Breaking News

မောင်လူပေ - တရုတ်ပြည် ထိပ်တန်းတက္ကသိုလ်တစ်ခုရဲ့ ဥပဒေပါမောက္ခကြီးအစိုးရကိုဝေဖန်မှုကြောင့် အဖမ်းခံရ



မောင်လူပေ - တရုတ်ပြည် ထိပ်တန်းတက္ကသိုလ်တစ်ခုရဲ့ ဥပဒေပါမောက္ခကြီးအစိုးရကိုဝေဖန်မှုကြောင့် အဖမ်းခံရ

(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၀  

ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်လာသည်အထိ ကူးစက်မှုအတွက် တရုတ်သမ္မတကြီးစီကျင်းပင်ကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး သမ္မတသည် အာဏာကို အလွန်အကျွံသုံးနေသူဟု အွန်လိုင်းအက်ဆေးတစ်ပုဒ်ရေးခဲ့သူ တရုတ်ပြည်၏ ထိပ်တန်းဥပဒေကျောင်းဖြစ်သည့် Tsinghua University ဥပဒေပါမောက္ခကြီး Xu Zhangrun ကို တရုတ်ရဲများက ပီကင်းမြို့တွင် ဖမ်းဆီးခဲ့သည်။

"အကြောက်တရားကနေ ဒေါသအဖြစ် ပြောင်းလဲလာတာ မြင်နေရတဲ့သတိပေးချက်" လို့ အမည်ရတဲ့ အွန်လိုင်းဆောင်းပါးတစ်ပုဒ်ကို ရေးသားရာမှာအစိုးရရဲ့ လိမ်ညာခြင်းအလေ့အကျင့်၊ သမ္မတရဲ့ ဆင်ဆာတင်းကျပ်မှုများကြောင့် ကိုရိုနာဗိုင်းရပ်ဟာ ကမ္ဘာကိုမပျံ့သွားမှီမှာ တရုတ်ပြည်တဝှမ်းကို ကူးစက်သွားခြင်းကြောင်း ရေးသားခဲ့တယ်။

'ဒီအဖြစ်ဆိုးရဲ့အဓိကတရားခံကတော့ လိမ်ညာခြင်းရဲ့ ပင်မဝင်ရိုးကြီး (သမ္မတစီကိုဆိုလိုသည်။) နဲ့ သူ့ဘေးက ဝန်းရံနေတဲ့ ကြိုးများ ( သမ္မတ၏ အပေါင်းအသင်းများ) ဖြစ်ကြတယ်။ အစိုးရရဲ့ အဆင့်တိုင်းမှာ လိမ်ညာမှုဟာ အမြစ်တွယ်နေပြီး အမှန်အတိုင်းရေးသားဖော်ပြတဲ့ အစီရင်ခံမှုမှန်သမျှ တားမြစ်ခံရတယ်' လို့ ရေးသားခဲ့တယ်။

မေလတုန်းကလည်း 'သမ္မတစီကျင်းပင်ဟာ မော်စီတုန်းလုပ်ခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်းရေးကို တရုတ်ပြည်မှာ ပြန်လည်ဖေါ်ဆောင်နေတယ်'လို့ ရေးသားခဲ့တယ်။

ဖေဖေါ်ဝါရီလမှာလည်း 'တရုတ်ပြည်ကို တစ်ယောက်ထဲကသာ ဦးဆောင်နေတာဖြစ်ပြီး အဲဒီသူဟာ အမှောင်ကမ္ဘာကလူသား၊ အာဏာကိုအလွန်အမင်းသုံးစွဲနေသူ၊အုပ်ချုပ်ရေးနည်းလမ်းမရှိ၊ သူကျွမ်းကျင်တဲ့ အာဏာကိုကစားနေတဲ့အတွက်တိုင်းပြည်မှာ ဒုက္ခခံစားနေရတာပဲ လို့ ရေးသားခဲ့တယ်။

'တရုတ်ပြည်ရဲ့စီးပွားရေးဟာ ဆက်လက်နှေးကွေးနေမှာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ အစိုးရအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုတွေ လျှော့ပါးလာပြီး နိုင်ငံရေး၊ပညာရေး၊ လူမှုစီးပွား ဂဏ္ဍအားလုံး မငြိမ်သက်မှုတွေဖြစ်လာမယ်။' လို့လည်း နမိတ်ဖတ်ခဲ့တယ်။

သမ္မတစီကျင်းပင်ရဲ့ သမ္မတသက်တမ်းကို ထာဝရအဖြစ်တိုးဖို့ စီမံခဲ့တဲ့ စီမံကိန်းကို၂၀၁၈ မှာ ဆန့်ကျင်စာတန်းရေးခဲ့တဲ့အတွက် စာသင်ကြားမှုကနေ တားမြစ်ခံခဲ့ရသူပါမောက္ခကြီးဟာ အသက်(၅၇)နှစ်ရှိပြီ။ သမ္မတစီကျင်းပင် အာဏာရပြီးနောက်တက္ကသိုလ်တွေမှာ အာဏာရကွန်မြူနစ်ပါတီကို ဝေဖန်ဆွေးနွေးခွင့်ကို ကန့်သတ်ပိတ်ပင်ထားပြီး စောင့်ကြည့်တင်းကျပ်မှုတွေ တိုးချဲ့လုပ်ဆောင်လာတာကို ဆန့်ကျင်တဲ့ဥပဒေပါမောက္ခကြီးဟာ အင်္ကျီထုတ်ကို ဧည့်ခန်းထဲမှာထားပြီး လာဖမ်းမဲ့အချိန်ကိုထိုင်စောင့်နေခဲ့တယ်လို့လည်း သိရတယ်။

သူသင်ကြားခဲ့တဲ့ ဥပဒေတက္ကသိုလ်ဟာ သမ္မတစီကျင်းပင်အပါအဝင် ပါတီရဲ့ဗျူရိုကရက်အရာရှိတွေများစွာ တက်ရောက်သင်ကြားကြတဲ့ နာမည်ကြီးဥပဒေကျောင်းတစ်ခုဖြစ်ပါတယ်။ ရာဇဝတ်မှုဆိုင်ရာဥပဒေနဲ့ တရုတ်ဥပဒေများ သုံးသတ်ခြင်းကို အထူးပြုလေ့လာနေတဲ့ပါမောက္ခကြီးကို အရင်က ဂရုမပြုမိကြပေမဲ့၂၀၁၈မှာ တရုတ်သမ္မတသက်တမ်းကို ထာဝရအဖြစ်ပြောင်းလဲဖို့ ပြင်ဆင်ကြချိန်မှာကန့်ကွက်သူအဖြစ် တရုတ်အစိုးရရဲ့ စောင့်ကြည့်စာရင်းမှာ အသွင်းခံရသူ ဖြစ်လာခဲ့တယ်။ ' သမ္မတသက်တမ်းကို အကန့်အသတ်မရှိပြောင်းလည်းမှုကြောင့် ပါတီထဲကထိပ်တန်းဗျူရိုကရေစီသမားတွေအပါအဝင် နိုင်ငံတစ်ခုလုံးရဲ့ရင်ထဲမှာ တိုင်းပြည်ရဲ့လမ်းစဉ်တစ်ခုလုံး မရေရာမသေချာမှုတွေ ဖြစ်လာစေပြီး သူတို့တွေရဲ့ကိုယ်ရေးကိုယ်တာလုံခြုံမှုကိုပါ ထိပါးစေမှာဖြစ်တယ်။' လို့ သူက ရေးသားတင်ပြခဲ့တယ်။

ပြီးခဲ့တဲ့အပတ်မှာ အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းပြီး ဟောင်ကောင်က အစိုးရဆန့်ကျင်သူတွေကို ဖမ်းဆီးခဲ့တဲ့တရုတ်အစိုးရဟာ ပြည်တွင်းမှာ ရှိတဲ့ အစိုးရကိုဝေဖန်သူတွေကိုလည်း နှုတ်ပိတ်သွားအောင် ဆက်လက်ဖမ်းဆီးနေဆဲဖြစ်တယ်။အမျိုးသားလုံခြုံရေးဥပဒေ (မြန်မာပြည်မှာ ရှိခဲ့ဖူးတဲ့ ၅(ည)နဲ့ ခပ်ဆင်ဆင်) နဲ့တရားစွဲဆိုခံရရင် ထောင်ဒါဏ်နှစ်ရှည်ကျခံရမှာဖြစ်တယ်။

'ဒီလိုရေးရင် ဒီလိုဖြစ်မယ်ဆိုတာ သိပြီးသားပါ။ အမှန်ကို ပြောရဲသူ ဥပဒေပညာရှင်အဖြစ်နဲ့ပဲ နေထိုင်သွားချင်လို့ ပြောခဲ့ရေးခဲ့တယ်။ အခုလိုရေးတာဟာ နောက်ဆုံးရေးတာလည်း ဖြစ်နိုင်တယ်။' လို့ပါ သူက ရေးသားခဲ့ပါတယ်။

( သူ့အကြောင်းဖတ်ပြီး မြန်မာပြည်မှာ စစ်အစိုးရကို တစ်ကိုယ်တော် ဆန့်ကျင်ဆန္ဒပြမှုနဲ့ အဖမ်းခံရတဲ့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခကြီး ဆရာဆလိုင်းထွန်းသန်းတို့၊ ဦးအုန်းသန်း တို့ကိုပါ သတိရမိပါတယ်။ ယုံကြည်ချက်ကို ထုတ်ဖေါ်မှုကြောင့် အကျဉ်းကျခံရသူများ အမြန်ဆုံး လွတ်မြောက်ပါစေ။ အာဏာရှင်စနစ် ကျဆုံးပါစေ။)

ချစ်တဲ့
မောင်လူပေ