Breaking News

မောင်လူပေ - ကိုရိုနာ ၀၂/၀၇/၂၀



မောင်လူပေ - ကိုရိုနာ ၀၂/၀၇/၂၀

(မိုးမခ) ဇူလိုင် ၃၊ ၂၀၂၀

တစ်ရက်အတွင်းမှာ ကမ္ဘာပေါ်ရှိ လူနှစ်သိန်းတွင် ရောဂါကူးစက်မှုများ တွေ့ရှိခဲ့ရသည်။ လေးပုံတစ်ပုံခန့်မှာ အမေရိကန်ပြည်ထောင်စုတွင် ဖြစ်၏။

အမေရိကန်ပြည်ထောင်စုတွင် စံချိန်တင်ကာ တစ်ရက်အတွင်း လူငါးသောင်းအထိ ကူးစက်သူတွေ့ရှိခဲ့သည်။ ကယ်လီဖိုးနီးယား၊ တက္ကဆတ်၊ အာရီဇိုးနား၊ ဂျော်ဂျီယာစသော ပြည်နယ်များတွင်လည်း ကူးစက်မှု စံချိန်တင်ပြန်သည်။ ဂျူလိုင်လေးရက်နေ့တွင်ကြရောက်မည့် လွတ်လပ်ရေးနေ့ပိတ်ရက်များတွင် ခရိုင်အလိုက် ကမ်းခြေများပိတ်ခြင်း၊ မီးရှူးမီးပန်းပွဲများဖျက်ခြင်း တို့ လုပ်ဆောင်နေသလို ပြည်သူများကို အိမ်မှာသာနေကြပါရန် တိုက်တွန်းနေသည်။

အမေရိကန်ပြည်ထောင်စု၏ အလုပ်လက်မဲ့နှုန်းသည် ၁၁% အထိ ပြန်တက်လာခဲ့သည်။ အလုပ်သမားများ အလုပ်ပြန်ဆင်းရာမှာ လိုက်နာရန်စည်းကမ်းများ ပျက်ကွက်မှုကြောင့် အသားထုတ်စက်ရုံများအပါအဝင် အချို့ဂဏ္ဍများတွင် ရောဂါကူးစက်မှု မြင့်တက်လျှက်ရှိသည်။

အမေရိကန်ပြည်ထောင်စု၏ ရောဂါကာကွယ်ဆေးထုတ်လုပ်နေမှုသည် လမ်းကြောင်းပေါ်တွင် အဆင်ပြေလျှက်ရှိသဖြင့် ယခုနှစ်ကုန် သို့မဟုတ် နောက်နှစ်ဆန်းတွင် ကာကွယ်ဆေးပေါ်လာမည်ဟု FDA ကပြောသည်။ ကာကွယ်ဆေးထုတ်လုပ်ရန်အတွက် ကုမ္ပဏီလေးခုအား လူသားများနှင့် စမ်းသပ်ရန် ခွင့်ပြုထားသည်ဟုလည်း သိရသည်။

မြန်မာ့အိမ်နီးချင်းများဖြစ်သည့် အိန္ဒိယနိုင်ငံ၌ ရောဂါကူးစက်သူ ခြောက်သိန်းအထိ တွေ့ရှိထားသလို တစ်သောင်းရှစ်ထောင်နီးပါးသေဆုံးခဲ့သည်။ ဘင်္ဂလားဒေ့ချ်တွင်လည်း ကူးစက်သူ တစ်သိန်းခွဲကျော်တွေ့ရှိခဲ့ကာ နှစ်ထောင်နီးပါး သေဆုံးခဲ့သည်။

ပါရှန်းပင်လယ်ကွေ့အပါအဝင် အရှေ့အလယ်ပိုင်းဒေသကြီးသည် ရောဂါကူးစက်မှုတွင် အလွန်အခြေအနေဆိုးသော နေရာဒေသ ဖြစ်လာကြောင်း WHO အဖွဲ့ကြီးက သတိပေးသည်။ ကူးစက်မှုနှုန်းသည် ကြောက်ခမန်းလိလိ မြင့်တက်နေသည်။ ဆော်ဒီအာရေဗျသည် ကူးစက်မှုအများဆုံးနိုင်ငံစာရင်းတွင် အဆင့်(၁၄)သို့ ရောက်ရှိလာခဲ့သည်။ အီရန်က အဆင့်(၁၀)တွင် ရပ်တည်နေသည်။

မြန်မာပြည်တွင် ပြည်ပကူးစက်တစ်ဦးတိုးသဖြင့် (၃၀၄)ဦး ကူးစက်ခံရသည်။ ပြည်တွင်းကူးစက်မရှိပါ။