Breaking News

ဇင်လင်း - မပြီးဆုံးသေးသည့် ဒီမိုကရေစီတိုက်ပွဲ သို့မဟုတ် ၂၀၂၀ ရွေးကောက်ပွဲ

Saw Ngo (2015)

ဇင်လင်း - မပြီးဆုံးသေးသည့် ဒီမိုကရေစီတိုက်ပွဲ သို့မဟုတ် ၂၀၂၀ ရွေးကောက်ပွဲ

(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၂၀ 


မြန်မာနိုင်ငံသည် ယခု ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်တကွ နိုင်ငံတကာဆက်ဆံရေး အပါအဝင် ကဏ္ဍအသီးသီး၌ စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ထို့ပြင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အတွက်လည်း ပြင်ဆင်မှုများ စတင်ဆောင်ရွက်နေရသည်။ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပြဿနာကိုလည်း သတိမလစ်စေဘဲ ကြီးကြပ်ဆောင်ရွက်နေရသည်။ အထူးသဖြင့် လာမည့် နိုဝင်ဘာအထိ ကိုဗစ်-၁၉ ရောဂါကို ဆက်လက် ထိန်းချုပ်ရန် လိုအပ်ပါက၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်ကို စီမံဆောင်ရွက်ရမည့် အခြေအနေဖြစ်လာပေမည်။ လတ်တလော အရေးပေါ်နိုင်ငံရေး မှိုင်းတိုက်မှု တစ်ခု ကိုလည်း လူထုအနေဖြင့် နားမယောင်မိစေရန် ရှင်းလင်းလမ်းပြရန်လိုသည်။ အခြားမဟုတ် လာမည့် ရွေးကောက်ပွဲတွင် ပြည်သူများအား မဲမပေးဘဲနေစေရန် No Vote Campaign လှုံ့ဆော်မှုများကို တိုက်ဖျက်ရန် လိုအပ်နေသည်။ လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ပြန်ကြားရေး ဝန်ကြီးဌာန၊ INGO ၊ NGO များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရသည်။


ထို့အပြင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရန် မဲရုံပေါင်း ၄၀,၀၀၀ ကျော် လျာထားသည်ဟု သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ထို့ကြောင့် လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲ အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများ(CSOs) အနေဖြင့်လည်း ပူးပေါင်းကူညီဆောင်ရွက် ကြရန် လိုအပ်သည်ဟု ကော်မရှင်က ဆိုသည်။ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ မဲပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်ဆိုပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဟု သိရသည်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလနှင့် ရွေးကောက်ပွဲ ကျင်းပစဉ်ကာလများတွင် ပဋိပက္ခများ၊ အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ရန်အတွက် စေ့စပ်ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားမည်ဟုလည်း ကော်မရှင်က ဆိုသည်။ ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အဆင့် ဆင့်ကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်၍၊ မဲရုံလုံခြုံရေးအတွက် အထူးရဲများ ခန့်အပ်တာဝန်ပေးနိုင်ရေး သက်ဆိုင်ရာဝန်ကြီး ဌာနနှင့် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်သည်ဟုလည်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆိုရှယ်မီဒီယာပေါ်၌ သတင်းအမှားများ၊ အမုန်းစကား ဖြန့်ဝေမှုများကို တားဆီးကာကွယ်ရန်အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲဆိုင်ရာ သတင်းအမှန်ထုတ်ပြန်ခြင်းကို ကော်မရှင်ရုံးတွင် ထုတ်ပြန်ပေးလျက်ရှိသည်် ဟု ဆိုသည်။ ရွေးကောက်ပွဲတွင် လူထုအကျိုးကို အမှန်တကယ် ဆောင်ရွက်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ကို လူထုက ရွေးချယ်နိုင်ရန်သတင်းကျင့်ဝတ်နှင့်အညီ သတင်းဖေါ်ပြသော သတင်းမီဒီယာများ၏ အကူအညီလို အပ်သည် ကို သတိပြုသင့်သည်။

ယခု ၂၀၂၀ ရွေးကောက်ပွဲသည် နိုင်ငံရေးအာဏာ ရရှိရေးအတွက် ပြိုင်ဆိုင်သည့် လက်နက်မဲ့ စစ်ပွဲဖြစ်သည်။ ဒီမိုကရေစီ ဆက်လက်ဖြစ်ထွန်းရေးဘက်နှင့် အာဏာရှင်အသိုက်အအုံကာကွယ်ရေးဘက် တို့အကြား မြင်သာထင်သာ အားပြိုင်ကြ သည့် သမိုင်းဖြစ်ရပ်ဟုလည်း ဆိုနိုင်သည်။ ထို့ကြောင့် လူထုမျက်စေ့လည်လမ်းမှားသွားစေမည့် သတင်းအတု သတင်း အမှားများ ဖြန့်ဝေသူများကို သတိထားရမည်။ ဒီမိုကရေစီကို ဆန့်ကျင်မဲ မပေးမိစေရန် သတင်းအမှန် ရရှိရန်လိုသည်။ ဒီမိုကရေစီဆန့်ကျင်ရေး မီဒီယာများက သတင်းအမှားများ၊ သတင်းအတုအယောင်များ ဖြန့်ဝေနေသည်ကို ပူးပေါင်း တိုက်ဖျက်ကြရမည်။ ဒီမိုကရေစီဆန့်ကျင်ရေးအုပ်စုများက ငွေကြေးပမာဏ ကြီးမားစွာ သုံးစွဲ ထူထောင်ထားသော သတင်းစာများ၊ အွန်လိုင်း မီဒီယာများ ရာနှင့်ချီ ပေါ်လာနေသည့် ကိစ္စကို ပြည်သူအများ သိရှိစေရန် တရားဝင်သတင်း မီဒီယာများက ဖေါ်ထုတ်ဖွင့်ချရန် လိုသည်။

အခြားတစ်ဖက်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲလေ့လာရေး အဖွဲ့များ လေ့လာခွင့်လျှောက်ထားနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်ကိုလည်း ကြိုဆို ရပေမည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ (၅) ချက်နှင့်အညီ အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲလုပ်ငန်း စဉ်များတွင် ပူးပေါင်းကူညီဆောင်ရွက်ကြရန် မေတ္တာရပ်ခံထားကြောင်း သတင်းများအရ သိရသည်။ ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာခြင်းကို ဇူလိုင် ၂၅ မှ ဩဂုတ် ရ ရက်အထိ ၁၄ ရက် ကပ်ထားကြေညာပေးမည်ဟု ဆိုသည်။ မဲစာရင်း ကပ်ထားချိန်တွင် မဲဆန္ဒရှင်ပြည်သူများ သွားရောက်ကြည့်ရှု၍ မိမိအမည်မပါရှိက ပုံစံ(၃) ဖြင့် ထည့်ပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သည့်အမည်များ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းတွင် ပါဝင်သည့်အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄−ဂ) ဖြင့် ပြင်ဆင်ပေးရန် တောင်းဆိုနိုင်ကြောင်း၊ မဲစာရင်းတွင်မိမိအမည်ပါရှိမှသာ ရွေးကောက်ပွဲ၌ မဲပေးနှိုင်မည်ကို ပြည်သူများသိစေလိုကြောင်း၊ မဲစာရင်းကပ်ထားကြေညာချိန်တွင် မဲဆန္ဒရှင်များအနေဖြင့် သွားရောက် ကြည့်ရှုကြရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများက မဲဆန္ဒရှင်များကို အသိပညာပေးကူညီဆောင်ရွက်ပေးစေလိုကြောင်း ကော်မရှင်က ကြေညာထားပေသည်။ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာပြီး တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်းများကို ဖြည့်စွက်ပြင်ဆင်ဆောင်ရွက်ပြီးနောက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို အောက်တိုဘာလအတွင်းတွင် ၁၄ ရက် ထပ်မံကပ်ထားကြေညာမည်ဖြစ်သည်ဟု သိရသည်။

တစ်ချိန်တည်းတွင် အခြားမျက်နှာစာ၌ လက်ရှိအစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ်စကို လညျး ဆကျလကျဆောငျရှကျနသေညျကို တှေ့ရသညျ။ ၂၀၂၀ အထှထှေရှေေးကောကျပှဲ ပွညျ့ပွညျ့ဝဝ အောငျမွငျရေး အတှကျ နိုငျငံတညျငွိမျအေးခမြျးရေးကိစ်စကလည်း အရေးကြီးပေသည်။ သို့ဖြစ်၍ အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း (NCA-S EAO) ကိုယ်စား လှယ်များ၏ ဆဋ္ဌမ အကြိမ် အလုပ်အဖွဲ့ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၅ ရက်နေ့က ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၅ အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြသည်။ NCA-S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စဝ်စိုင်းငင်း၊ ညှိနှိုင်းရေးမှှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှဌေး၊ စောမြရာဇာလင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ်ကလူစေး၊ ကြာဆော်လမွန်၊ စောကျော် ညွန့်၊ နိုင်အောင်မငေး၊ ဒေါက်တာစိုင်းဦး နှင့် ခွန်မြင့်ထွန်းတို့ တက်ရောက်ကြကြောင်း သတင်းများအရသိရသည်။

အစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလ တွင် ကျန်းမာရေးဆိုင်ရာ အကန့်အသတ် များကြောင့် မျက်နှာစုံညီအစည်းအဝေး မတက်ရောက်နိုင်ကြသူများက Video Conferencing ဖြင့် ပါ၀င်ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)၌ ထည့်သွင်းသွားမည့် သဘောတူညီချက်များ ရယူနိုင်ရန်အတွက် နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့များ ဆွေးနွေးညှိနှိုင်းခဲ့သည်မှာ ယခုအကြိမ် အပါအဝင်(၆)ကြိမ် ရှိပြီဟု ဆို သည်။ သဘောတူညီချက် အတော်များများ ရရှိခဲ့ပြီးဖြစ်သည်ဟု သိရသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို သြဂုတ်လ ဒုတိယပတ်အတွင်း ကျင်းပရန် လျာထားချက်ကို မူအားဖြင့် ညှိနှိုင်း သဘောတူပြီး၊ ညီလာခံ တက်ရောက်မည့် နိုင်ငံရေးပါတီများကို ကြိုတင်လေ့လာနိုင်ရန် အချိန်ပေးသွားမည်ဟု ဆိုသည်။

ယခုကဲ့သို့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များ ညှိနှိုင်းဆွေးနွေးဆောင်ရွက်နေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း အစိုးရ အနေ ဖြင့် ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အကြိုပြင်ဆင်ရေးညှိနှိုင်းအစည်းအဝေး (၄) ကြိမ် ကျင်းပခဲ့သည့်အပြင် COVID-19 ကာလကြုံကြိုက်နေသဖြင့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက် ဖွယ်ရာရှိသည်များကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေသည်ဟု သိရသည်။ အစိုးရ၏ ညီလာခံ ကျင်းပရေးလုပ်ငန်း ကော်မတီများအနေဖြင့် EAO နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်၍ EAO များဘက်မှ ညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်များ၊ ဖွင့်ပွဲအခမ်းအနား တက်ရောက်မည့် ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ အစုအဖွဲ့မှ ညီလာခံတက်ရောက်မည့် ကိုယ်စားလှယ်များ၊ ဖွင့်ပွဲအခမ်းအနားတက်ရောက်မည့် ခေါင်းဆောင် များ၏ စာရင်းဇယားအားလုံး အစိုးရဘက်သို့ ပေးပို့ထားပြီး ဖြစ်သည်ဟု သိရသည်။

အစိုးရနှင့် EAO တို့အကြား နှစ်ဖက်သဘောထား လိုလားချက်များကို အကျေအလည် ဆွေးနွေးထားခဲ့ကြပြီး ဖြစ်၍ သက် ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် နှစ်ဖက်လက်ခံ နိုင်သည့် သဘောထားများ ရရှိထားပြီးဖြစ်မည်ဟု ယုံကြည်ကြောင်း၊ အစည်းအဝေး (၆) ကြိမ်တွင် ရရှိထားသည့် သဘောတူညီချက်များကို JICM တွင် တင်ပြ အတည်ပြုချက် ရယူသွားမည် ဖြစ်ကြောင်း၊ NRPC ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောကြားခဲ့သည်ဟု သတင်းများအရသိရသည်။ နှစ်ဖက်ညှိနှိုင်း ဆွေးနွေးရရှိသည့် သဘောတူညီချက်များကို လာမည့် (၂၁) ရာစုပင်လုံ ညီလာခံတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)အဖြစ် ပေါ်ထွက်လာမည် ဖြစ်၍ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုအတွက် အများပြည်သူ၏ မျှော်လင့်ချက်ဖြစ်သောကြောင့် အားလုံးဝမ်းသာကြလိမ့်မည်ဟု ယုံကြည်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

NCA-S EAO ၏ NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စဝ်စိုင်းငင်းက မတ်လ နောက်ပိုင်းမှစ၍ ယခုကဲ့သို့ နှစ်ဖက် ခေါင်းဆောင်များ စုံစုံညီညီ၊ မျက်နှာစုံညီ ပြန်လည်တွေ့ဆုံ ဆွေးနွေးခွင့်ရသည့် အတွက် ဝမ်းမြောက်မိကြောင်း၊ ယခု အစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာများကို ကျေကျေလည်လည် ညှိနှိုင်းဆွေးနွေးနိုင်သည့် အခင်းအကျင်းကို ဖန်တီးနိုင်ခဲ့သည်ဟု ဆိုသည်။ ပြီးခဲ့သည့် အစည်းအဝေး နှစ်ကြိမ်သည် online မှ ဆွေးနွေးရသည့်အတွက် ဆွေးနွေးရာတွင် အကန့် အသတ် အခက်အခဲအနည်းငယ် ရှိခဲ့သည်ဟု ဆိုသည်။

ဇူလိုင် ၂၇ ရက်အထိ ကျင်းပရန်ရှိသည့် အလုပ်အဖွဲ့ညှိနှိုင်းအစည်းအဝေးတွင် (၈) ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးအတွက် နှစ်ဖက်အဆိုပြုချက်များတွင် ပါဝင်သည့် NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီ ချက်ကိစ္စ၊ ၂၀၂ဝ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများကိစ္စ၊ လမ်းညွှန်အခြေခံမူ သဘောတူညီချက်များကိစ္စ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးနှင့် ညီလာခံမတိုင်မီ ကျင်းပမည့် ဆက်စပ်အစည်းအဝေးများ၏ အချိန်ဇယား သဘောတူညီချက်ရယူခြင်းကိစ္စတို့ကို ဆွေးနွေးညှိနှိုင်းကြမည် ဖြစ်သည်ဟု ယေဘုယျ သိရသည်။ နှစ်ဖက် ဆွေးနွေး ညှိနှိုင်းချက်များအား သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ပြန်လည်ဆွေးနွေးသုံးသပ်၍ ဇူလိုင် ၂၇ ရက်တွင် အစည်းအဝေး ပြန်လည်ကျင်းပကာ သဘောတူညီချက်များ ရယူသွားမည်ဟု ဆိုသည်။

လက်ရှိ နိုင်ငံရေး အခြေအနေသည် ငြိမ်းချမ်းရေးကို အထူးအလေးထား ဆောင်ရွက်နေကြသော်လည်း ဘက်အသီးသီး ၌ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု ပျက်ပြားနေ၍ မတည်မငြိမ် ဖြစ်နေသည်။ လတ်တလော ရခိုင်ပြည်နယ် ပဋိပက္ခသည် တည်ငြိမ်မှုကို အထူး ခြိမ်းခြောက်နေသည်။ ရခိုင်ပြည်နယ် ၈ မြို့နယ်နှင့် ချင်းပြည်နယ်ပလက်ဝမြို့တို့တွင် အင်တာနက် ဖြတ်တောက်ထားခြင်းနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့ အစည်းများက ကန့်ကွက်လျှက်ရှိသည်။ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေး ၀န်ကြီး ဦးဝင်းမြင့် က အင်တာနက် ဖြတ်တောက်ခြင်း နှင့် ပတ်သက်၍ ပြည်နယ် အစိုးရအနေဖြင့် ဝင်ရောက်ပြောပိုင်ခွင့် မရှိဟု ဆိုသည်။ ရခိုင်နှင့်ချင်းပြည်နယ်များအတွင်း တိုက်ပွဲဖြစ်ပွားရာဒေသများ၌ အင်တာနက်ဖြတ်တောက်ခံရပြီးနောက် လူ့အခွင့်အရေး ချိုးဖေါက်မှုများ တိုးလာနေသောကြောင့် ပြန်လည်ဖွင့်ပေးရန် ရခိုင်လူမှုအဖွဲ့အစည်းများကလည်း တောင်းဆိုနေကြောင်း သိရသည်။

ဤအတောအတွင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်က ဆရာကြီး ကွယ်လွန်ခြင်း ၅၆ နှစ်မြောက် အထိမ်းအမှတ် ဇူလိုင် ၂၃ ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်၌ တိုက်ပွဲဖြစ်ပွား နေသော တိုင်းရင်းသားဒေသများ၌ ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲကာလများတွင် လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် ရရှိရေး ဆောင်ရွက်ပေးရန်၊ ရခိုင်ဒေသတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့သည်ဟု စံတော်ချိန်သတင်းစာ၌ ဖေါ်ပြသည်။ ထို့ပြင် ရခိုင် ပြည်နယ် စစ်ဘေးရှောင်စခန်းများနှင့် တိုက်ပွဲဒေသမှ ကျေးရွာများသို့ လူမှုကူညီရေးအဖွဲ့များက ထောက်ပံ့သော ရိက္ခာ၊ ဆေးဝါး၊လူသုံးကုန်ပစ္စည်းများ လွတ်လပ်စွာ ကူညီခွင့်ပြုရန်လည်း တောင်းဆိုထားသည်။ တိုင်းရင်းသားဒေသများတွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ လွတ်လပ်စွာ သတင်းရယူခွင့် ပြုရန်၊ တိုင်းရင်းသားဒေသများရှိ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အရပ်သားများအား ပစ်မှတ် ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တောင်သူလယ်သမားများ၏ သိမ်းဆည်းခံလယ်ယာမြေများကိစ္စ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုများကို အကြမ်းဖက် နှိမ်နှင်းခြင်း တရားစွဲဆိုထောင်ချခြင်းများ မပြုလုပ်ရန်နှင့် သီးနှံထွက်ကုန်များ အတွက် အစိုးရက အာမခံချက်ရှိသော ဈေးကွက်ဖန်တီးပေးရန် စသဖြင့်လည်း ကြေညာချက်၌ ပါရှိသည်။

မျက်မှောက် အခြေအနေအရပ်ရပ်ကို ပေါင်းရုံးသုံးသပ်ရလျှင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ် မဲဆန္ဒ နယ်အားလုံးအပါအဝင် ကျင်းပနိုင်ရန် အစိုးရနှင့် တပ်မတော်အနေဖြင့် ရက္ခိုင့်တပ်တော် AA နှင့် ညှိနှိုင်းဆွေးနွေးရန်သင့် သည်ဟု ဝေဖန်ပြောဆိုမှုများ ရှိသည်။ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် တစ်နယ်မျှ မကျန်ရစ်စေဘဲ ဆန္ဒမဲပေးနိုင်ရန် ‘အစိုးရ’၊ ‘တပ်မတော်’ နှင့် ‘တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း’ (EAO) အားလုံး စိတ်သဘောထားကြီးကြီးထား၍ ပူးပေါင်းဆောင်ရွက်မှသာ ပြည်သူအားလုံး ပါဝင်ခွင့်ရှိသော ဒီမိုကရေစီ ရွေးကောက်ပွဲများ ကျင်းပနိုင်ပေမည်။ နိုင်ငံရေး ခေါင်းဆောင်အားလုံး စိတ်ရှည်မှု အမြင်ကျယ်မှုနှင့် ဒီမိုကရေစီလိုလားမှု အခြေခံဖြင့် မတူကွဲပြားသည့် အမြင်များကို ဆွေးနွေးညှိနှိုင်းရေးနည်းဖြင့် လက်တွဲဆောင်ရွက်မှသာ တစ်နိုင်ငံလုံး အပစ်ရပ်နိုင်မည်။ နိုဝင်ဘာ (၈) အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံးရှိ မဲဆန္ဒရှင်များ စိုးရိမ်မှုကင်းစွာ ဆန္ဒမဲပေးနိုင်ကြလိမ့်မည်ဟု သုံးသပ်မိသည်။။။

(ဇူလိုင် ၃၀ ကြာသပတေးနေ့ထုတ် 'ဒီလှိုင်းစာစောင်' အတွဲ ၉၊ အမှတ် ၂၃၊ ၌ ဖေါ်ပြသည့် ဆောင်းပါး။)