Breaking News

ကိုအောင်မှိုင်း - ဗိုလ်မင်းအောင်လှိုင် မြန်မာ့အရေးနဲ့ကျနော့်အတွေး - ၁


ကိုအောင်မှိုင်း - ဗိုလ်မင်းအောင်လှိုင် မြန်မာ့အရေးနဲ့ကျနော့်အတွေး - ၁

(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၀

ပထမအချက်

တပ်မတော်တွင်း နှစ်လေးဆယ်ကျော် စစ်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံများစွာ ရှိကြောင်းနဲ့ ပြည်သူ့ ဆန္ဒ ပေါ်မူတည်ပြီး နိုင်ငံရေးကို ဆက်လုပ်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ရုရှားအခြေစိုက်သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ပြောကြားလိုက်ပါတယ်။

ဇွန် ၂၅ ရက်က ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှအခြေစိုက် Arguments and Facts သတင်းဌာန နဲ့တွေ့ဆုံ မေးမြန်းခန်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

"အရေးကြီးတာကတော့ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ နံပါတ် ၁ အရေးအကြီးဆုံးပါ။ ဒါကို ကျွန်တော်တို့က အောင်မြင်အောင် လုပ်ပေးပါ့မယ်။ ရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာတဲ့အချိန်ကျမှ သက် ဆိုင်ရာရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ ပါတီတွေရှိတယ်။ နောက်အဖွဲ့အစည်းတွေရှိတယ်။ အဲဒီမှာ အမျိုးမျိုးဆန္ဒ ပြုခဲ့ကြတယ်။ ပြည်သူတွေရဲ့ဆန္ဒရှိတယ်။ ဒီအပေါ်မူတည်ပြီး ကျွန်တော်ကလည်း ဆက်လုပ်သွားမယ်" လို့ ပြောခဲ့ တာဖြစ်ပါတယ်။

ပထမအချက်အပေါ်သုံးသပ်ခြင်း

၁။ ရွေးကောက်ပွဲမှာ NLD ကတော့ အရင်လို သောင်ပြိုကမ်းပြိုနိုင်ခြေမရှိဘူးဆိုတဲ့ အမြင်အပေါ်ရယ် ၊ ကနေ့စစ်လော် ဘီတွေ လော်နေကြသလို တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားတွေ နိုင်ခြေရှိနေတယ်ဆိုတဲ့ အပေါ်တွက်ချက်တာလို့ ကျနော် တော့ထင်တယ်။ စစ်ခွဲတမ်း ၁၁၀ရယ် ဖွတ်အမတ်တွေရယ် တိုင်းရင်းသားပါတီအချိူ့ကို ငွေပေးတာ ဖြစ်ဖြစ် တခုခုနဲ့ ဆွဲ စားလိုက်ပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့မယ်ဆိုတဲ့ အမြင်ဖြစ်ပါတယ်။ ချာပါတီ ၃၀ ကိုတော့ လူရာသွင်းပြီး ထည့်စဉ်းစားပုံ မရပါ ဘူး။ ဒီအမြင်က ကနေ့စစ်လော်ဘီသေးသေးလေးကစပြီး ကြီးကြီးတွေအထိ စစ်မီဒီယာတွေမှာ အလူးအလဲလုပ်နေတဲ့ ဝါဒဖြန့်မှု (propaganda) တွေပါ။

ကျနော်အမြင်ကတော့ ဒီအမြင်ဟာ အတော်အောက်တန်းကျသလို တိုင်းရင်းသားတွေကို အတော်အထင်သေးတာလို့ ကျနော်ထင်တယ်။ သူတို့ယူဆသလို တိုင်းရင်းသားတွေက သူတို့နဲ့သာ အပေးအယူလုပ်လို့ကတော့ အဲဒီတိုင်းရင်းသား ပါတီတွေကို တိုင်းရင်းသားတွေက ကြေးစားတွေအဖြစ် ပစ်ပစ်ခါခါ စွန့်ပစ်ကြမှာသေချာပါတယ်။

၂။ ဗိုလ်မင်းအောင်ပြောတဲ့ ပြည်သူ့ဆန္ဒဆိုတာဘာလဲ ဆိုတာတော့ အခိုင်အမာအဓိပ္ပါယ်ဖွင့်ဆိုဘို့ လိုမှာပါ။ ပြည်သူ့ ဆန္ဒကို အခိုင်အမာသိချင်လို့ကတော့ ဆန္ဒခံယူပွဲလုပ်ကြည့်ရင် သေချာပြီးစစ်မှန်တဲ့အဖြေကို လူထုကပေးမှာဖြစ် ပါတယ်။

၃။ လူထုဆန္ဒခံယူပွဲဆိုတာ နဲနဲဝေးပါတယ်။ ဖြစ်နိုင်ရင် တပ်မတော်ထဲက အရာရှိ အရာခံ အကြပ် တပ်သားတွေ ကိုဘဲ လွတ်လပ်တဲ့ ဆန္ဒခံယူပွဲလုပ်ကြည့်စေချင်ပါတယ်။ ဗိုလ်မင်းအောင်လှိုင် ဘယ်လောက်ချမ်းသာတယ်ဆိုတာ သိတဲ့ ဘယ် တပ်မတော်သားကမှ ထောက်ခံမှာမဟုတ်တာ သေချာပါတယ်။

၄။ ရခိုင်တိုက်ပွဲမှာ ကျဆုံးသွားကြတဲ့ တပ်မတော်က အရာရှိအရာခံ အကြပ်တပ်သားတွေရဲ့ မိသားစုတွေက ဒီစစ်ပွဲ တွေကို နိုင်ငံရေးနည်းအရ ရှောင်လွဲနိုင်ရဲ့သားနဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့ နိုင်လိုမင်းထက်စိတ်ဓါတ်ကြောင့် ဖြစ်ပွါး ခဲ့ရတာဖြစ်ပြီး အခုလို သေကြေအနာတရဖြစ်ခဲ့ရတဲ့ အခြေအနေမှန်ကိုသာ သိမယ်ဆိုရင် ဘယ်လောက်ခံပြင်း ဒေါသ ထွက်ကြမလဲ။

ဒုတိယအချက်

"ကျွန်တော်က တပ်မတော်ထဲမှာ နှစ်ပေါင်း ၄ဝ ကျော် အတွေ့ အကြုံတွေ၊ အရာရှိငယ်ဒုဗိုလ်ဘဝက နေပြီးတော့ တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးရာထူးအထိ အဆင့်ပေါင်း များစွာ ခြေလျင်တပ်စုမှူးကစပြီး တော့ ကျွန်တော် Commander အဆင့်ဆင့် ကျွန်တော် လုပ်ခဲ့တယ်။ စစ်ရေး အတွေ့အကြုံ ကျွန်တော့်မှာရှိ တယ်။ နောက်ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးအတွေ့ အကြုံ၊ စောစောကပြောတဲ့ခေတ်တွေ ကျွန်တော်မီတယ်။ ကျွန်တော်မြင်တယ်။ မြန်မာ့ဆိုရှယ်လစ် လမ်း စဉ်ပါတီအထိ ကျွန်တော်မီတယ်။ တပ်မတော်အစိုးရနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခေတ်သုံး ခေတ်ကို ကျွန်တော် တပ်မတော်သားဘဝနဲ့ ဖြတ်သန်းလာတာ"လို့ တပ်ချုပ်ကပြောပါတယ်။

"နောက် အုပ်ချုပ်ရေးအတွေ့ အကြုံ ကျွန်တော့်မှာ အများကြီးရှိတယ်။ တိုင်းမှူးလုပ်ခဲ့တာရှိတယ်။ နောက်ပြည်နယ် ဥက္ကဋ္ဌ လုပ်ခဲ့တာ ရှိတယ်။ ဒီအတွေ့အကြုံတွေက တပ်မတော် အတွက် ကော၊ တိုင်းပြည် အတွက်ကော၊ ပြည်သူ့အတွက်ကော၊ ဘယ်လိုပဲဖြစ်ဖြစ် အထောက်အကူရမယ့် ဟာလို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်က တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ ကျော်ကာလအတွင်းမှာ တိုင်းပြည်အတွက်၊ပြည်သူအတွ က်လုပ်ခဲ့တာ၊ကျွန်တော်ဆက်ပြီးတော့ ဒီလိုပဲသွား မှာပါ" လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒုတိယအချက်အပေါ်သုံးသပ်ချက်

ဗမာ့တပ်မတော်ထဲက ဗိုလ်ချူပ်အတော်များများကတော့ ဗိုလ်မင်းအောင်လှိုင်ဖြတ်ခဲ့သလိုဖြတ်ခဲ့ကြတာချည်းပါဘဲ။ သိပ်ထူးခြားလှတဲ့ ဖြတ်သန်းမှုအတွေ့အကြုံလို့ ပြောနိုင်မယ်မထင်ပါဘူး။ ဗိုလ်မင်းအောင်လှိုင်ထက် သူရသတ္တိ အရ အတွေ့အကြုံအရရော စီနီယာတွေအများအပြား ရှိခဲ့တာပါ။ ထူးခြားတခုကတော့ ကာချူပ်ရာထူးအတွက် စီနီယာတွေ ကိုကျော်ပြီးရခဲ့တာပါ။ တပ်မတော်မှာ အစဉ်အလာကို ဦးထိတ်ထားတယ်လို့ စစ်လော်ဘီတယောက်က ပြောတာ ကြားရတော့ အတော်ကိုရီစရာကောင်းတဲ့ ပျက်လုံးတခုလို့ဘဲ ကျနော်တော့ထင်ပါတယ်။အစဉ်အလာအရဆို ဗိုလ်ချူပ် ကြီး သူရရွေမန်းတို့ အခုဒုသမ္မတလုပ်နေတဲ့ ဗိုလ်ချူပ်ကြီးမြင့်ဆွေတို့ဆိုတာ စီနီယာတွေပါ။ ပြောရရင် ဒီလူတွေကို ဗိုလ် သန်း ရွှေလုံးဝမယုံလို့ ကာချူပ်မပေးခဲ့တာလို့ ကျနော်တော့ရှင်းရှင်းလင်းလင်းမြင် ပါတယ်။ သူတို့နဲ့ခေတ်ပြိုင်တွေကို ကျော်ပြီး ဗိုလ်မင်းအောင်လှိုင်ကို ပေးခဲ့တာကတော့ ဗေဒင်ကိန်းခမ်းအရလား အဖား ကောင်းလို့လား တခုခုလို့ဘဲပြောရမှာပါ။ဒီလူ တွေအားလုံးမှာ အရည်အချင်းအရပြောရရင် ဗိုလ်မင်းအောင်လှိုင် ထက်နိမ့်တဲ့လူတယောက်မှ မပါတာသေချာပါတယ်။

သူရဦးရွှေမန်းကတော့ အနာဆုံးလို့ပြောရမယ်ထင်ပါတယ်။ ကာချူပ်လဲမဖြစ်၊ သမ္မတလဲမဖြစ်၊ ဒီကြားထဲ ဖွတ်ဥက္ကဌရာထူး လေးတောင် အာဏာသိမ်း ခံလိုက်ရသေးတယ်ဆိုတော့ စစ်တပ်မှာ ရာထူးပေးတယ်ဆိုတာ စစ်အာဏာရှင်အလိုကျကိစ္စ တွေသာ ဖြစ်တယ်လို့ပြောပါရစေ။ ဗိုလ်မင်းအောင်လှိုင် ကနေ့ပြောနေတဲ့ အတွေ့အကြုံတွေဆိုတာက ဘာညာသရကာ အာပလာတွေလို့ဘဲ ခေတ်စကားနဲ့ ပြောရတော့မယ် ထင်ပါတယ်။ အရင်ကာချူပ်တွေဖြစ်တဲ့ ဗိုလ်ချူပ်ကြီးနေဝင်းတို့ ဗိုလ် ချူပ်မှုးကြီးသန်းရွှေတို့ဆိုတာ ဗိုလ်မင်းအောင်လှိုင်ထက် အရည်အချင်းရော အတွေ့အကြုံအရရော များစွာသာ ကြတာပါ။ ခက်တာက စစ်တပ်ကြိးဆိုးမှု အနှစ်၆၀ ကျော်ကြာပြီးတဲ့အခါ တိုင်းပြည်ကိုပြန်ကြည့်ရင် တောတွေလဲ ပြောင်သလင်းခါ၊ တောင်တွေလဲ အဝိဇိလောက်ကို နက်ကုန်ကြပါပြီ။ လူထုအုပ်ချူပ်ရေးဆိုတာ “ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာဘဲလို ချင်တယ်” ဆိုတဲ့ အသိလောက်နဲ့မဖြစ်ပါဘူး။ တလက်ကိုင်စစ်တပ်ကို အုပ်ချူပ်ရတာ တပ်တွင်း ဒီမိုကရေစီမဖွင့်ဖြိုးတဲ့ စစ်တပ်ကို အုပ်ချူပ်ရတာ သိတ်မခက်ခဲဘူးလို့ ထင်ပါတယ်။ ဖြုတ်တယ် ထုတ်တယ် ထောင်ထဲ ထည့်တယ်။ ဘာခံနိုင်ကြတော့ မှာလဲ။ အကြောက်တရားနဲ့ ဓါးမိုးအုပ်ချူပ်နေတာမဟုတ်ပါလား။

အတွေ့အကြုံဆိုတဲ့နေရာမှာ လူထုကိုစောင့်ရှောက်တဲ့ လူထုကိုအကူအညီပေးတဲ့ အတွေ့အကြုံမျိူးကိုသာ ပြည်သူ လူထုက လိုချင်ကြတာပါ။ လူထုကို ဒုက္ခပေးတဲ့ လူထုကိုနှိပ်စက်တဲ့ အတွေ့အကြုံမျိူး ပိုင်ဆိုင်သူကိုတော့ ပြည်သူလူထု အနေနဲ့ ရွံ့မုန်းမှာ အမှန်ပါ။ ကနေ့ ဗိုလ်မင်းအောင်လှိုင်ရဲ့အတွေ့အကြုံဆိုတာ ဘာလိုအတွေ့အကြုံလဲဆိုတာတော့ ပြည်သူလူထုက ကောင်းကောင်းကြီး ဆုံးဖြတ်နိုင်ကြမယ်ထင်ပါတယ်။ လူထုအကျိူးစီးပွါးကို ကန့်လန့်တိုက်နေသူကို တော့ မြန်မာနိုင်ငံအရေးမှာ နေရာပေးဘို့ အတော်ဝန်လေးနေကြောင်းပါ ခင်ဗျား။

အပိုင်း(၂)ကိုဆက်လက်ဖေါ်ပြပါမည်။

ကိုအောင်မှိုင်း
(ဇူလိုင် ၅ ရက် ၂၀၂၀ခုနှစ်)