို့ ဆိုပါတယ်၊၊
ဖြေ၊၊ ဒါကို အံ့သြကြသတဲ့လား၊၊ အင်းစိန်ထောင် နဲ့ တခြားထောင်တွေထဲမှာ ကျမထက် ပိုဆိုးတဲ့ အခြေအနေ အောက်မှာ နေခဲ့ရတဲ့ လူအများစုကလည်း ကျမလိုပဲ အာဃာတ မထားကြပါဘူး၊၊ ကျမရဲ့ လုပ်ဖေါ် ကိုင်ဖက် အားလုံးဟာ စိတ်ကောင်း နှလုံးကောင်းရှိပြီး၊ ဂုဏ်ပြု ထိုက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ အတွက် ကံကောင်းတယ်လို့ ဆိုရပါမယ်၊၊ သူတို့ဟာ အမြဲ ရှေ့အနာဂတ်ကိုသာ မျက်နှာမူ ထားကြပြီး၊ အတိတ်ကို ပြန်ပြီး ကြည့်နေကြသူတွေ မဟုတ်ပါဘူး၊၊ သူတို့ဟာ ယုံကြည်ချက် ခိုင်မာသူတွေ ဖြစ်ယုံမက၊ ကိုယ့်ကိုယ် ကိုလည်း ယုံကြည်မှု ရှိသူတွေ ဖြစ်ပါတယ်၊၊ ဒါကြောင့်လည်း လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်း ဒုက္ခတွေကို ခါးစည်းပြီး ခံခဲ့ကြရပေမယ့်၊ သူတို့မှာ အာဃာတ မရှိကြတာ ဖြစ်ပါတယ်၊၊

မေး၊၊ ခြောက်နှစ်တာ နေအိမ်မှာ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အတွက် ‘ဒီမိုကရေစီ ရရှိရေး သဘောထား ရပ်တည်ချက် ’ ပြောင်းလဲမှုများ ရှိပါ သေးသလား၊၊
ဖြေ၊၊ ကျမတင်မကပါဘူး၊ ကျမရဲ့ လုပ်ဖေါ်ကိုင်ဖက် တွေလည်း ဒီနှစ်တွေ အတော အတွင်း အတော် ဒုက္ခ ရောက်ပါတယ်၊၊ ကျမက ကိုယ့်အိမ်မှာတင် အကျဉ်းကျတာပါ၊ ကျမရဲ့ ရဲဘော်များကတော့ အကျဉ်း ထောင်ထဲမှာ နေခဲ့ကြရတာပါ၊၊ ဒါပေမယ့် အမုန်းအတေးတွေ မထားဘဲ သူတို့ပြန်ထွက် လာနိုင်ကြတဲ့ အတွက် ကျမ အတော် ဝမ်းသာ မိပါတယ်၊၊ ကျမအိမ်က ကမ္ဘာပေါ်မှာ အလှပဆုံး ဆိုတဲ့ အိမ်တော့ မဟုတ်ပါဘူး၊၊ ဒါပေမယ့် အင်းစိန်ထောင် အပါအဝင် မြန်မာနိုင်ငံက ဘယ်ထောင်တွေထက် မဆို၊ ကျမအိမ်က အများကြီး သက်တောင့် သက်သာ ရှိပါသေးတယ်၊၊ ထောင်တွေ ထဲမှာ နေရထိုင်ရတဲ့ အခြေ အနေက အတော်ကို ဆိုးရွား လှပါတယ်၊၊ ဒါပေမယ့် သူတို့ အာဃာတ မထားဘဲ ပြန်ထွက်လာ ခဲ့ကြပါတယ်၊၊ သူတို့ တောင်မှ အာဃာတ မထားဘဲ ထွက်လာ နိုင်ကြ သေးရင်၊ ကျမကရော ဘာလို့ အာဃာတ ရှိရမှာလဲ၊၊ ကျမတို့ အားလုံးမှာ တူညီတဲ့ စိတ်ထားတွေ ရှိနေကြပါတယ်၊၊

မေး၊၊ သူတို့အပေါ်မှာ ခင်ဗျားက အာဃာတ မထားရှိဘူး ဆိုတာကို သူတို့ သိရော သိရဲ့လား၊၊
ဖြေ၊၊ သူတို့ သိမယ် ထင်ပါတယ်၊၊ အာဃာတ မထားရေးကို သူတို့လည်း အတုယူ သင့်ပါတယ်၊၊

မေး၊၊ စစ်တပ်က ခင်ဗျားကို ဘယ်လိုနိုင်ငံရေး အခန်းကဏ္ဍမှာ ပါစေချင်တာလဲ၊၊
ဖြေ၊၊ သူတို့အားလုံးရဲ့ အမြင်တွေက တူကြမှာတော့ မဟုတ်ဘူး၊၊ စစ်ဗိုလ်တချို့က ကျမကို ဒီ အခန်း ကဏ္ဍမှာ ပါစေချင်ပေမယ့်၊ ကျန်တချို့က မပါစေချင်ပြန်ဘူး၊၊ ကျမအနေနဲ့ သူတို့အကြိုက် လိုက်ပြီး မပြောနိုင်ဘူး၊၊ သူတို့က ကျမ နိုင်ငံရေး ဝင်မလုပ်နိုင်အောင် တားဆီးဖို့ ကြိုးပမ်းကြတယ်၊၊ ကျမကို တိုင်းပြည်ကနေ လွတ်လပ်စွာ ထွက်ခွာ သွားဖို့လည်း ကမ်းလှမ်းကြတယ်၊၊ ဒါမျိုး ကျမဘယ်တော့မှ လက်မခံဘူး၊၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ဇန္နဝါရီလ ကြေညာချက်မှာ ကျမ ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ၊၊ ကြေညာချက်မှာ ကျမ ရည်ရွယ်ချက်က နိုင်ငံရေး တက်တက် ကြွကြွ ဆက်လုပ်သွားမယ်လို့ ပြောထားပါတယ်၊၊

မေး၊၊ စစ်ခေါင်းဆောင်ပိုင်းမှာ အုပ်စုကွဲနေတယ်လို့ ဆိုလိုပါသလား၊၊
ဖြေ၊၊ ကျမအဲဒီလို မထင်ပါဘူး၊ ကျမကို ဘာလုပ်စေချင်တယ် ဆိုတာနဲ့ ပတ်သက်လို့ မတူညီတဲ့ သဘောထား အမြင်တွေ ရှိနိုင်ပါတယ်၊ ဒါပေမယ့် ကျမသာ နိုင်ငံရေးက ထွက်သွားမယ်ဆိုရင် အကောင်းဆုံး ဖြစ်မယ်လို ့သူတို့ အားလုံး သဘောတူကြပါတယ်၊၊ အခု သူတို့ဖြစ်စေ ချင်သလို ကျမက ဖြစ်မလာတော့၊ ကျမကို ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ ထင်မြင်ချက် အသစ်တွေ ပေးလာတာပါ၊၊ ဒါပေမယ် ကျမ ရည်ရွယ်ချက်က နိုင်ငံရေး အခန်းကဏ္ဍမှာ တက်တက် ကြွကြွ ဆက်လုပ်သွားမယ်လို့ ပြောထားပြီးသားပါ၊၊

မေး၊၊ အခု ခင်ဗျားကို ကြိုတင် စည်းကမ်း သတ်မှတ်ချက် လုံးဝမရှိဘဲ ပြန်လွှတ် ပေးတာလား၊၊
ဖြေ၊၊ မရှိပါဘူး၊ ဘယ်လို ကြိုတင်စည်းကမ်းချက်မျိုးကို မဆို ကျမ လက်မခံဘူး ဆိုတာ သူတို့သိပါတယ်၊၊

မေး၊၊ တိုင်းပြည်ထဲက ထွက်ခွာသွားပြီးရင် ပြန်ဝင်ခွင့် မပေးမှာ ခင်ဗျား စိုးရိမ် နေပါသလား၊၊
ဖြေ၊၊ ဟုတ်ပါတယ်၊ ဒါကြောင့် ထမာဆတ် တက္ကသိုလ်ကို ကျမ ချက်ချင်း မလာနိုင်တာ ဖြစ်ပါတယ်၊၊

မေး၊၊ ခင်ဗျား နိုင်ငံက ထွက်ခွာရေး ကိစ္စနဲ့ပတ်သက်လို့ စစ်အာဏာ ပိုင်တွေက တစုံတရာ ပြောဖူးတာ ရှိပါသလား၊၊
ဖြေ၊၊ မပြောဘူးပါဘူး၊ ဒီကိစ္စနဲ့ပတ်သက်လို့ စကားလည်း မပြောဘူးပါဘူး၊ နိုင်ငံ့အပြင် ထွက်ရေး ကိစ္စက ကျမ ဘာသာ ဆုံးဖြတ်ရမှာပါ၊ ကျမ ထွက်သွားမှာ မဟုတ်ဘူး ဆိုတာလည်း သူတို့သိတယ် ထင်ပါတယ်။

မေး၊၊ ဆွေးနွေးနိုင်မယ့် နည်းလမ်း ကြိုးစားရှာဖွေဖို့ အတွက် ခင်ဗျားဒီမှာ ဆက်နေတာလို့ ဆိုလိုတာလား၊ ဒါမှလည်း အဖြေတခု ထွက်မှာ မဟုတ်လား၊ ခင်ဗျားမှာ အချိန်ဇယားတခု မှန်းထားတာများ ရှိပါသလား၊၊
ဖြေ၊၊ လောလောဆယ် မရှိပါဘူး၊၊ ဒါပေမယ့် တနေ့မဟုတ် တနေ့မှာ ပိုမို တိုးတက်တဲ့ အခြေအနေ အချိန်အခါကို ကျမတို့ရောက်ချင်ပါတယ်၊၊ ဒါပေမယ့် အဲဒီလို အချိန်ကို လွယ်လွယ်နဲ ရောက်လိမ့်မယ်လို့တော့ ကျမ မထင်မိဘူး၊၊

မေး၊၊ ခင်ဗျားနဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီမိုကရေစီ ရရှိလိုတဲ့ အတွက် အကယ်၍ အမျိုးသား ညီလာခံတက်ဖို့ ဖိတ်ခေါ်လာရင် တက်ရောက် နိုင်မှာလား၊၊
ဖြေ၊၊ ဒီကိစ္စက အာဏာပိုင်များ အပေါ်မှာ အများကြီး မူတည်ပါတယ်၊ သူတို့က ကျမတို့နဲ့ တွဲလုပ်ချင်ရဲ့လား၊ ဒါမှမဟုတ် တခြား လူတွေနဲ့ တွဲလုပ် ချင်တာလား၊ ပြီးတော့ ညီလာခံရဲ့ ဦးတည်ချက်က ဘယ်လဲ၊ အမျိုးသား ညီလာခံဆိုတာ သတ်မှတ်ချက် တခုသာ ဖြစ်ပါတယ်၊ ဘယ်လို အမျိုးသား ညီလာခံ အမျိုးအစားကို တက်ရောက်ဖို့ ကျမတို့ကို ဖိတ်မှာလဲ ဆိုတဲ့ အပေါ်မှာလည်း အများကြီး မူတည်ပါတယ်၊၊

မေး၊၊ ရန်ကုန်တခွင်မှာ အဆောက်အဦး အသစ်တွေ အများအပြား ဆောက်နေတာ တွေ့ရပါတယ်၊ အများဆုံး ကတော့ ဟိုတယ် အသစ်တွေ ဖြစ်ပါတယ်၊၊ ဒါဟာ မြန်မာပြည် အတွက် ဘယ်လို အဓိပ္ပါယ် သက်ရောက် ပါသလဲ၊၊
ဖြေ၊၊ ဟိုတယ် အသစ်တွေ ဆောက်နေတာလား၊ ဒါဟာ မြန်မာပြည်ရဲ့ ပုံသဏ္ဍာန်ကို အတိအကျ ဖေါ်ပြနေတာ ဖြစ်ပါတယ်၊ ကျမလည်း ဟိုတယ်တွေချည်း ဆောက်နေတာနဲ့ ပတ်သက်လို ့နားမလည်နိုင်အောင် ဖြစ်မိပါတယ်၊ ပွင့်ပွင့်လင်းလင်း ပြောရရင် စိတ်မသက်မသာလည်း ဖြစ်မိပါတယ်၊ ကျမတို့ မြင်ချင်တွေ့ ချင်တာက ကျောင်းအသစ် ဆေးရုံအသစ် ကလေးသူငယ် စောင့်ရှောက်ရေး ဂေဟာအသစ် စာကြည့်တိုက် အသစ် စာအုပ်ဆိုင် အသစ်တွေ ဖြစ်ပါတယ်၊၊ ဒါပေမယ့် နေရာတကာမှာ ဟိုတယ်တွေချည်း ဆောက်နေတဲ့ အတွက် စိတ်မသက်မသာ ဖြစ်မိတာပါ၊၊

မေး၊၊ နေအိမ်အကျယ်ချုပ် ခြောက်နှစ်ကြာ နေခဲ့ရပြီး လွတ်မြောက် လာချိန်မှာ ဒီအဆောက်အဦး အသစ်တွေကို မြင်ရတော့ ခင်ဗျား တအံ့တသြ ဖြစ်မိပါသလား၊၊
ဖြေ၊၊ တကယ့်ကို မအံ့သြမိပါဘူး၊ ကျမက ဒီထက်မက အပြောင်းအလဲတွေကို မျှော်လင့်ထားတာ၊ ရန်ကုန်မှာ ဘာမှ အပြောင်းအလဲ မရှိသေးတဲ့ နေရာတွေ အများကြီးပါပဲ၊၊ ရှင်ကားတစီးနဲ ့လှည့်ပတ် ကြည့်မယ်ဆိုရင် ရန်ကုန်မြို့ရဲ့ နေရာ အများစုကြီးမှာ ဘာတခုမှ အပြောင်းအလဲ မရှိတာ တွေ့ရပါလိမ့်မယ်၊၊ ကျမက ရေဒီယို သတင်းတွေကို နားထောင်ပြီး ရန်ကုန်မြို့ကြီး အတော် ပြောင်းလဲ နေပြီလို့ ထင်နေ မိတာ၊၊ တကယ်တော့ လုံးဝ မဟုတ်ဘူး၊ ကျမသွားလေရာ နေရာတိုင်းမှာ ဟိုတယ် မိုတယ် တည်းခိုခန်း ဆိုတာတွေချည်း တွေ့နေ ရတယ်၊၊ ကျမ အမြင် အရတော့ ဟိုတယ်တွေ ဒီလောက် များနေတာဟာ အချိုးအစား မညီမျှဘူးလို့ ထင်ပါတယ်၊၊

မေး၊၊ ဒါကို အချိုးအစားညီသွားအောင် ဘယ်လို ဆောင်ရွက်ရင် ကောင်းမလဲ၊၊
ဖြေ၊၊ ဒီကိစ္စက မြန်မာပြည်ကို အကူအညီ ပေးချင်နေတဲ့ လူတွေ စဉ်းစားရမယ့် ကိစ္စပါ၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စကို စဉ်းစားတဲ့ အခါ ပိုမိုကျယ်ပြန့်တဲ့ လူသားများ ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စကို အလေးထား စဉ်းစား သင့်ပါတယ်၊၊ စီးပွားရေးဖွံ ့ဖြိုးတိုး တက်ရေး အတွက် ဆိုပြီး ရင်းနှီး မြှုပ်နှံမှု ပိုမို ရရှိရေးတို့၊ ကမ္ဘာလှည့် ခရီးသည် တိုးလာရေးတို့၊ ဟိုတယ်တွေ တိုးဆောက်ရေးတို့ ဆိုတဲ့ ကျဉ်းမြောင်းတဲ့ ဝေါဟာရ နယ်ပယ်ထဲမှာပဲ စဉ်းစား နေတာမျိုး မဖြစ်သင့်ဘူး၊၊

မေး၊၊ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေ ဟာလည်း အန္တရာယ် ကြုံနေရပြီ ထင်ပါတယ်၊ ထိုင်းနိုင်ငံနဲ့ တခြားနိုင်ငံ တွေမှာလည်း အလားတူ အတွေ့ အကြုံ မျိုးတွေ ကြုံခဲ့ရတာ ကျနော်တို့ သိထားပါတယ်၊၊
ဖြေ၊၊ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေဟာ အန္တရာယ် ရှိနေပြီလို့ ကျမ ကြားထားပါတယ်၊၊ ဒါပေမယ့် အမှန်ပြောရရင် မျက်စေ့နဲ့ တပ်အပ်တော့ မမြင်ရသေးပါဘူး၊၊

မေး၊၊ ဒီ နိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ဆုံးရှုံးမှုတွေ ဖြစ်နေပြီလား၊၊
ဖြေ၊၊ ကျွန်းသစ်တောတွေ အများအပြားရှိတဲ့ နယ်စပ် ဒေသ တလျောက်မှာ သဘာဝ ပတ်ဝန်းကျင် ဆုံးရှုံးမှုတွေ ဖြစ်နေတယ်လို့ ကျမ ကြားပါတယ်၊၊ ရန်ကုန်မှာတောင် ဟော်တယ်တွေ ဆောက်ဖို့ သစ်ပင်တွေ ခုတ်လှဲပစ် နေကြတယ်လေ၊၊

မေး၊၊ ခင်ဗျားအနေနဲ့ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ ့ထောက်ခံသူတွေကို ဒီ အကြောင်းတွေ ပြောပြ ဖြစ်ပါသလား၊၊
ဖြေ၊၊ နေ့တိုင်းလောက် ပြောဖြစ်ပါတယ်၊၊ ကျမတို့ ပုံမှန် ထိတွေ့မှု ရှိပါတယ်၊၊

မေး၊၊ သူတို့ရဲ့ သဘောထား ရပ်တည်ချက်တွေနဲ့ ပတ်သက်လို့ခင်ဗျား အားတက် မိပါသလား၊၊
ဖြေ၊၊ အားတက်မိပါတယ်၊ လွန်ခဲ့တဲ့ ခြောက်နှစ်တုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဟာ ခြေကုန် လက်ပမ်း ကျပြီး နိုင်ငံရေး ပါတီတခု လို့တောင် မပြောနိုင်တော့ဘူး ဆိုတဲ့ ဝေဖန်သံတွေကို ရှင်တို့လည်း ကြားမိမှာပါ၊ ဒါကို မှန်တယ်လို့ ကျမ မထင်ပါဘူး၊ လွန်ခဲ့တဲ့ ခြောက်နှစ် ကာလ အတွင်းမှာ ကန့်သတ် ချုပ်ချယ်မှု အမျိုးမျိုးကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ်ဟာ တော်တော်လေး အားနည်း သွားခဲ့တာတော့ မှန်ပါတယ်၊၊ ဒါပေမယ့် ကျမတို့ ဒီနေ့အထိ လူထု ထောက်ခံမှုကို ရရှိနေပါတယ်၊၊

မေး၊၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အရင်က ရရှိခဲ့တဲ့ ထောက်ခံမှု ရေချိန်မျိုး အခု ရနေပါသလား၊၊
ဖြေ၊၊ အရင်ကလို ဗြောင်ကျတဲ့ ထောက်ခံမှုမျိုးတော့ မဟုတ်တော့ပါဘူး၊ ကျမတို့ အဖွဲ့ဝင် အများအပြားဟာ ထုတ်ပယ် ခံခဲ့ကြရပါတယ်၊ ကျမ ကိုယ်တိုင်လည်းပဲ ထုတ်ပယ် ခံခဲ့ရပါတယ်၊၊ တချို့ကတော့ ကြောက်လို့ ထွက်သွား ကြတာပါ၊၊ မကွယ်မဝှက် ပြောရရင် ရွေးကောက်ပွဲ မတိုင်မီက လောက်တော့ ထောက်ခံမှု မများတော့ဘူးလို့ ပြောနိုင် ပါတယ်၊၊ ဒါပေမယ့် ဒီကနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပါတီ တခု အနေနဲ့ မဟုတ်ဘဲ၊ ဒီမိုကရေစီ လှုပ်ရှားမှုကြီး အဖြစ်နဲ့ လူထုကြားမှာ ထောက်ခံမှု ရနေဆဲဖြစ်ပါတယ်၊၊ ၁၉၉ဝ မတိုင်မီကထက် လူထု ထောက်ခံမှု ပိုရနေပါတယ်၊၊

မေး၊၊ အနာဂတ်မှာ ဘယ်လို ဆုံးဖြတ်ချက်မျိုးကို ခင်ဗျားတို့ လက်ခံသည်ဖြစ်စေ၊ စစ်တပ်ဟာ တခန်း တကဏ္ဍ ကနေ ပါဝင်သင့်တယ် လို့ ခင်ဗျား ယူဆပါသလား၊၊
ဖြေ၊၊ စစ်တပ်ဟာ နိုင်ငံအတွက် တခန်းတကဏ္ဍ ကနေ မလွဲမသွေ ပါဝင်ရမှာပါ၊ ကိစ္စ အားလုံး ပြေလည် သွားပြီးရင် ကျမတို့ ‘တပ်မတော်’ တရပ် လိုအပ်ပါတယ်၊၊

မေး၊၊ နိုင်ငံရေးအခန်းကနေ ပါဝင်မယ် ဆိုရင်ရော၊၊
ဖြေ၊၊ ဒီကိစ္စကို လူထုက ဆုံးဖြတ်မှာပါ၊၊ နိုင်ငံအတွင်းမှာ ဘယ်အင်အားစုကို ဘယ်လို တာဝန်မျိုး ပေးချင်တယ် ဆိုတဲ့ ကိစ္စကို ဆုံးဖြတ်ရမှာက လူထု ဖြစ်ပါတယ်၊၊

မေး၊၊ စစ်တပ်ဟာ ဘယ်လို အခန်းကဏ္ဍ ကနေ ပါဝင် သင့်တယ်လို့ ထင်ပါသလဲ၊၊ ခင်ဗျားရဲ့ ပုဂ္ဂလိက အမြင်ကို သိပါရစေ၊၊
ဖြေ၊၊ ကျမအမြင်ကို ကျမအမြဲပဲ ပြောပါတယ်၊ စစ်တပ်ကို ဂုဏ်သိက္ခာရှိတဲ့ တပ်မတော် တရပ် ဖြစ်စေချင်ပါတယ်၊၊ ဘာကြောင့်လဲ ဆိုတော့ ဂုဏ်သိက္ခာရှိတဲ့ တပ်မတော် ဖြစ်မှသာ မိမိ အကျိုးစီးပွားနဲ ့အတူ တိုင်းပြည် အကျိုး စီးပွားကိုလည်း ကာကွယ်နိုင်မှာ ဖြစ်လို့ပဲ၊၊ ဒါပေမယ့် တကယ် အရေးကြီးတဲ့ အချက်က စစ်တပ်ရဲ့ အခန်းကဏ္ဍကို လူထုက ဘယ်လို ရှုမြင်သလဲ ဆိုတာပါပဲ၊၊ နိဂုံးချုပ်ပြီး ပြောရရင် ဘယ်အဖွဲ ့အစည်းကို ဘယ် အခန်းကဏ္ဍမှာ တာဝန်ပေးပေး၊ လူထုရဲ့ အတည်ပြုချက် ရှိမှသာ အဲဒီ အဖွဲ့အစည်းဟာ ရေရှည် ရပ်တည် ရှင်သန်နိုင်မှာ ဖြစ်ပါတယ်၊၊

မေး၊၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲ နေတဲ့ အမျိုးသား ညီလာခံကို ခင်ဗျား ဝေဖန်ခဲ့တာ တွေ့ရပါတယ်၊၊ ဖွဲ့စည်းပုံ ရေးဆွဲနေမှု အခြေအနေဟာ လက်ရှိ အနေအထားရ လမ်းကြောင်းမှန်ပေါ်မှာ ရှိပါသလား၊၊
ဖြေ၊၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်းဟာ တကယ့်ကို ဒီမိုကရေစီဆီ ဦးတည်မှု မရှိပါဘူး၊၊ ဒါကြောင့် သူတို့ အနေနဲ့ ဆွေးနွေးပွဲ တံခါးကို ဖွင့်ပေး သင့်တယ်လို့ ကျမထင်ပါတယ်၊၊

မေး၊၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ ခင်ဗျားအနေနဲ့ ဘယ်လို အခြေခံ စည်းမျဉ်းတွေ ပါဝင်တာ မြင်လို ပါသလဲ၊၊
ဖြေ၊၊ စစ်မှန်တဲ့ဒီမိုကရေစီ အစိုးရတိုင်း အတွက် အခြေခံ စည်းမျဉ်းကတော့ ‘တိုင်းပြည်ရဲ့ ဦးစီး ပဲ့ကိုင် နေရာမှာ ဘယ်သူ့ကို တာဝန် ယူစေချင်သလဲ’ ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ လူထုမှာ ဆုံးဖြတ်ပိုင်ခွင့် ရှိသင့်တယ်၊ ဘယ်အချိန်မှာ သူတို့ကို ဖယ်ရှားမှာလဲ ဆိုတာလည်း လူထုက ဆုံးဖြတ်ပေးရမှာ ဖြစ်တယ်၊၊ စစ်မှန်တဲ့ ဒီမို ကရေစီ အစိုးရ တိုင်းမှာ လူထုက အပ်နှင်းတဲ့ အခွင့်အာဏာ (Mandate) ရှိရမယ်၊ ဒီအခွင့် အာဏာကို လူထုက အပ်နှင်းကြောင်း အာမခံနိုင်တဲ့ လူအများ လက်ခံတဲ့ အဖွဲ့အစည်းတွေလည်း ရှိရမှာဖြစ်တယ်၊၊

မေး၊၊ အခုခင်ဗျားလွတ်မြောက်လာပြီ ဆိုတော့ နိုင်ငံတကာ မိသားစုက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လို ရပ်တည် ပေးစေ ချင်ပါသလဲ၊၊

ဖြေ၊၊ ပထမဦးဆုံးအနေနဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် စေချင်ပါတယ်၊၊ လွန်ခဲ့တဲ့ သီတင်း သုံးပတ်အတွင်းမှ ကျမဟာ တဦးတည်းသော လွတ်မြောက်လာသူ ဖြစ်ပါတယ်၊၊ တခြား ဖမ်းဆီး ထိန်းသိမ်း ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အမြောက် အမြား ကျန်နေပါ သေးတယ်၊၊ ဒုတိယ အနေနဲ ့တွေ့ဆုံ ဆွေးနွေးရေး၊ ညှိနှိုင်း အဖြေရှာရေး ဖြစ်မြောက်ဖို့ တိုက်တွန်း ချင်ပါတယ်၊၊ ဒါဟာ မြန်မာပြည် တခုတည်း အတွက် သက်သက်တင် မကပါဘူး၊ ‘ပြဿနာတွေကို ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်တယ်’ ဆိုတဲ့ ‘နိုင်ငံတကာ ကျင့်ဝတ်နှုန်းစံ’ တရပ် စိုက်ထူဖို့လည်း ဖြစ်ပါတယ်၊၊ အကယ်၍သာ ပြဿနာတွေကို အနိုင်အထက် ဖြေရှင်းတာမျိုး မဟုတ်ဘဲ၊ လူသား အချင်းချင်း အတူထိုင်ပြီး ဆွေးနွေး ညှိနှိုင်း အဖြေရှာကြတာ ဆိုတဲ့ ထုံးတမ်း အစဉ်အလာ တခု ချပေးနိုင်ခဲ့ရင် ဒါဟာ နိုင်ငံတိုင်း အတွက် အကျိုးကျေးဇူး ရှိမယ်လို့ ယူဆပါတယ်၊၊

မေး၊၊ ကူညီဖို့ ခြေလှမ်းပြင်နေတဲ့ နိုင်ငံတွေနဲ့ ရင်းနှီးမြှုပ်နှံ လိုသူတွေကို “ဆန္ဒမစောကြဖို့ အလျင်မလို ကြဖို့” ခင်ဗျား သတင်းပါး ချင်ပါသလား၊၊
ဖြေ၊၊ သိပ်အလျင်မလိုကြပါနဲ့ဦး၊ စကားပြောနိုင်မယ့် ညှိနှိုင်း ဆွေးနွေးနိုင်မယ့် ရေခံ မြေခံ ပတ်ဝန်းကျင်ကလေး ဖြစ်လာအောင် ဝိုင်းဝန်း တိုက်တွန်းပေးကြဖို့ မေတ္တာ ရပ်ခံ ချင်ပါတယ်၊၊

မေး၊၊ တကယ်လို့ စစ်အာဏာပိုင်တွေက ခင်ဗျားကို လျစ်လျူ ပြုထားမယ် ဆိုရင် ခင်ဗျား ဘာဆက်လုပ်မလဲ၊၊ သူတို့က ခင်ဗျားကို သတင်းစာနဲ့ စကားပြောခွင့် ပေးမယ်၊ လူထုနဲ့ စကားပြောခွင့် ပေးမယ်၊ ဒါပေမယ့် သူတို့ကတော့ ဘာမျှ မလုပ်ဘဲ နေမယ် ဆိုရင်ပေါ့၊၊
ဖြေ၊၊ သူတို့ရှိရာကို ကျမတို့ သွားတဲ့အခါ တံတားတွေတော့ ဖြတ်ကျော်ရမှာပေါ့၊၊

မေး၊၊ စိတ်ပျက်စရာတွေ အတွက်ရော ကြိုပြင် ထားပါသလား၊၊
ဖြေ၊၊ သေသေချာချာပြင်ထားပါတယ်၊၊ ဒါပေမယ့် ကျမတို့က ကျမတို့ရဲ့ နည်းဗျူဟာ အားလုံးကိုတော့ ဘယ် ချပြပါ့မလဲ၊၊ ဒီလို အချိန်မျိုးမှာ ကျမတို့ရဲ့ ဖဲချပ် အားလုံးကို စားပွဲပေါ်မှာ ဘယ်ခင်းပြမှာလဲ၊၊

မေး၊၊ ခင်ဗျား အဆုံးစွန်အထိ ပြင်ဆင်ထားပြီးပြီပေါ့၊၊
ဖြေ၊၊ “အကောင်းဆုံးကို မျှော်လင့်ပြီး၊ အဆိုးဆုံး အတွက် ပြင်ဆင်ထား” ဆိုတာ ကျမဖေဖေရဲ့ လက်သုံး စကားပဲ၊ ကျမ အမြဲတမ်း အဲဒီ အဆိုအမိန့် အတိုင်း နေထိုင်ပါတယ်၊၊

မေး၊၊ ခင်ဗျားအနေနဲ့ ကိုယ်တိုင် ‘သမ္မတ’ သို့မဟုတ် ‘ဝန်ကြီးချုပ်’အဖြစ် တာဝန်ယူပြီး တိုင်းပြည် အရေး ကိစ္စကို စီမံ ကွပ်ကဲဖို့ပြင်ဆင် ထားပါသလား၊၊
ဖြေ၊၊ ဒီမိုကရက်တစ်ပါတီ တခုမှာ အဖွဲ့ဝင်တဦး ဖြစ်ခွင့်ရတဲ့ အားသာချက်က၊ ရှင့်ကိုယ်ရှင် တသီးတသန့် ပုဂ္ဂိုလ် အဖြစ် အဲဒီလို ရာထူးရာခံမျိုး အတွက် ကြိုတင် ပြင်ဆင်တာမျိုး လုပ်စရာ မလိုပါဘူး၊၊ ဘာကြောင့်လဲ ဆိုတော့ ရှင်ဟာ အာဏာရှင် တယောက် ဖြစ်လာအောင် လုပ်မှာ မဟုတ်လို့ဘဲ၊၊ ရှင်ဟာ အဖွဲ ့အစည်း တရပ်ရဲ့ အစိပ်အပိုင်း တခုအဖြစ် တာဝန်ယူ ဆောင်ရွက် နေရလို့ပဲ၊၊ ပြီးတော့ ကျမတို့မှာ ကောင်းမွန်တဲ့ အဖွဲ့တခု ရှိနေပါတယ်၊၊ ဒါကြောင့် သီးသန့်ရာထူး တခုခု အတွက် ပြင်ဆင်ဖို့ ကျမ စဉ်းစားမှာ မဟုတ်ပါဘူး၊၊ ကျမတို့မှာ တိုင်းပြည်က ယုံကြည် အားထားတဲ့ အဖွဲ့အစည်း တရပ် ရှိနေလို့ ပါပဲ၊၊ လူထုက ပေးအပ်တဲ့ ဘယ်လို တာဝန်မျိုးကို မဆို ထမ်းရွက်နိုင်တဲ့ အရည်အချင်း ကျမတို့ အဖွဲ့မှာ ရှိပါတယ်၊၊

မေး၊၊ တိုင်းရင်းသား အစုအဖွဲ့တွေကို ဆွေးနွေးရေး စားပွဲဝိုင်းဆီ ရောက်အောင် ခေါ်ဖို့ စစ်ခေါင်းဆောင် တွေဟာ လမ်းကြောင်း အမှန်ပေါ် မှာ ရှိပါရဲ့လား၊၊
ဖြေ၊၊ အပစ်အခတ်ရပ်ရေးဆိုတာ ကောင်းတဲ့ စဉ်းစားချက် ပါပဲ၊၊ အပစ်ရပ်ရေး လုပ်ရခြင်းဟာ လူသားတွေရဲ့ ဆင်းရဲ ဒုက္ခ ခံစားရမှုကို အတိုင်းအတာ တခုအထိ ဖေါ်ပြ လိုက်တာ ဖြစ်ပါတယ်၊၊ ဒါပေမယ့် ဒါဟာ အမြဲတမ်း ငြိမ်းချမ်းရေး အတွက် ဖြေရှင်းချက် မဟုတ်ပါဘူး၊၊ လူတိုင်း ဝန်ခံရမယ့် အချက်က အပစ်ရပ်တာဟာ အပစ်ရပ်တာ သက်သက်ပါပဲ၊၊ ငြိမ်းချမ်းရေး ရတာ မဟုတ်ပါဘူး၊၊ အပစ်ရပ်တာဟာ ငြိမ်းချမ်းဖို့ အတွက် ဆောင်ရွက်ရမယ့် အဆင့် တဆင့်ပါပဲ၊၊ ကျမတို့ အနေနဲ့ တကယ့် ငြိမ်းချမ်းရေး ရရှိရေး အတွက် ဆက်ပြီး လုပ်ကြရမှာ ဖြစ်ပါတယ်၊၊ ကျမတို့ အလေးအနက်မျှော်လင့် တာက အပစ်အခတ် ရပ်စဲရေး သဘော တူညီမှုတွေကို မချိုးဖေါက် ကြဖို့၊ အရင်က အခြေအနေဆိုးဆီ ပြန်မရောက်ဖို့ပါပဲ၊၊

မေး၊၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ပြဿနာကို ခင်ဗျားသာ ဆိုရင် ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ၊ အထူးသဖြင့် ထိုင်းမြန်မာ နယ်စပ် တလျောက်က ပြဿနာတွေ ဆိုပါတော့၊၊
ဖြေ၊၊ နောက်ဆုံးမှာတော့ တွေ့ဆုံ ဆွေးနွေး အဖြေရှာ ကြရမှာပါပဲ၊၊ သူတို့ စကားပြော ကြရမှာပါ၊၊ ပဋိက္ခကို ဖြေရှင်းဖို့က နည်းလမ်း နှစ်ခုပဲ ရှိပါတယ်၊ တဦးနဲ့တဦး အပြန်အလှန် ပစ်ကြ ခတ်ကြ မှာလား၊ ဆွေးနွေး ကြမှာလား၊ ကျမကတော့ တွေ့ဆုံ ဆွေးနွေးတာကို ပိုပြီး သဘောကျပါတယ်၊၊

မေး၊၊ စစ်မှန်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကို အမှန်တကယ် ထူထောင်မယ် ဆိုရင် ဘယ်လို လျော်ကန် သင့်မြတ်တဲ့ မူဘောင် ချရမှာလဲ၊၊
ဖြေ၊၊ ပထမဦးဆုံး ‘ယုံကြည်မှုပတ်ဝန်းကျင်’ တခု တည်ဆောက် ကြရမှာပါ၊၊ ဒီ ‘ယုံကြည်မှု’ဟာ မြန်မာနိုင်ငံမှာ ကွယ်ပျောက် နေတဲ့ အရာ ဖြစ်ပါတယ်၊၊ ယုံကြည်မှု ပတ်ဝန်းကျင် တခု မတည်ဆောက် နိုင်သေးသမျှ ‘ထိရောက်မှု ရှိတဲ့ ဆွေးနွေးပွဲ’ မျိုး ကျမတို့ စတင်နိုင်မှာ မဟုတ်ပါဘူး၊၊ ဆွေးနွေးရေး စားပွဲမှာ ဝိုင်းထိုင်လိုက်ဖို့ ဆိုတာ ကတော့ လွယ်ပါတယ်၊၊ ဒါပေမယ့် လူတိုင်းက တဦးအပေါ် တဦး သံသယတွေ ပွားနေကြရင် အများ လက်ခံနိုင်တဲ့ သဘောတူညီမှု တခု ရရှိအောင် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး၊၊ ဒါကြောင့် တိုင်းရင်းသားတွေ ယုံကြည် စိတ်ချနိုင်တဲ့ အစိုးရ တရပ် ရှိတယ်ဆိုတာ ကျမတို့ အနေနဲ့ ပြသဖို့လိုပါတယ်၊၊ အဲဒီ အစိုးရဟာ တိုင်းရင်းသား များရဲ့ မျှော်မှန်း ချက်တွေနဲ့ ပြဿနာတွေကို စာနာ ထောက်ထား ကြောင်းလည်း ပြသရ ပါလိမ့်မယ်၊၊ ပြဿနာကို အဲဒီကနေ စပြီး ကိုင်တွယ်ရမယ် ထင်ပါတယ်၊၊ တချို့ တိုင်းရင်းသား အင်အားစုတွေ အနေနဲ့ ‘ထိရောက်မှုရှိတဲ့ ဆွေးနွေးပွဲ’ တွေမစတင်မီ သူတို့ ဖြစ်စေချင်တဲ့ မူဘောင် ဆိုင်ရာ အကြံပြုစရာတွေ ရှိပြီး ဖြစ်နိုင်ပါတယ်၊၊ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ မူဘောင် တခု ရရှိဖို့အတွက် ညိနှိုင်း ဆွေးနွေးကြမယ် ဆိုရင်လည်း ဖြစ်နိုင်ပါတယ်၊၊

မေး၊၊ စစ်ခေါင်းဆောင်များနဲ့ ဆွေးနွေးတဲ့အခါ တိုင်းရင်းသား လူမျိုးစုများရဲ့ ပြဿနာကို ဦးစားပေး ကိစ္စ အဖြစ် ခင်ဗျား သဘောထား နိုင်ပါမည်လား၊၊
ဖြေ၊၊ ပထမဆုံးလုပ်ရမှာက အပြန်အလှန် စကားစတင် ပြောနိုင်ကြဖို ့ဖြစ်ပါတယ်၊၊ အဲဒီနောက်မှာ အမှန်အတိုင်း ပြောရရင်၊ ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေ ပါဝင်လာဖို့ ဖြစ်ပါတယ်၊၊ တိုင်းရင်းသားတွေ မပါဝင်ခဲ့ရင် အရှည် တည်တန့် တဲ့ငြိမ်းချမ်းရေးကို ကျမတို့ မရနိုင်ပါဘူး၊၊ ဒါကြောင့် ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေ မုချ ပါဝင်ရမှာပါ၊၊

မေး၊၊ စစ်ခေါင်းဆောင်တွေနဲ ့ဆွေးနွေးတဲ့အခါ ဘယ် ကိစ္စတွေကို ဦးစားပေး ဆွေးနွေး မှာလဲ၊၊
ဖြေ၊၊ ဒါကတော့ ဆွေးနွေးပွဲ ဘယ်အချိန်မှာ စဖြစ်မလဲ ဆိုတဲ့ အပေါ်မှာ တည်ပါတယ်၊၊

မေး၊၊ တကယ်လို ့နောက် သီတင်းပတ်မှာ ဆွေးနွေးမယ် ဆိုရင်ရော၊၊
ဖြေ၊၊ နောက် သီတင်းပတ်မှာ စမယ်ဆိုရင်၊ နိုင်ငံရေး အကျဉ်းသားတွေ အရင်ဆုံး လွှတ်ပေးဖို ့တောင်းဆို ရမှာပဲ၊၊

မေး၊၊ နေအိမ်မှာ ခြောက်နှစ် ထိန်းသိမ်းခံရတဲ့ အတွက် စိတ်ပိုင်းနဲ ့ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိခဲ့ ပါသလား၊၊
ဖြေ၊၊ အိမ်မှာချုပ်နှောင်ထားတာနဲ့ ပတ်သက်မှု မရှိဘူးလို့ ပြောရင်လည်း ရပါတယ်၊ ရုပ်ပိုင်းဆိုင်ရာ အရ ပြောရရင် ကျမလည်ပင်းမှာ ပြဿနာ ရှိပါတယ်၊ ဘာကြာင့်လဲ ဆိုတော့ အချိန် အများစုမှာ ကျမက စာဖတ် နေတာကိုး၊၊ စိတ်ပိုင်း ဆိုင်ရာ ခံစားမှုအရ ပြောရရင် ချုပ်နှောင်ထားတဲ့ အတွက် စိတ်ဓါတ် ပိုပြီးကြံ့ခိုင် လာတယ်လို့ ထင်ပါတယ်၊၊ ဒါဟာ လွန်ခဲ့တဲ့ ခြောက်နှစ် အတွင်း ထောင်ထဲမှာ နေခဲ့ရတဲ့ ကျမတို့ အားလုံးရဲ့ တွေ့ရှိချက် ပါပဲ၊၊ စိတ်ဓါတ်ကျတဲ့လူ မဆိုစလောက် ရှိပေမယ့် ကျမတို့ အများစုကြီး ကတော့ စိတ်ဓါတ် ပိုမိုခိုင်မာ ပြတ်သား လာပါတယ်၊၊ ကျမတို့ ဆက်လက် ရှင်သန် သွားနိုင်ရေး အတွက် ခွန်အားတွေ ရရှိခဲ့ပါတယ်၊၊ ဒီအတွက် စစ်အာဏာပိုင်များ ကိုတောင် ကျမတို့ ကျေးဇူး တင်ရပါလိမ့်မယ်၊၊

မေး၊၊ ခင်ဗျားမိသားစုနဲ့ ဝေးကွာနေရတဲ့ အတွက် ခင်ဗျားရဲ့ သန္နိဋ္ဌာန်ကို ယိမ်းယိုင် စေပါသလား၊၊
ဖြေ၊၊ မယိမ်းယိုင်ပါဘူး၊ မိသားစုကြောင့် ကျမရဲ့ သန္နိဋ္ဌာန် ယိမ်းယိုင် မသွားခဲ့ပါဘူး၊ တခုတော့ ဝန်ခံ ရမှာပေါ့လေ မိသားစု အကြောင်း သိပ်မတွေး ဖြစ်အောင်တော့ လေ့ကျင့် ရတာပေါ့၊၊ ဒီကိစ္စက ကိုယ်လည်း ဘာမှ တတ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူးလေ။ ကိုယ်မလုပ်နိုင်တဲ့ ကိစ္စကို မစဉ်းစားမိဖို့ ဆိုတာ ကျမရဲ့ စည်းကမ်း သတ်မှတ်ချက် တခုပါ၊၊

မေး၊၊ နေအိမ်အကျယ်ချုပ် ကာလ ဘယ်လောက်ကြာမယ် ဆိုတာ ၊ ခင်ဗျား လုံးဝ ခန့်မှန်း ကြည့်လို ့မရဘူးလား၊၊
ဖြေ၊၊ ခန့်မှန်းမရပါဘူး၊၊ စပြောတုံးက တနှစ်လို့ ပြောတယ်၊ နောက်တော့ သုံးနှစ်လို့ ပြောပြန်တယ်၊ နောက်တော့ သူတို့ ဥပဒေရဲ့ အနက်ဖွင့် ဆိုချက်က ခြောက်နှစ်လို့ ဖြစ်ပြန်ရော၊၊ ဒီနောက်တော့ ကျမလည်း အချိန် သတ်မှတ်ချက် မထားတော့ဘူး၊ ကြာချင်သလောက် ကြာပါစေ ကျမ ရင်ဆိုင်သွားမယ်လို့ သန္နိဋ္ဌာန် ချလိုက်တယ်၊၊

မေး၊၊ ခင်ဗျားရဲ့ နေ့စဉ် ဘဝ နေထိုင်မှုကို သိပါရစေ၊၊
ဖြေ၊၊ မနက် ၄ နာရီခွဲမှာ အိပ်ယာထတယ်၊ တနာရီလောက် တရားထိုင်တယ်၊ ပြီးရင် နာရီ အနည်းငယ် ရေဒီယို နားထောင်ပါတယ်၊ အသံ လွှင့်ရုံတွေ ကတော့ အမျိုးမျိုးပေါ့၊ ဘီဘီစီ နိုင်ငံတကာ အစီအစဉ်၊ ဗွီအိုအေ မြန်မာပိုင်း၊ ဒီမိုကရက်တစ် မြန်မာ့အသံ တို့လို ရေဒီယိုတွေကို နားထောင်ပါတယ်၊၊ ဒီနည်းနဲ့ ပြင်ပကမ္ဘာမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို ပြည့်ပြည့်စုံစုံ သိရပြီးတဲ့ နောက် ကျမရဲ့ တနေ့တာကို စတင်ခဲ့တယ် ဆိုပါတော့၊၊ ကျန်တဲ့ အချိန်တွေ ကိုတော့ စာဖတ်တာရယ် အိမ်မှု ကိစ္စတွေရယ် အချိန်မျှပြီး လုပ်ပါတယ်၊၊ ဒီအတိုင်း ကျမ အသားကျ နေပါပြီ၊၊

မေး၊၊ နေအိမ်အကျယ်ချုပ် ကာလမှာ အဆိုးဆုံးလို့ ဆိုရမယ့် ဘဝ အစိပ်အပိုင်းကို သိပါရစေ၊၊
ဖြေ၊၊ ကျမရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ နေထိုင်မှ ကောင်းကြရဲ့လား၊ သူတို့ မိသားစုတွေ ဘယ်လိုများ နေကြပါလိမ့် စသဖြင့် စိုးရိမ် ပူပန်နေရတဲ့ အချိန်တွေပါပဲ၊၊

မေး၊၊ အကောင်းဆုံးလို ့ဆိုရမယ့် အပိုင်းလည်း သိပါရစေ၊၊
ဖြေ၊၊ အကောင်းဆုံးလို ့ပြောရမယ့် အပိုင်းကတော့ စာဖတ်ချိန် အများကြီး ရခဲ့တာပါပဲ၊၊

မေး၊၊ ခြောက်နှစ်အတွင်းမှာ စာတွေ လက်ခံ ရရှိတာရော ရှိပါသလား၊၊
ဖြေ၊၊ အစပိုင်းမှာတော့ ကျမမိသားစု ဆီက စာတွေကို သူတို့ ခွင့်ပြုလို့ ရရှိခဲ့ ပါတယ်၊၊ ၁၉၉ဝ ဇူလိုင်(၂ဝ) နောက်ပိုင်း ကျတော့ ကျမရဲ့ အကျယ်ချုပ် ကာလကို တိုးမြှင့် လိုက်ပါတယ်၊၊ ဒါဟာ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို သူတို့ လေးစားမှု မရှိကြောင်း ပြလိုက်တာလည်း ဖြစ်ပါတယ်၊၊ အဲဒီနောက်မှာ ကျမ မိသားစုဆီက စာနဲ့ ပစ္စည်းတွေ မရတော့ပါဘူး၊၊

မေး၊၊ အချိန်မရွေး အန္တရာယ် ကျရောက်လာနိုင်တယ်လို့ ခံစားခဲ့ရ ပါသလား၊၊
ဖြေ၊၊ မခံစားခဲ့ရပါဘူး၊ ကျမ စိုးရိမ်သောက မဖြစ်ခဲ့ဘူးလို့ဘဲ ပြောပါရစေ၊ ပကတိ အရှိအတိုင်း ပြောရရင် ကျမရဲ့ လုံခြုံရေးက တည်းတည်းကလေး လို ့ပြောရမယ့် အနေအထား ဆိုတာ၊ ကျမ သတိ ပြုမိပါတယ်၊၊ သူတို ့ကျမကို အချိန်မရွေး ကြိုက်သလို လုပ်နိုင်ပါတယ်၊၊ ကျမအတွက် အကြီးမားဆုံး အကာအကွယ် ကတော့ ပြည်သူ လူထုရဲ့ မေတ္တာနဲ့ ထောက်ခံမှုပဲ ဖြစ်ပါတယ်၊၊ နိုင်ငံတကာ မိသားစုရဲ့ အကာအကွယ် ပေးမှုလည်း ရပါတယ်၊၊ ဒါပေမယ့် အချုပ်အားဖြင့် ပြောရရင် မြန်မာနိုင်ငံ ပြည်သူလူထုရဲ့ မေတ္တာနဲ့ ထောက်ခံမှု၊ ကျမဖခင် အပေါ်မှာ ထားရှိတဲ့ လူထုရဲ့ လေးစား ချစ်ခင်မှုများဟာ ကျမအတွက် အကောင်းဆုံး ကာကွယ် စောင့်ရှောက်မှု ဖြစ်ခဲ့ပါတယ်၊၊

မေး၊၊ ရန်ကုန်မြို့ တခွင်မှာ သွားရ လာရတာ ကရော လုံခြုံမှု ရှိတယ်လို့ ခံစား မိပါသလား၊၊
ဖြေ၊၊ တကယ်ပဲ ကျမ လုံခြုံမှု ရှိရဲ့လား ဆိုတာ၊ စဉ်းစားတော့ နေမိတာပဲ၊ ဒါပေမယ့် ကျမလည်း မပြောတတ်ဘူး၊ ကျမ လုံခြုံရေးကို ကျမကိုယ်တိုင်မှ အာမ မခံနိုင်တာပဲ၊၊

မေး၊၊ ‘အဂတိလိုက်စား အကျင့်ဖေါက်ပြားမှု’ ဖြစ်စေတာ ‘အာဏာ’ကြောင့် မဟုတ်၊ ‘အာဏာကို လက်လွှတ် ဆုံးရှုံးရမှာ ကြောက်ရွံ ့ခြင်း’ ကြောင့် ဖြစ်တယ်လို့ ခင်ဗျားရေးတဲ့ ‘ကြောက်ရွံ့ ခြင်းမှ ကင်းလွတ်ရေး’ စာအုပ်မှာ ရေးထားတာ တွေ့ရပါတယ်။ ခင်ဗျားကိုယ်တိုင်ရော မျက်မှောက်ကာလမှာ ဘာကို ကြောက်ရွံ့ပါသလဲ၊၊
ဖြေ၊၊ ကျမအပေါ်မှာ ယုံကြည် အားထား နေကြတဲ့ ပြည်သူလူထုကို၊ ကျမက စိတ်ပျက်အောင် လုပ်မိမှာ အကြောက်ဆုံး ပါပဲ၊၊ လူထုကို စိတ်ပျက်အောင် လုပ်မိမှာထက်၊ ကျမကိုယ်တိုင်က အရည်အချင်း ကျဆင်းသွားတာ ဖြစ်ဖို့က ပိုများပါတယ်၊၊ သူတို့ ဖြစ်ချင်တဲ့ အရာတိုင်းကို ကျမအနေနဲ့ လုပ်မပေးနိုင်ပေမယ့်၊ သူတို့ စိတ်ပျက် အောင်တော့ ကျမ လုပ်မှာ မဟုတ်ပါဘူး၊၊ ဒါပေမယ့် သူတို့ကို တခုခု လုပ်ပေးမယ်လို့ ကျမ ကတိ ပေးထားတာတော့ မရှိသေးပါဘူး၊၊ ကျမ အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်ပါ့မယ်လို ့ ရိုးရိုးသားသား ပြောထားတာပဲ ရှိပါတယ်၊၊

မေး၊၊ လူထုရဲ့ မျှော်မှန်းချက်တွေကို အကောင်အထည် ဖေါ် မပေးနိုင်မှာ ခင်ဗျား စိုးရိမ် နေပါသလား၊၊
ဖြေ၊၊ မစိုးရိမ်ပါဘူး၊ ဒီအတွက် စိုးရိမ်စရာ အကြောင်း တစုံတရာ မရှိဘူးလို့ ကျမ ထင်ပါတယ်၊၊ ကျမ အကောင်းဆုံး ကြိုးပမ်းဆောင် ရွက်သွားမှာပါ၊၊ လူပုဂ္ဂိုလ် တဦးတယောက် အတွက် လူထုကို ပြင်းပြတဲ့ ခံစားချက် ဖြစ်ပေါ်လာအောင် အားပေးတာမျိုး မလုပ်သင့်ဘူးလို့ ကျမထင်တယ်၊၊ ဒီလို ခံစားချက်မျိုး ကြီးမားလာအောင် မလုပ်ဖို့ ကျမ အမြဲပြောပါတယ်။ ဒီလိုလုပ်တာဟာ ဒီမိုကရေစီ အကျိုးစီးပွားနဲ့ ဖီလာ ဖြစ်ပါတယ်၊၊

မေး၊၊ ခင်ဗျား အပြင်ထွက်ပြီး လူထုနဲ ့တွေ့တဲ့အခါ သူတို့ကို ဘယ်လို စကားလက်ဆောင် ပါးပါသလဲ၊၊
ဖြေ၊၊ သူတို့ရဲ့ အားပေး ထောက်ခံမှုကို လိုချင်တဲ့ အကြောင်း ပြောပါတယ်၊၊ သူတို့ရဲ့ ထောက်ခံ အားပေးမှုနဲ့ သူတို့ မျှော်မှန်းတဲ့ ပန်းတိုင်ကို ရောက်အောင် ကျမ သွားနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့ အကြောင်း သူတို့ကို ပြောဖြစ် ပါတယ်၊၊ လူထုရဲ့ ထောက်ခံမှုကိုသာ မရရင် မျှော်မှန်းချက် အတိုင်း ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး၊၊